ရာစုနှစ်၏ ၅ ချိုး ၁ ချိုး ကြာမြင့်ချိန်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရွေးကောက်ပွဲသည် ကမ်းလင့် ကြိုနေသည်။ မျိုးဆက်တခု အကွာအဝေးအတွင်း စမ်းတဝါးဝါးနှင့် မျက်မမြင်ပုဏ္ဍား ၆ ယောက်ကဲ့သို့ ထင်တလုံးနှင့် လျှောက်လှမ်းနိုင်ဖို့ မသင့်တော်သော အခြေအနေတွင် နိုင်ငံရေးစာပေအချို့ မြန်မာ့စာဖတ်ပရိသတ်အတွင်း တစတစ ရောက်ရှိလာသည်။ ယခုစာအုပ်သည် လိုအပ်ချက်တခုကို ဝင်ဖြည့်သော အသိပညာရပ်ဆိုင်ရာ လေ့လာသင့်သော စာအုပ်ကောင်းတအုပ် ဖြစ်မည်ထင်သည်။

နေဇင်လတ် ရွေးကောက်ပွဲများနှင့် နိုင်ငံရေးအသိအမြင်
ထုတ်ဝေမှု ပထမအကြိမ်
အရေအတွက် အုပ်ရေ ၅ဝဝ
တန်ဖိုး ၂၅ဝဝ ကျပ်
ထုတ်ဝေသူ စိတ်ကူးချိုချို စာအုပ်တိုက် (၂ဝ၁ဝ ဇူလိုင်လ)
အခြေအနေတရပ် ဖန်တီး
ဖြစ်နိုင်ခြေရှိသည်များကို ရှာဖွေခြင်းသည် Dialogue ဟူသော ခေါင်းစဉ်ဖြင့် အကျုံးဝင်၏။ ဖြစ်နိုင်သည်တို့ကို ရှာဖွေခြင်းဖြစ်၍ အတိတ်ကို မေ့ထားရသည်။ ရာထူးဋ္ဌာသန္တရတို့ကို ထားခဲ့ရသည်။ နှစ်ဖက်တွင် ဘုံတူညီသော ရည်ရွယ်ချက်တို့ ရှိကြရသည်။ ဤသည်မှာ သာမန် အခြေအနေဖြစ်သည်။ နှစ် ၂ဝ ကျော် ကြာခဲ့သော မြန်မာ့နိုင်ငံရေးသည် ဤမျှလောက် လွယ်ကူမည်မဟုတ်၊ Dialogue တွင် Agenda မရှိရသော်လည်း တဖက်နှင့်တဖက် အာမခံချက်တခုတော့ ရှိလာရပေမည်။
ဒီမိုကရေစီက တိုးတက်မှုကို ဖြစ်စေသလား
နိုင်ငံရေးနှင့် စီးပွားရေးပညာရှင်များက ဒီမိုကရေစီစနစ်သည် စီးပွားရေးတိုးတက်မှုကို ဦးဆောင်နိုင်ခြင်း ရှိသလား၊ သို့မဟုတ် စီးပွားရေးတိုးတက်မှုသည် ဒီမိုကရေစီကို ဦးဆောင်သလားဆိုသော မေးခွန်း၏ အဖြေကို ဆန်းစစ်ခဲ့ကြသည်။ မေးခွန်း ၂ ခု၏ ဆက်သွယ်ပုံကို လေ့လာခဲ့ကြသည်။ ကမ္ဘာပေါ်တွင် စုစုပေါင်းနိုင်ငံ ၂ဝဝ ကျော် ရှိသည်။ မျက်မှောက်ကာလအထိ ဒီမိုကရေစီကျင့်သုံးသော နိုင်ငံ (Semi-Democracy အပါအဝင်) ပေါင်းမှာ ၅ ပုံ ၄ ပုံခန့် ဖြစ်သည်။ တိုးတက်ပြီးသော နိုင်ငံများ၊ တိုးတက်ဆဲနိုင်ငံများကို လေ့လာသောအခါ ဒီမိုကရေစီကိုအခြေခံ၍ ကိုယ့်နိုင်ငံနှင့် သင့်လျော်သလို ကျင့်သုံးခဲ့သည့် နိုင်ငံများဖြစ်သည်ကို တွေ့ခဲ့ကြသည်။
မျိုးဆက်သစ်တို့အတွက် တာဝန်ရှိသည်
ကိုယ့်ဘဝသက်တမ်းတခုတည်းသည် ဘာမှမဟုတ်။ စာဖွဲ့လောက်သည်လည်း မရှိ။ သို့သော် ရှည်လျားစွာသော မျိုးဆက်သစ်တို့၏ သက်တမ်း အစုအပေါင်းသည်ကား တစုံတရာဖြစ်လာ၏။ ရှေးက မျိုးဆက်တခုချင်းစီက တာဝန်မကျေခဲ့လျှင် နောက်မျိုးဆက်တို့ နိမ့်ပါးတတ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အစိုးရ
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးသားထားသည်ဖြစ်စေ၊ ရေးသားမှုမရှိသည်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထွက်ပေါ်လာသော အစိုးရတရပ်သည်အတွင်း အင်စတီကျုးရှင်း (Internal Institutions) တို့ဖြင့် ကန့်သတ်ထားကာ နိုင်ငံသားတို့၏ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာကြရသည်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု၊ လွတ်လပ်စွာ ပြောဆိုဖော်ထုတ်နိုင်မှု၊ လွတ်လပ်စွာရေးသားနိုင်မှု စသည်တို့သည် လူတဦး၏ အခြေခံအခွင့်အရေးများ ဖြစ်သည်။ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများ၊ လူနည်းစုတို့အပေါ် အဓမ္မအနိုင်ကျင့်မှုများလည်း ပါဝင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီသော အစိုးရတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အာဏာရှင်အစိုးရတို့တွင် အခြေခံဥပဒေသည် စာရွက်ပေါ်မှာသာ ရှိတတ်ပြီး ယင်းတို့၏ အာဏာ၊ လုပ်ပိုင်ခွင့်များမှာ ကန့်သတ်မှုဘောင်မှ များစွာ ကျော်လွန်ကြရသည်။
အားလုံး တာဝန်မကင်း
တနည်းနည်းဖြင့် ပါဝင်ပတ်သက်သူအားလုံးသည် Stakeholders များ ဖြစ်ကြသည်။ ထို့ကြောင့် ပါဝင်ပတ်သက်သူ Stakeholders များ အားလုံးသည်လည်း တာဝန်ကင်းသည်မဟုတ်၊ အရင်းကျသူများက နိုင်ငံရေးပါတီများ တည်ထောင်လာကြမည်ဖြစ်ပြီး အနာဂတ် မြန်မာ့နိုင်ငံရေး ကကွက်၏ စင်မြင့်ပေါ် တက်လာကြမည်။ အဖျားကျသူများက မဲရုံကို အနည်းဆုံး သွားကြရမည်သာ ဖြစ်သည်။
နိုင်ငံရေးပါပါတီများမှ Key Players များမှာ နိုင်ငံရေးအသိအမြင် များပြီးသူများ ဖြစ်ကြသည်မှာ ယုံမှားသံသယ မရှိချေ။ ကျန် Stakeholders များတွင် မျိုးဆက်သစ်များ အလှမ်းဝေးနေရသူများ ပါဝင်နေသဖြင့် အသိရေချိန် တစုံတရာ မြှင့်တင်နိုင်ဖို့ လိုအပ်နေပါလိမ့်ဦးမည်။ မသိကိန်းတချို့ကို ပုံဖော်ထုဆစ်ကြည့်တတ်ရန်လည်း ဖြစ်သည်။
မည်သို့ဆိုစေ အသွင်ကူးပြောင်းရေးကာလသည် မကြာမီ ရောက်ရှိလာတော့မည်။ ဝိဝါဒ ကွဲပြားနိုင်သည့် အမှန်ဆုံးအဖြေကို မမျှော်မိ၊ အကောင်းဆုံးအဖြေကိုတော့ သန်း ၆ဝ နီးပါးသော လူထုက မျှော်လင့်ကြသည်မှာ အမှန်ဖြစ်သည်။ ရှဥ့်လျှောက် ပျားစွဲသာ ရှိခြင်းဖြင့် နိုင်ငံတကာစနစ်တခုအတွင်း ဝင်ခြင်းသည် အကောင်းဆုံးထဲမှ တခုသော အဖြေ ဖြစ်နိုင်ပါလိမ့်မည်။
Political Egotistic Individuals ဟူသော နိုင်ငံရေးတကိုယ်ကောင်းဆန်၊ အထင်ကြီးလွန်းသူများဖြင့် အလုပ်ဖြစ်နိုင်မည်ဟုတော့ မယူဆပါ။
မီဒီယာအား
ပါတီခေါင်းဆောင်တို့၏ ကိုယ်ရေကိုယ်သွေးတို့ကို မီဒီယာတို့မှတဆင့် ကျယ်ပြန့်စွာ လူထုအတွင်း ဖြန့်ကျက်သည်။ အထူးသဖြင့် ရုပ်မြင်သံကြားသည် အသံနှင့် ရုပ်တို့၏ လှုပ်ရှားမှုကို ရရှိသဖြင့် ကောင်းစွာ ထိရောက်သည်။ အသိမြင့်ပါသည်ဆိုသော အမေရိကန်၊ အင်္ဂလန်တို့တွင်ပင်လျှင် ခေါင်းဆောင်တို့၏ ရုပ်ရည်၊ သွင်ပြင်လက္ခဏာတို့အပေါ် ပြည်သူများ၏ စိတ်ဝင်စားမှုက များပြားဆဲဖြစ်သည်။ ပုံနှိပ် မီဒီယာတို့တွင်ပင် ရွေးကောက်ခံတို့၏ သွင်ပြင်လက္ခဏာ ဖမ်းစားမှုက အတော်ပင် အားကောင်းကြောင်း သုတေသနများအရ တွေ့ရသည်။
အင်္ဂလန်တွင် ၁၉၈၇ ခုနှစ်မှ စတင်၍ နိုင်ငံရေးပါတီများက ရုပ်မြင်သံကြားမှတဆင့် ၎င်းတို့၏ ပုံရိပ်ကို ကောင်းစွာ တည်ဆောက်ရယူခဲ့ကြသည်။ ရုပ်မြင်သံကြားသည် ယခုအခါ နိုင်ငံတဝှန်း လက်လှမ်းမှီသည့် မီဒီယာ ဖြစ်လာသဖြင့် ကြီးမားစွာ သက်ရောက်မှုရှိကြောင်း တွေ့ရသည်။ မီဒီယာသည် မျက်မှောက်ခေတ်တွင် လွန်ဆန်၍ မရသော အရာတခု ဖြစ်လာ၍ မီဒီယာကို ကောင်းစွာ အသုံးမချနိုင်သော ကိုယ်စားလှယ်တဦးသည် ကိုယ်ရည်ကိုယ်သွေး မည်မျှကောင်းမွန်သည်ဖြစ်စေ အခွင့်အရေးကောင်းတခုကို လက်လွှတ်ဆုံးရှုံရမည်သာ ဖြစ်သည်။
စသည့် အခန်းပေါင်း ၃၁ ခန်းဖြင့် စာရေးသူ၏ ၂ဝဝ၉ ခုနှစ်အတွင်း အင်တာဗျုးအချို့၊ အတွေ့အကြုံနှင့် မှတ်တမ်းများကို ဖော်ပြထားသည်။ နိုင်ငံတကာ အကြောင်းအရာများနှင့် ချိန်ထိုးဖော်ပြထားပြီး ရှင်းလင်းသည့် အရေးအသားကြောင့် တိုတိုတုတ်တုတ်နှင့် အများ နားလည်နိုင်စွမ်းသော သုတရသကို ပေးနိုင်မည်ဖြစ်မည်ဟု ထင်သည်။
စာရေးသူ ဆရာနေဇင်လတ်သည် တပ်မတော်မှ အငြိမ်းစား အရာရှိတဦးဖြစ်ပြီး စီးပွားရေးဆိုင်ရာ အသိအမြင် ဆောင်းပါးများကြောင့် လူငယ်ထုအတွင်း ကျော်ကြားလာသူတဦးဖြစ်ကာ အပတ်စဉ်ထုတ် ဂျာနယ်များတွင် စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားနေသူဖြစ်ကာ ဟောပြောပွဲအချို့ဖြင့်လည်း နာမည်ရလာသူတဦး ဖြစ်ပါသည်။







