
စာအုပ်အမည် ဗမာ့ခေတ်မှကြေးမုံသို့
စာရေးသူအမည် ကြေးမုံဦးသောင်း
ထုတ်ဝေသူ မောင်ကိုဦး (ဝ၂၄၃/ဝ၇၃၆)
ပုံနှိပ် ပုဂံစာအုပ်တိုက်၊ ကုမာရပုံနှိပ်တိုက် (၁၉၇၁ခုနှစ်)
အုပ်ရေ ၃ဝဝဝ (ပထမအကြိမ်)
(၁)
ဗမာ့ခေတ်သတင်းစာအား ကျနော်မမီ…၊ မတွေ့၊ မမြင်၊ မဖတ်ဖူးခဲ့….။ ကြေးမုံသတင်းစာကိုမူ မီခဲ့၏။ သို့သော်…. အယ်ဒီတာချုပ် ဦးသောင်း ထုတ်ဝေခဲ့သည့် ကြေးမုံကား မဟုတ်…။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီး၊ ကြေးမုံအား ပြည်သူပိုင်သိမ်း၍ ဗိုလ်နေဝင်းထုတ်ဝေသည့် ကြေးမုံအား မှီခဲ့ခြင်းဖြစ်သည်။ မလွတ်လပ်သည့် စာနယ်ဇင်းခေတ် ကြေးမုံသတင်းစာအား ထိတွေ့၊ သိမီခဲ့ရခြင်းဖြစ်သည်။ကျနော်က … ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အာဏာရှင်ခေတ်တွင် မွေး….၊ ထိုခေတ်ကြီးထဲတွင်ပင် ကြီးပြင်း၍ …. ထိုခေတ်ဆိုးကြီးအတွင်း၌ပင် လူလားမြောက်ခဲ့ရ၏။ ဤအတွက် …. လွတ်လပ်သည့် စာနယ်ဇင်းခေတ်အား ကျနော်တို့ မဖြတ်သန်းခဲ့ကြရ….။ ထားတော့…။ ဆရာကြေးမုံဦးသောင်း၏ ‘ဗမာ့ခေတ်မှ ကြေးမုံသို့’က …. မြန်မာနိုင်ငံ၏ လွတ်လပ်သည့် စာနယ်ဇင်းကာလတခု၏ သမိုင်းမှန်ကူးကွက်များဟု ဆိုရမည်ဖြစ်သည်။
(၂)
ဗမာ့ခေတ်မှ ကြေးမုံသို့တွင် ကာလအပိုင်းအခြားပါ၏။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၁၉၆၄ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့အတွင်း ဖြစ်သည်။ ၁၇ နှစ်နှင့် ၆ လတာကာလအတွင်း ဆရာကြေးမုံဦးသောင်း ဖြတ်သန်းကျော်လွှားခဲ့ရသည့် သတင်းစာဆရာဘဝ၏ အတွေ့အကြုံများ ဖြစ်သည်။ တနည်းဆိုသော်…. ဆရာကြေးမုံဦးသောင်း၏ သတင်းစာဆရာ ရုပ်ပုံလွှာဖြစ်သည်။ဗမာ့ခေတ်မှ ကြေးမုံသို့အား ရေးရာတွင် ဆရာကြေးမုံဦးသောင်းသည် ကိုယ်တိုင်ရေးသည့် အတ္ထုပတ္တိစာပေ ဖြစ်သော်လည်း ကိုယ်ပွားဇာတ်ကောင် (တင်မောင်) အား ဖန်တီးပြီး Third Person အနေဖြင့် ရေးထား၏။ အတ္ထုပတ္တိဆန်သည့် စာပေဖြစ်သော်လည်း ဒိုင်ယာရီကဲ့သို့ ရက်စွဲအစဉ်နှင့် ဖြစ်စဉ်အား မရေးဖွဲ့…. အကြောင်းအရာကိုလိုက်၍ ရေးသည်။ ဤအတွက် တခါတရံတွင် အချိန်ကာလသည် ရှေ့နောက် ကျော်နေသည်များလည်း ရှိသည်။ ‘အကြောင်းတူစု’ ရေးသားခြင်း ဖြစ်သည့်အတွက်…. အချို့သော အကြောင်းအရာတို့က ‘ထပ်’နေသည်များလည်း ရှိ၏။
ဆရာကြေးမုံဦးသောင်း ဖြတ်သန်းခဲ့ရသည့် သတင်းစာဆရာဘဝ ၁၇ နှစ်နှင့် ၆ လတာကာလက …. မြန်မာ့သတင်းစာ သမိုင်းတွင် ….‘တိုင်းတုန်သတင်းများ’၊ ‘ထူးဦး’ သတင်းများနှင့် ပြည့်သိပ်နေသည့် ကာလဟု ဆိုရမည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လုပ်ကြံခံရ၏။ ရန်ကုန်အစိုးရ နိုင်ငံရေးအကွဲအပြဲများ၊ ဗိုလ်နေဝင်းအာဏာသိမ်းမှု….စသဖြင့် …စသဖြင့် တိုင်းတုန်သတင်းကြီးများနှင့် ဆရာကြေးမုံဦးသောင်းသည် သတင်းစာဆရာဘဝအား ဖြတ်သန်းခဲ့ရ၏။
ဆရာသည် ‘ဗမာ့ခေတ်မှ ကြေးမုံသို့’ တွင် သူ၏ သတင်းစာဆရာ၊ အယ်ဒီတာဘဝ အတွေ့အကြုံများအား ရေးသားရင်း…. သတင်းစာပညာကိုလည်း မျိုးဆက်သစ် စာနယ်ဇင်းသမားများအတွက် သင်ပြပေးခဲ့လေသည်။
(၃)
ဆရာကြေးမှုံဦးသောင်း၏ အမည်ရင်းက (ဦး) တင်မောင် ဖြစ်သည်။ ဇာတိက ညောင်ဦး။ မိဘများက ကုန်သည်ကြီးများ ဖြစ်သည်။ ဤအတွက် (ဦး) တင်မောင်သည် ကုန်သည်မျိုးရိုးမှ ဆင်းသက်လာသည်ဟု ဆိုရမည်။ သို့သော် .... (ဦး) တင်မောင်၏ ဘဝတလျှောက်လုံးကား ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အယ်ဒီတာ၊ အယ်ဒီတာချုပ်။ စာပေ၊ အနုပညာနှင့် သတင်းစာနယ်ဇင်း နယ်ပယ်အတွင်း တဘဝလုံး ရင်းခဲ့သူ...။ ဆရာကြေးမုံဦးသောင်း… တဘဝလုံး ရင်းခဲ့သည့် စာ၊ နယ်၊ ဇင်း နယ်ပယ်သို့ ဝင်ရောက်ခဲ့ပုံက စိတ်ဝင်စားစရာ….။“သတင်းထောက်အလိုရှိသည်”
ဗမာ့ခေတ် သတင်းစာတိုက်အတွက် သတင်းထောက် အလိုရှိသည်။ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာ တတ်မြောက်ရမည်။ အထူးသဖြင့် မြန်မာစာကို ကောင်းစွာ ရေးတတ်ရမည်။ လစာအား ၁၅ဝိ/ မှ ၂ဝဝိ/ အထိ အရည်အချင်းအလိုက် ပေးမည်။ ဗမာ့ခေတ်သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားပါ။ (ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှ ကြေးမုံသို့…. စာမျက်နှာ ၃၁ မှ)
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် ဗမာ့ခေတ်သတင်းစာမှ ကြော်ငြာအား ဆရာကြေးမှုံဦးသောင်း တွေ့၏။ ထိုစဉ်က သူသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရန် ရန်ကုန်သို့ ရောက်နေ၏။ ကြော်ငြာပါသည့် နေ့တွင်ပင် လျှောက်လွှာတင်လိုက်၏။
မကြာ...။ ဗမာ့ခေတ်မှ စာဖြင့် အကြောင်းပြန်၏။ စစ်ဆေးမေးမြန်းရန် ရက်ချိန်းသည့် စာဖြစ်သည်။ ဆရာကြေးမုံဦးသောင်း ဗမာ့ခေတ်တိုက်သို့ သွားသည့်နေ့၌ ရန်ကုန်မြို့ရှိ ဘတ်စ်ကားများ သပိတ်မှောက်ကြသဖြင့် ဗမာ့ခေတ်တိုက်ရှိရာ ရွှေဂုံတိုင်သို့ လမ်းလျှောက်၍ သွားခဲ့ရ၏။ ဗမာ့ခေတ်တိုက်သို့ ရောက်တော့ ချွေးပြန်နေပြီ...။ အယ်ဒီတာ ဦးအုန်းမြင့်၏ စားပွဲရှေ့တွင် ထိုင်၏။ ဦးအုန်းမြင့်က စစ်ဆေးမေးမြန်းမည့်သူ ဖြစ်သည်။
“ပညာအရည်အချင်း”
ဆရာကြေးမှုံဦးသောင်း ဖြေ၏။
“သတင်းထောက်လုပ်ဖူးသလား”
“သူရိယနဲ့ ဂျာနယ်ကျော်မှာ နယ်သတင်း ရေးဖူးပါတယ်”
“အခုတလော ဗမာ့ခေတ်မှာ ဘာသတင်းထူးလဲ”
“ဗိုလ်ချုပ်တို့ ဘိလတ်သွားမယ့်အထဲမှာ ဘကြီးဘဘေ ပါမယ်ဆိုတဲ့ သတင်းကို သတင်းစာတိုင်းက ရေးပေမယ့်... ဘကြီးဘဘေ မလိုက်ဖြစ်မယ့် သတင်းကို ဗမာ့ခေတ်က အချပ်ပိုထည့်ပြီး ဖော်ပြတဲ့ သတင်းထူးပါတယ်...”
“ဘာကြောင့်ဗမာ့ခေတ်ကိုဖတ်တာလဲ”
“ကြိုက်လို့ပါ”
“ဘာကိုကြိုက်တာလဲ”
“သတင်းထူး၊ သတင်းဦး ပါတာရယ်၊ ခေါင်းစဉ်တပ်တာ ပြတ်သား ထိမိတာရယ်”
“ဗမာ့ခေတ်ရဲ့ မူဝါဒကိုရော”
“ရဲရဲဝံ့ဝံ့ ရေးဝံ့တာကို ကြိုက်တယ်။ ဒါပေမဲ့ တယူသန် လက်ဝဲဝါဒ ဆန့်ကျင်ရေးကို မကြိုက်ဘူး”
လူတွေ့စစ်ဆေးမှုက ပြီးပြီ...။ဗမာ့ခေတ်သတင်းစာတိုက်မှ ဆရာကြေးမှုံဦးသောင်းထံသို့ အကြောင်းကြားစာပို့၏။
“လူကြီးမင်းအား ရွေးချယ်ခြင်းမပြု၍ ဝမ်းနည်းကြောင်း”… ဆရာကြေးမုံဦးသောင်း စာကိုဖတ်ပြီး အတော်စိတ်ထိခိုက်သွားသည်။ နံနက်စာ၊ ညစာပင် စား၍ မဝင်နိုင်အောင် ဖြစ်ရသည်။ မည်သို့လုပ်မည်နည်း။ ဆရာကြေးမုံဦးသောင်းက... ကိစ္စတခုခုအား လွယ်လွယ်နှင့် အရှုံးမပေးချင်။ ဤဥာဉ်လေးက ရှိ၏။
ဤတွင် ဆရာကြေးမုံဦးသောင်းသည် ဗမာ့ခေတ်အယ်ဒီတာချုပ် ဦးအုန်းခင်ထံသို့ စာရှည်ကြီးတစောင် ရေးပို့၏။ စာရှည်ကြီးနှင့်အတူ ဗမာ့ခေတ် သတင်းစာအား ဆန်းစစ်ထားသည့် စာတမ်းတစောင်အားလည်း ရေးပို့၏။ (၂) ရက်ခန့် အကြာ၌ ဦးအုန်းခင်က သူ့အား ဗမာ့ခေတ်သတင်းစာတိုက်သို့ ခေါ်ယူ၍ တွေ့၏။
“မင်းက တော်တော်လာတဲ့ ကောင်လေးပဲကွ” ဟု တွေ့တွေ့ချင်း ဦးအုန်းခင်က ဆရာကြေးမုံဦးသောင်းအား ဆီးကြို၍ ရယ်မောကာပြောသည်။
“ကဲ...မင်းကို ငါတို့ စမ်းကြည့်မယ်ကွာ... လခအနေနဲ့ မဟုတ်ပေမယ့်လည်း ခရီးစရိတ်တော့ ယူပေါ့ကွာ... မင်းအလုပ်ဆင်းတဲ့နေ့တိုင်း တနေ့ နှစ်ကျပ် ထုတ်ယူကွာ... မနက်ဖြန်ကစပြီး အလုပ်ဆင်းပေတော့...”
ထိုနေ့က... ၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့။
(၄)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။ထိုစဉ်က ဆရာကြေးမှုံဦးသောင်းသည် ဗမာ့ခေတ်တွင် အထွေထွေသတင်းထောက်တဦး ဖြစ်၍နေလေပြီ။ သတင်းထောက်သက်ကမူ ၅ လပင် မပြည့်တတ်သေး။ သမိုင်း၌ အကြီးကျယ်ဆုံးသော သတင်းအား လိုက်ခဲ့ရသည်။ နိုင်ငံတော်လုပ်ကြံမှု သတင်းကြီးဖြစ်သည်။ ဇူလိုင်လအတွင်း၌ သူသည် သတင်းထူးများစွာအား ပင်ပင်ပန်းပန်း လိုက်ခဲ့ရ၏။
BOC က ဝါဆိုလပြည့်နေ့ ရုံးပိတ်မပေးသည့်သတင်း ...
တရုတ်ပြည်မှ ပြန်လာသည့် ဗမာစစ်ပြေးများသတင်း ....
ပုလိပ်သပိတ်သတင်း ....
လစာနှုန်းသစ်သတင်း ....
ဝန်ထမ်းတို့၏ အပိုကြေးပြဿနာ
သခင်နု၏ ဘိလပ်ဆွေးနွေးပွဲသတင်း
ဘရင်းဂန်း ၂ဝဝ ပျောက်ဆုံးမှု... ။
သတင်းများက ထူးသလို နောက်ကွယ်မှ သတင်းများကိုလည်း လိုက်ရသေး၏။ ဇူလိုင်လ ၁၈ ရက်နေ့ ည၌ နံနက် ၂းဝဝ နာရီခန့်မှပင် သူအိပ်ယာဝင်ခဲ့ရသည်။ အိပ်ချိန် နောက်ကျသော်လည်း နံနက်တွင်မူ စောစောပင်နိုး၏။ အကျင့်ဖြစ်နေ၍ နိုးလာသော်လည်း အိပ်ရေးက မဝ။ သို့သော် နေ့စဉ်တာဝန်အရ ကော်ဖီတခွက်သောက်ပြီး စက်ဘီးနှင့် အိမ်မှ ထွက်ခဲ့၏။
ပထမ ညောင်ပင်လေးဆိပ်၊ ထိုမှ ၂၇ လမ်းရှိ ပုလိပ်အသင်းတိုက်။ ပုလိပ်အသင်းတိုက်သို့ ရောက်တော့ နံနက် ၉ နာရီခန့် ရှိပြီ။ ပုလိပ်အသင်းမှပင် တယ်လီဖုန်းနှင့် တိုက်သို့ ဆက်၏။ ကံဘဲ့သို့ သွားပြီး “သံမဏိသပိတ်” သတင်းယူရန် အကြောင်းကြားသည်။ တိုက်က ခွင့်မပြု။ အတွင်းဝန်ရုံးသို့ သွားရန် ညွှန်ကြားသည်။ ဓနိတောမှ အလုပ်သမား ခေါင်းဆောင်များ ဗိုလ်ချုပ်နှင့် အတွင်းဝန်ရုံးတွင် တွေ့မည်၊ ဤသတင်းအား ယူရန်ခိုင်း၏။
ဆရာကြေးမှုံဦးသောင်း... အတွင်းဝန်ရုံးရှိ သတင်းထောက်များ ရုံးခန်းသို့ ရောက်သည့်အချိန်၌ မည်သူမျှ မရှိကြ။ အချိန်ကား ၉ နာရီ ၂ဝ မိနစ်ခန့်ရှိပြီ။ သတင်းထောက်များ ရုံးခန်းက အတွင်းဝန်ရုံးရှိ ဗိုလ်ချုပ်၏ ရုံးခန်းနှင့် ကပ်လျက်အခန်းဖြစ်သည်။
“ဟေ့လူ စောလှချည်လားဗျ”
ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးက နှုတ်ဆက်၏။ အခန်းထဲ၌မူ ဆရာကြေးမုံဦးသောင်းတဦးတည်း။ ကြာတော့ ပျင်းလာ၏။ သတင်းထောက်များရုံးခန်းမှ ဆရာကြေးမုံဦးသောင်း ပြန်ထွက်လာပြီး ပုလိပ်ရုံးကြီးသို့ “ဟာကြူလီ” စက်ဘီးစုတ်လေးနှင့် သွား၏။ ပုလိပ်ရုံးကြီးသို့ ရောက်သည်နှင့် ပုလိပ်ကားများ တစီးပြီး တစီး အပြင်းမောင်း၍ ထွက်သွားကြ၏။ ထူးပြီ။ ဘာလဲ...။ စဉ်းစားနေစဉ် ဗမာ့ခေတ်မှ မှုခင်းသတင်းထောက် ပုလိပ်ရုံးပေါ်မှ ဆင်းလာပြီး …
“ဟေ့...ဟေ့ ...တခုခုတော့ တခုခုပဲ။ ဘာဖြစ်မှန်းတော့ မသိဘူး... လိုက်ရအောင်”
မှုခင်းသတင်းထောက်သည် ပြောရင်းဆိုရင်းနှင့် ဆရာကြေးမုံဦးသောင်း၏ စက်ဘီးပေါ်သို့ တက်၏။ သူတို့ စက်ဘီးနှင့် ထွက်ခဲ့ကြသည်။
“ဘယ်လိုက်မလဲဗျ”
“အတွင်းဝန်ရုံးမှာတဲ့... အတွင်းဝန်ရုံးကိုလိုက်”
ဆရာကြေးမုံဦးသောင်းတို့ အတွင်းဝန်ရုံးသို့ ရောက်သည်။ အလယ်ပေါက်မှ သူနာပြု ကားတစီး ထွက်လာသည်။ လူအုပ်ကြီးသည် အတွင်းဝန်ရုံး အလယ်ပေါက်ဝ၌ ပြည့်ကျပ်နေ၏။
“ဗိုလ်ချုပ်တို့ အသတ်ခံရပြီ”
ထို့ထက် ဘာမျှမသိရသေး...။
အတွင်းဝန်ရုံးအတွင်းသို့ တိုးဝင်၍ မြောက်ဘက်လှေကားမှ အတွင်းဝန်ရုံးပေါ်သို့ တက်ခဲ့၏။ အတွင်းဝန်ရုံး အလယ်လှေကားမကြီး၏ ထိပ်ဝရံတာသို့ ရောက်သွားသည်။ အလောင်းများအား အတွင်းမှ သယ်ထုတ်၍နေကြသည်။
အဝတ်ဖြူနှင့် အုပ်ထားသော အလောင်းတလောင်းအား သယ်ထုတ်လာသည်ကို တွေ့ရသည်။
အဝတ်ဖြူအောက်မှ ရွှေဖလားရောင် လုံချည်အား မြင်ရ၏။ သားရေရှူးဖိနပ် စီးထားသော ခြေထောက်များသည် တုန်နေသည်။ အကြောအမြင်များ ရုန်းနေသည့်ပမာ။
“ဒါ...ဒါ ဗိုလ်ချုပ်မဟုတ်လား...။ မသေသေးဘူး။ မသေသေးဘူး...”
ဆရာကြေးမုံဦးသောင်း ကယောင်ကတန်းအော်မိသည်။
“ဗိုလ်ချုပ်ကို သယ်သွားပြီဗျ...။ ဒါ ဦးဘချိုပါဗျာ...”
ထို့နောက်… တဦးအား သယ်လာပြန်၏။ ရှမ်းဘောင်းဘီ နံ့သာရောင်နှင့် မိုင်းပွန်စော်ဘွားကြီး။ အတွင်းဝန်ရုံးမှ ဆေးရုံကြီးသို့ ဆရာကြေးမုံဦးသောင်း ပြေးပြန်သည်။ ဆေးရုံကြီးတွင် အတွင်းခန်းသို့ မည်သူ့မျှ အဝင်မခံ။ ဆရာကြေးမုံဦးသောင်းက… ဆေးရုံဝန်ထမ်းများနှင့် ရင်းနှီးပြီးဖြစ်၍ ဝင်ခွင့်ရ၏။ ဆေးရုံအတွင်းခန်း၌ မိုင်းပွန်စော်ဘွားကြီးသည် ကုတင်တခုပေါ်၌ တုန်တုန်ရီရီနှင့် ရှိနေသည်။
ဒီးဒုတ်ဦးဘချိုမှာမူ ကွယ်လွန်၍ သွားပြီ။ အလောင်းကိုမူ ရင်ခွဲတိုက်သို့ မပို့ရသေး။ ဆရာကြေးမုံဦးသောင်း ကပျာကယာပင် အခန်းတွင်းမှ ထွက်ခဲ့ပြီး အပြင်၌ရှိနေသည့် ဗမာ့ခေတ် အယ်ဒီတာချုပ် ဦးအုန်းခင်ထံမှ ဓာတ်ပုံရိုက်ရန် ကင်မရာအား တောင်း၏။ ဦးအုန်းခင်က မပေး...။
“မရိုက်ပါနဲ့တော့ကွာ...”
ဆရာကြေးမုံဦးသောင်း အံ့သြသွား၏။ သတင်းထူး၊ သတင်းဆန်းမှန်သမျှ အပင်ပန်းခံ၊ ငွေကုန်ကြေးကျခံ၍ ဗမာ့ခေတ်တွင် ဖော်ပြတတ်သည့် အယ်ဒီတာချုပ်သည် ယခုမူ...
“လူတွေ ပူဆွေးသောက ရောက်နေကြတဲ့ အချိန်မှာ ဒို့က သတင်းလောက်ကြည့်ပြီး ဟိုမေး၊
ဒီမေးနဲ့ ဓာတ်ပုံရိုက်နေဖို့ မသင့်ပါဘူးကွာ...”
(၅)
ဆရာကြေးမုံဦးသောင်းသည် ဗမာ့ခေတ်သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ်မှ နုတ်ထွက်ခဲ့ပြီး၊ ကြေးမုံဂျာနယ်အား ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် စတင်ထုတ်ဝေ၏။ အပတ်စဉ်ထုတ်သည့် ဂျာနယ်ဖြစ်သည်။ ဂျာနယ်က အပတ်စဉ်စောင်ရေ ၄,၅ဝဝ ခန့်သာ ကုန်သည်။ မမြတ်သည့်အပြင် အနည်းငယ်ပင် ရှုံးသေးသည်။ ထိုစဉ်က ဂျာနယ်များသည် မဂ္ဂဇင်းနှင့် သတင်းစာများအကြား၌ ညှပ်နေ၏။ ၅ လခန့် ထုတ်ပြီးနောက် ကြေးမုံဂျာနယ်အား ရပ်၍ ကြေးမုံသတင်းစာ အဖြစ်ထုတ်ရန် သူ ဆုံးဖြတ်လိုက်ရ၏။ ကြေးမုံသတင်းစာက တဦးတည်းပိုင် သတင်းစာမဟုတ်။ အစုစပ်ပိုင် သတင်းစာအဖြစ် ထုတ်ဝေ၏။ ဦးပွင့်ကောင်း၊ မွန်စံလှိုင်တို့လည်း အစုရှယ်ယာပါဝင်ကြ၏။ (ဦး) ခင်မောင်ရီ၊ ဦးသော်၊ ဆရာ ဇဝနတို့က ကြေးမုံတွင် ကိုယ်တိုင်လည်း လုပ်ကြပြီး ရှယ်ယာလည်း ပါဝင်ကြသည်။ ပင်တိုင်ဆောင်းပါးရှင်များအဖြစ် ဒေါက်တာအေးမောင်၊ ရွှေဥဒေါင်း၊ ဇဝန၊ မောင်ထင်၊ သိန်းဖေမြင့်၊ တက်တိုး၊ တင့်တယ်၊ မာလာ၊ သန်းဆွေ၊ သာဂဒိုးတို့ ရေးကြ၏။ ဆရာသုခက အပတ်စဉ် ဝတ္တုတို ရေး၏။ ကာတွန်းရုပ်ပြောင်များအား ကာတွန်းဦးဖေသိန်းနှင့် ဦးသန်းကြွယ်တို့က ဆွဲ၏။၁၉၅၇ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ကြေးမုံသတင်းစာအား ဆရာကြေးမုံဦးသောင်း ဦးစီး၍ စတင်ထုတ်၏။
(၆)
၁၉၆၁ ခုနှစ်တွင်… ဧရာဝတီ ရေတပ်စခန်းတွင် တပ်မှူးများ ညီလာခံအား ကျင်းပ၏။ ညီလာခံက အရင်ညီလာခံများနှင့်မတူ။ သိုသိုသိပ်သိပ် ရှိလှ၏။ ဤသည်ကို ဆရာကြေးမုံဦးသောင်း သတိထားမိ၏။ အရင်က ဆရာကြေးမုံဦးသောင်း၏ သတင်းလမ်းကြောင်းများသည်လည်း နှုတ်ဆိတ်၍ နေ…နေကြ၏။ ဤသို့ဆိုလျှင် သတင်းသည် ထူးမည်။ ဆရာကြေးမုံဦးသောင်းက လျှို့ဝှက်လေ၊ ဖိလိုက်လေ နောက်ဆုံးတွင် သတင်းတပုဒ်လုံးအား ရလာခဲ့၏။ သတင်းမှာ တတိုင်းတပြည်လုံး တုန်လှုပ်စေသည့် “တိုင်းတုန်” သတင်းမျိုး။ ဤသတင်းအား ဆရာကြေးမုံဦးသောင်း တဦးတည်းသာ ရထား၏။ ကြေးမုံတစောင်တည်း၌သာ ဖော်ပြနိုင်မည့် “ထူးဦး” ၊ “တိုင်းတုန်” သတင်း။အချိန်ကား ည ၁ဝ နာရီသာ ရှိသေး၍ နောက်နေ့ထုတ် ကြေးမုံတွင် ဖော်ပြနိုင်ရန် အချိန်မီသေး၏။ ကြေးမုံ သတင်းစာတိုက်သို့ ပြန်ရောက်သည်နှင့် သတင်းအား အယ်ဒီတာ (ဦး) ခင်မောင်ရီ တဦးတည်းကိုသာ အသိပေးလိုက်၏။
“တည စောင့်ကြည့်ပါဦးစို့လားဗျာ...”
(ဦး) ခင်မောင်ရီက တုန်တုန်ရီရီနှင့် ပြောသည်။ သူတို့နှစ်ဦး စဉ်းစားကြသည်။ နောက်ဆုံး ဆရာကြေးမုံဦးသောင်းရလာသည့် သတင်းအား တည ဆိုင်းထားရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်နေ့တွင် ကြေးမုံ၏ ဓာတ်ပုံသတင်းထောက် (ကို) ရွှေမောင်အား၊ လိုချင်သည့် ဓာတ်ပုံများကို ရှာခိုင်း၏။ ညနေတွင် ဓာတ်ပုံ “ဘလောက်” အားလုံး လုပ်၍ပြီးပြီ။ (ကို) ရွှေမောင်ကိုမူ သတင်းအကြောင်း အသိမပေး ။ သတင်းကမူ မနေ့ညကတည်းက ရေးပြီးဖြစ်၏။ ည ၁၂ နာရီတွင်မူ ကြေးမုံသတင်းစာ၌ “တိုင်းတုန်” သတင်းကြီးအား ပုံနှိပ်ပြီးဖြစ်လေပြီ။ သို့သော် ....။
အကယ်၍များ အခြားသတင်းစာများမှလည်း သူတို့ကဲ့သို့ပင် ဤသတင်းအား ရ၍ ပုံနှိပ်ပြီးဖြစ်ခဲ့လျှင်...။
“နေးရှင်းနဲ့ အထောက်တော်က ရနိုင်တယ်ဗျ... သူတို့ရမရ သိချင်တယ်ဗျာ”
ဆရာကြေးမုံဦးသောင်းက (ဦး) ခင်မောင်ရီအား ပြော၏။ ဆရာကြေးမုံဦးသောင်းတို့ နှစ်ယောက် လမ်း ၄ဝ ရှိ နေးရှင်းသတင်းစာတိုက်သို့ သွားကြ၏။ မသိမသာ နေးရှင်းသတင်းစာမျက်နှာဖုံးအား ခိုးကြည့်ကြ၏။ မတွေ့ရ...။ ၃၉ လမ်းရှိ အထောက်တော် သတင်းစာတိုက်သို့ သွားကြပြန်၏။ အထောက်တော် သတင်းစာတွင်လည်း ထိုသတင်းမပါ။ စိတ်အေးရပြီ။ ကြေးမုံတစောင်တည်းမှ ဖော်ပြပါရှိမည့် “တိုင်းတုန်” သတင်းကြီး...။
“တပ်မတော်မှ ထိပ်သီး အရာရှိကြီး ၁၃ ယောက်အား တပ်မှ နုတ်ထွက်စေသည့် သတင်း...”
(၇)
ဆရာကြေးမုံဦးသောင်း၏ သတင်းစာဆရာ ဘဝများအတွင်း၌ အင်းစိန်တောရ၏ ကျောင်းနှုတ်ခမ်းဝသို့ ရောက်ခဲ့ရသည်များက အကြိမ်ကြိမ်ပင်။ ၁၉၅၆ ခုနှစ် ၇ တန်း မေးခွန်းပေါက်ကြားမှုသတင်းနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးထွန်းဝင်းက ဆရာကြေးမုံဦးသောင်းအား အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနှင့် ဖမ်းဆီးရန်ကြံ၏။ အာမခံရ၍သာ ထောင်အတွင်း မရောက်ခဲ့ရခြင်း ဖြစ်သည်။၁၉၅၉ ခုနှစ် မတ်လတွင်မူ ကြေးမုံသတင်းစာအား ချိပ်ပိတ်၏။ တာဝန်ခံအယ်ဒီတာ ဦးကြည်မြင့်အား ဖမ်း၏။ ဆရာကြေးမုံဦးသောင်းအားလည်း ဖမ်းရန်ရှာ၏။ ဆရာကြေးမုံဦးသောင်းက အဖမ်းမခံဘဲ ဝရမ်းပြေးနေခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် တော်လှန်ရေး အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းသည်။ အလံနီ ကွန်မြူနစ်ပါတီမှ ဗိုလ်နေဝင်းတို့ အဖွဲ့နှင့် ဆွေးနွေးရန် ရန်ကုန်သို့လာ၏။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရဲနီကျော်ဝင်းက ဆရာကြေးမုံဦးသောင်းနှင့် မိတ်ဟောင်း ဆွေဟောင်း၊ ရဲဘော် ရဲဘက်ဟောင်း။ သို့နှင့် ရန်ကုန်တွင် ဆရာကြေးမုံဦးသောင်းနှင့် ရဲနီ ကျော်ဝင်းတို့ မကြာမကြာ တွေ့ဆုံကြ၏။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်သည့်အခါ၌ ဆရာကြေးမုံဦးသောင်းအား ဗိုလ်နေဝင်းမှ ထိန်းသိမ်းရန် ရှာ၏။ သူကား အဖမ်းမခံ။ ရှောင်ပုန်း၍ နေခဲ့သည်။ ၆ လခန့် ဝရမ်းပြေးဘဝနှင့်။ ၁၉၆၄ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့… နေ့စဉ် နံနက် ၅ နာရီခန့် နိုးနေကြ။ ဆရာကြေးမုံဦးသောင်းသည် ဤနေ့ နံနက်တွင်မူ စောစီးစွာမနိုး။ အိမ်မှ ထမင်းချက်သည့်သူက.. အခန်းတံခါးအား လာခေါက်၍ နှိုးမှ နိုးတော့၏။ ဧည့်ခန်းတွင် ဧည့်သည်များ စောင့်နေသည်ဟု ဆိုသည်။ သိလိုက်ပြီ။ ဖမ်းဖို့လာတာပဲ။ သို့သော်... မတတ်နိုင်။ ယခင်အကြိမ်များကဲ့သို့ ရှောင်ချိန်တိမ်းချိန်မရတော့။ ဆရာကြေးမုံဦးသောင်းအား စုံထောက်များက ဖမ်းလိုက်ကြ၏။ ပထမ ဘောင်ဒရီ လမ်းသို့ ပို့သည်။ ထိုမှတဆင့် အင်းစိန်ထောင်သို့ ရောက်သည်။ ဆရာကြေးမုံဦးသောင်းအရင် စောစီးစွာရောက်နှင့်ကြသည့် ဒဂုန်တာရာ၊ အထောက်တော်လှအောင်၊ (ကို) ခင်မောင်ရီတို့က သံတိုင်အကြားမှ ပြုံး၍ နှုတ်ဆက်ကြ၏။ ထောင်စာရင်းသွင်းရန် ထောင်ရုံးခန်းအတွင်း ထိုင်နေရ၏။ ထောင်စာရင်းသွင်းရန်အတွက် စောင့်ရပြန်၏။ အချိန်တို့က ကြာသည်။ စားပွဲပေါ်ရှိ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာအား ဆွဲယူ၍ ဖတ်ကြည့်မိသည်။
“ဟေ့လူ...ဒါ ထောင်ဗျ၊ ထောင်။ ဒီသတင်းစာကို ခွင့်မရှိဘဲ မဖတ်ရဘူး။ ထောင်ထဲမှာ ခွင့်မရှိဘဲ ဘာမှ မလုပ်ရဘူး။ နားလည်လား”
ထောင်မှူးဆိုသူက ကြိမ်း၏။
ဆရာကြေးမုံဦးသောင်း ...နားလည်လိုက်၏။ လွတ်လပ်မှုဟူသမျှ မရှိတော့ပြီကိုး...။







