(က)
စာအုပ် အမည် ခရီးဝင်္ကပါ
စာရေးသူ အမည် စိန်စိန်
စာမူခွင့်ပြုချက်အမှတ် ၈၅/၂၀၀၀ (၁)
မျက်နှာဖုံး ခွင့်ပြုချက်အမှတ် ၁၁၇/၂၀၀၀ (၂)
အုပ်ရေ ၁၀၀၀ ၊ ၂၀၀၀ ခုနှစ် မတ်လ (တတိယအကြိမ်)
တန်ဖိုး ၆၀၀ ကျပ်
ခရီးဝင်္ကပါက …
ကုဋ္ဌနူနာ ရောဂါ စွဲကပ်ခံနေရတဲ့ ဝေဒနာသည် အမျိုးသမီး တဦးက သူ့ဘဝကို မကွယ်မဝှက် အမှန်အတိုင်း … ရဲဝံ့စွာ ရေးသားထားတဲ့ ရသပါ အတ္ထုပတ္တိစာပေလို့ ဆိုရမှာဖြစ်ပါတယ်။ သူမဟာ အသက် ၁၉ နှစ်အရွယ်မှာ ဒီရောဂါဆိုးရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တဲ့ အကွက်လေးတွေ ပေါ်ပေါက်လာပြီးတဲ့နောက် ဘဝဆုံးမျှ ခံစားရတာတို့ကို ဘယ်လို တိုက်ပွဲတွေ ဆင်ခဲ့ရပုံကို ရသဟန်အဖွဲ့နဲ့ ရေးထားတာပါ။ နောက်ဆုံး … မဆုတ်မနစ်တဲ့ သူမရဲ့ ဇွဲကြောင့် ဘယ်လို အောင်မြင်ခဲ့ရတာကိုလည်း ရေးသားဖေါ်ပြထားပါတယ်။ “ရွံစရာကောင်းသည်ဆိုတဲ့ နူနာ” ဟာ အဆုတ်နာ၊ ဆစ်ဖလစ်ရောဂါတို့လို ဆရာဝန်တွေနဲ့ တရင်းတနှီး ဆွေးနွေးကြပေမယ့် နူနာဆိုတဲ့ ရောဂါ နံပါတ်တပ်လာတဲ့အခါ ပါးစပ်ကနေ ဖွင့်ဟမပြောနိုင်အောင်ပင် ဖြစ်ကြရတယ်။ ဒီစကားလုံးဟာ ရောဂါထက် ကြောက်စရာ ကောင်းနေကြတာကိုလည်း တွေ့ရတတ်ပါတယ်။ အမှန်တကယ်တော့ ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ နူနာရောဂါဟာ ကူးစက်ပုံ အခဲယဉ်းဆုံး ရောဂါဖြစ်ပါတယ်။ ဒါပေမယ့်လည်း … လူအများဟာ ဒီရောဂါအမည်ကို ကြားရုံနဲ့ပဲ ထိတ်လန့်ကြောက်ရွံ့နေတတ်ကြပါတယ်။

အမှန်စင်စစ် အနာကြီးဝေဒနာရှင်တွေကို ဒီလောက်ကြောက်နေတာဟာ အကျည်းတန်ပြီး၊ ကိုယ်ကာယပျက်ယွင်းစေတဲ့ သဘောကြောင့်လည်း ဖြစ်တန်ရာပါတယ်။
ဒါပေမဲ့လည်း စာရေးသူဟာ … မကွယ်မဝှက် သူမရဲ့ ဘဝအဖြစ်မှန်ကို ပရိသတ်ကို သတ္တိရှိရှိ တင်ပြထားတာကို ဖတ်မိပြီးမှ အနာကြီးဝေဒနာရှင်တွေရဲ့ ရုပ်ပိုင်းခံစားမှုဟာ ပတ်ဝန်းကျင်ရဲ့ မစာမနာထိုးနှက်မှုတွေကြောင့် ခံရတဲ့ စိတ်ဝေဒနာနဲ့စာရင် အသေးအဖွဲပဲဆိုတာကို သိလာရပါတယ်။
(ခ)
ဆရာမကြီး စိန်စိန်ကို သာယာဝတီမြို့ ကျောင်းစုရပ်မှာ အဖ ဦးမိုးသီး၊ အမိ ဒေါ်ကြီးညိုတို့ကနေ ၁၉၂၈ ခုနှစ်မှာ ဖွားမြင်ခဲ့ပါတယ်။၁၂ နှစ်သမီးအရွယ်ကစပြီး စာတိုစာစတွေ စရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နောက်ပိုင်း တိုင်းရင်းမေဂျယ်နယ်မှာ လေးချိုးကြီးတပုဒ်ကို ရေးသားခဲ့တယ်။ ဂျယ်နယ်ကျော်မှာလည်း ‘ဂနိုင်မေ’၊ ‘စိန်စိန်’၊ ‘အထွေးး’ ဆိုတဲ့ ကလောင်အမည်တွေနဲ့လည်း ရေးသားခဲ့ပါတယ်။
၁၉၅၄ ခုနှစ်မှာ “သားလိမ္မာ” ဝတ္ထုနဲ့ ရှုမဝ တထောင်ဆုကို ရရှိခဲ့ပါတယ်။
၁၉၅၇ ခုနှစ်မှာ “အလွမ်းသစ္စာ” ဝတ္ထုနဲ့ ဘားမားစတား ဝတ္ထုရှည်ပြိုင်ပွဲမှာ ဆုငွေ ၁၅ဝဝ ချီးမြှင့်ခံရပါတယ်။
၁၉၆၃ ခုနှစ်မှာ “လွမ်းသစ္စာတိုင်” ဝတ္ထုနဲ့ အမျိုးသားစာပေဆု ပထမဆု ချီးမြှင့်ခံရတယ်။
၁၉၆၆ ခုနှစ်မှာ “ရိုးမတောင်ကြီးကိုသာ ဖြိုလိုက်ချင်တော့” ဝတ္ထုနဲ့ အမျိုးသားစာပေဆု (ဝတ္ထုဆု) ရရှိခဲ့တယ်။
၁၉၇ဝ ခုနှစ်မှာတော့ … “ခရီးဝင်္ကပါ” ဝတ္ထုနဲ့ အမျိုးသားစာပေဆု (စာပေဒေသဆု) ဆွတ်ခူးရရှိခဲ့ပြန်တယ်။
ဆရာမကြီးစိန်စိန်ဟာ တို့ဗမာ (ဆင်းရဲသား) အစည်းအရုံးရဲ့ ခရိုင်မှူး သခင်ချစ်မောင် (ဝိဓူရ သခင်ချစ်မောင်) နဲ့အတူ တို့ဗမာအစည်းအရုံးဝယ် အမျိုးသမီးဌာနခွဲမှာ “တို့ဗမာမမှူး” ခေါ်တဲ့ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ပြီး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။
ဝတ္ထုအတို၊ အရှည်၊ ဆောင်းပါးအတိုအရှည် ပုဒ်ရေ ၁ဝဝ လောက် ရေးသားခဲ့တယ်။ ဆရာကြီးစိန်စိန်ဟာ ၁၉၇၂ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ သူမရဲ့ဇာတိ သာယာဝတီမြို့မှာပဲ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ အမျိုးသား စာပေဆုရှင်၊ ရှုမဝ တထောင်ဆုရှင်၊ ကွယ်လွန်သူ နာမည်ကျော် ဝတ္ထုရေးဆရာမကြီး စိန်စိန်ဟာ ရိုးရှင်းပြေပြစ်ပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ သူရဲ့ ဝတ္ထုရေးဟန်တွေနဲ့ ရှုမဝမဂ္ဂဇင်း ခေတ်တခေတ်ကို လွှမ်းမိုးခဲ့ဖူးသူ ဖြစ်ပါတယ်။
(ဂ)
ဆရာမကြီးစိန်စိန်ရဲ့ ဘဝဟာ အိပ်ရာကုတင်တလုံးကို တလောက လုပ်ကာ ကျဉ်းမြောင်းစွာ အသက်ရှင်ရတဲ့ အချိန်က ပိုများလှပါတယ်။တချိန်ကဆို ၃ လတာမျှ ထမင်းကို လုံးဝမစားနိုင်။ မုန့်ဟင်းခါး လက်သုတ်ကလေးနဲ့ နွားနို့အနည်းငယ်ပဲ စားပြီး ပြင်းထန်တဲ့ ဆေးဒဏ်ကို အံတုလို့ နေခဲ့ရပါတယ်။
လှုပ်ရှားသွားလာလည်း မလုပ်နိုင်၊ အိပ်ရာထက်မှာ လျောင်းခွေနေရတဲ့ အချိန်က ပိုများပါတယ်။ အိပ်ယာထက်မှာ လဲလျောင်းနေရင်း ဘဝနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ညီညွတ်စေလိုတဲ့၊ သင့်မြတ်စေလိုတဲ့၊ ငြိမ်းချမ်းစေလိုတဲ့ စေတနာဆန္ဒတွေက သူ့မှာ ရင်နဲ့အမျှ ဖြစ်ပေါ်လို့ နေပါတယ် … ။
“ကျမ၏ မျှော်လင့်ကိုးစားမှုများသည် မကြာမတင် လွှင့်စဉ်ကျေပျက်လုလု ဖြစ်ရပြန်လေသော လက်ဝဲညီညွတ်ရေး ခေါ်ပါသည်၊ ထိုကာမှပင် ဖဆပလ ဥက္ကဋ္ဌ ဦးနု၏ မူနှင့် ပြည်သူ့ရဲဘော်မူဟူ၍ နှစ်မူဖြစ်ကာ ကွဲပြဲရေးသို့ ရှေးရှုဦးတည်လာသောကြောင့် ဖြစ်လေသည်။ ကျမသည် စိတ်ယောက်ယက်ခတ်ကာ ရတက်မအားနိုင် ဖြစ်နေရပြန်သည်။ သည်တော့ ကိုယ်ရင်ထဲမှာ စိုးရိမ်ပူပန်ခြင်းနှင့် သဘောထားဆန္ဒများကို စာလုံးအဖြစ် ဖွင့်ထုတ်ရန် စိုင်းပြင်းရတော့သည်။
ထို့နောက်တွင်တော့ ကျမသည် တုန်ရီယိုင်နွဲ့သော ခြေလှမ်းများဖြင့် အိမ်မှထွက်လာ ခပ်လှမ်းလှမ်း (တလှမ်းကျော်) မှ စာတိုက်ပုံးငယ်ထဲမှာ ထိုစာခေါက်ကို ကိုယ်တိုင်သွားထည့်လိုက်လေသည်။ ရင်နှင့်မဆန့်တော့သော စိတ်ဆန္ဒကြောင့် လုပ်မိလုပ်ရာ လုပ်လာခဲ့သော ကျမကတော့ အိမ်ပြန်ရောက်မှပင် ကုတင်ပေါ်မှာ ပစ်လှဲကာ မောဟိုက်နေပေသည်” (ခရီးဝင်္ကပါ၊ စာမျက်နှာ ၂၉၉ - ၃ဝဝ မှ)
(ဃ)
ဆရာမကြီး စိန်စိန်ရဲ့ဘဝဟာ ကြမ်းတမ်းလှတယ်၊ ဆိုးသွမ်းလှတယ်၊ ဆိုရုံမျှနဲ့ မပြည့်စုံ။ သူမရဲ့ဘဝဟာ တကယ်ကို အောက်ကျနောက်ကျ ဖြစ်ရှိခဲ့ရပါတယ်။ဒါပေမဲ့ သူ့ဘဝကို သူအရှုံးမပေးဘဲ၊ လောကဓံကို ကြံ့ကြံ့ခံပြီး တက်လှမ်းခဲ့တာကိုလည်း တွေ့ရပါတယ်။
ဆရာမကြီးစိန်စိန်ဟာ … ၁၉၅၂ ခုနှစ်မှာ “သားလိမ္မာ” ဝတ္ထုနဲ့ ရှုမဝ တထောင်ဆုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ၁၉၅၃ ခုနှစ်မှာ ဆုပေးတဲ့ ဘုတ်အဖွဲ့မှ စာပြန်ကြားရာတွင် …
“ဆုရသွားသော ဝတ္ထုနှင့် မစိန်စိန် ရေးသားသော “သားလိမ္မာ” ဝတ္ထုမှာ အတော်ကြီးပင် အကြိတ်အနယ် ယှဉ်ပြိုင်ရပြီးခါမှ နှာတဖျားဖြင့် ဆုကို ယူ၍ သွားပါသည်ဟု ဆိုချင်ပါသည်။” (ခရီးဝင်္ကပါ၊ စာမျက်နှာ ၄၂၅ မှ)
၁၉၅၄ ခုနှစ်တွင်လည်း စိန်စိန်နဲ့ မောင်နှမတော်စပ်တဲ့ ကိုသန်းဆွေ (မောင်သိင်္ခ) ရဲ့ “သိကြားစေ” ဝတ္ထုနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး “သားလိမ္မာ” ဝတ္ထုဖြင့်ပင် ပထမဆုကို ဆွတ်ခူးရရှိခဲ့တယ်။ ဆရာမကြီးစိန်စိန်က သူမ ဆုရရှိခဲ့ပုံကို …
“၁၉၅၄ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင်ကား ရှုမဝ ၁ဝဝဝ ဆုကို “သားလိမ္မာ” ဝတ္ထုဖြင့် ဆွတ်ခူးလိုက်ကြောင်းကို သံကြိုးရောက်လာလေသည်။
သို့သော် သံကြိုးစာကို လက်ခံရရှိပြီးနောက် ကျမအနေနဲ့ ဆွေ့ဆွေ့ခုန် ဝမ်းသာသွားတော့မည်ဟု ထင်လျှင်ကား တက်တက်စင် လွှဲမှားပေတော့မည်။ စင်စစ်မှာကား ကျမသည် သံကြိုးစာကို လက်ခံပြီးသည်နှင့် တပြိုင်နက် အိပ်ယာထဲမှာပင် လှဲကာ သည်းသည်းထန်ထန် ငိုပွဲကြီး ဆင်နေရတယ်။
အစဉ်အလာအတိုင်း လူပုံပရိသတ်အလယ်မှာ အခမ်းအနားနှင့် ချီးမြှင့်ပေလိမ့်မယ်။ လူသူပရိသတ်ကို အဝေးကြီးက ကွင်းရှောင်ကာ ပွဲလည်မတင့်နိုင်သော ကျမဘဝနှင့်မူ ပြောင်ပြောင်ကြီး ဆန့်ကျင်နေသည် ဖြစ်ပါ၏။ သည်ပုံနှင့် ဆုပေးပွဲကို ကျမ တက်ရောက်ရမည်ကို တွေးလိုက်တိုင်း မဝံ့မရဲရှိလှပါချေသည်။ ကျမ ဝမ်းမနည်းလျှင် နေနိုင်ပါမည်လား…။” (ခရီးဝင်္ကပါ၊ စာမျက်နှာ - ၄၄၅ - ၄၄၆ မှ)
(င)
ခရီးဝင်္ကပါဟာ ဆရာမကြီးစိန်စိန်ရဲ့ ဘဝကြေးမုံပြင်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ သူမအကြောင်း၊ သူမဘဝဖြစ်ရပ်ကို သတ္တိရှိရှိ၊ ရဲရဲရင့်ရင့် ဖွင့်ဟထုတ်ဖော်ဝန်ခံထားပါတယ်။အကွေ့အကောက်၊ အချိုးအဆစ် ပေါများသလောက် ခလုတ်ကန်သင်း ပေါများတဲ့ ခရီးကြမ်းဝင်္ကပါကို မှန်းဆလျှောက်လှမ်းခဲ့ရာမှာ ဆရာမကြီးစိန်စိန်ရဲ့ ရှုံးနိမ့်တဲ့၊ အောင်မြင်တဲ့၊ တက်ကြွတဲ့၊ စိတ်အားငယ်ရတဲ့ ဖြစ်ရပ်မျိုးစုံကို တွေ့ရတယ်။
“ခရီးကွန်ခြာ၊ ဝင်္ကပါကို
ငါလျှင် တယောက်၊ အားသွန်လျှောက်ခဲ့။
နှလုံးကြေကွဲ၊ ရင်နာပွဲနှင့်
လိမ့်လဲလွင့်ကြွေ၊ စိမ့်မျက်ရည်နှင့်
အခြေမလှ၊ ဒီဘဝ၌
နှင်ရသည်မှာ၊ မောစရာပင်။”







