စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > စာအုပ်စင် > မြေတော်လမ်း … အလွမ်း

မြေတော်လမ်း … အလွမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(၁)

“ ရွှေလမ်း ငွေလမ်းခင်းလို့ပေးမယ့်… ကျော်၊ ကျော်၊ ကျော်…။
တို့ ဖေကြီးကျော်၊ ငွေဆိုငွေမရှား၊ ရွှေဆိုရွှေမရှား စိန်ဆိုပတ္တမြား အများလိုရာတွေ… ရကြပါစေ ရပါစေ…”
khin_khin_htoo
နတ်သီချင်းသံနှင့် နတ်ဒိုးသံက ရောထွေး၍နေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝ ကျော်၊ ၄ဝ ခန့်က ဖြစ်၏။ ကျနော်က ကလေးအရွယ်ပင်…။ ကျနော်တို့နေထိုင်ရာ နယ်မြို့လေးတွင် နတ်ကနားပေး၍ ကိုကြီးကျော်နတ်အား “ချော့“ နေခြင်းဖြစ်၏။ နတ်ကတော်က… မိတ်ကပ်ထူထူကြီး လိမ်းပြီး နတ်ဝတ်နတ်စားများနှင့်…။ သူ၏ နတ်ဝင်နေဟန်ကို ကျနော်တို့ ကလေးတသိုက်က၊ သဘောကျ၍နေသည်။ နတ်ကရာ  ကျနော်တို့ မော့၍နေကြခြင်း…။ မိုးလင်း၊ မိုးချုပ်… ။ ကနားရှင်ပွဲ မသိမ်းမချင်း၊ ထ၍မပြန်ကြ။ ထမင်းမေ့၊ ဟင်းမေ့ပင်။ မိဘများခေါ်မှ ယက်ကန်ယက်ကန်နှင့် ပြန်ခဲ့ကြ၏။ ဆိုင်းသံ…၊ နတ်ဒိုးသံ…၊ နတ်သီချင်းနှင့် နတ်ကတော် မိတ်ကပ်ဖွေးဖွေးကြီးကို ကြည့်ရသည်မှာ ပျော်ရွှင်စရာပင်…။

ဆရာဇော်ဂျီ၏ နတ်နှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ် ဖတ်ဖူး၏။ ဆရာဇော်ဂျီက နတ်ဒိုးနှင့် နတ်သီချင်းများသည် မြန်မာသံစဉ် ကိုယ်ပိုင်စစ်စစ်များ ဖြစ်သည်ဟု ဆိုသည်။ မည်သည့်ဒေသ၊ မည်သည့်ဂီတကမှ ကူးချထားသည့် ကော်ပီသံစဉ်များ မဟုတ်ဟု အထောက်အထားနှင့် ဆရာက ရေးသားထား၏။ မြန်မာသံစဉ်စစ်စစ် နတ်ဒိုးဂီတများ…။

“ရွှေကူနီ နန်းတလျှောက် ထန်းပေါက်တွေက ဝေဝေဆာဆာ…၊ သခင်ကျော်တို့နေရာမှ သေချာစွာ ရှုစမ်းကွဲ့…၊ ရွှေခန်းမြို့က ဖေဖေကျော်ပါ။ ကူနီနန်းက ဘဘကျော်ပါ …၊ ကူနီနန်းက ဘုရင်ကျော်ပါဟာ … ထင်ပေါ်စွာ မ … မယ်ပါ့မနှေး အေးဟေး…၊ ထင်ပေါ်စွာ မ မယ်ပါ့မနှေး အေးဟေး…”

(၂)

စာရေးသူအမည်               ခင်ခင်ထူး
စာအုပ်အမည်                   ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်
စာမူခွင့်ပြုချက်အမှတ်         ၅ဝဝ၈၃၇ဝ၅ဝ၆
ထုတ်ဝေသူ                     လှပိုင်
အုပ်ရေ                           (၅ဝဝ) ပထမအကြိမ် - ၂ဝဝ၅ ခုနှစ်၊ ဒီဇင်ဘာလ
(ချမ်းမြေ့ရတနာ စာအုပ်တိုက်)
တန်ဖိုး                            ၈ဝဝ ကျပ်

ဆရာမခင်ခင်ထူး၏ “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်” ဝတ္တျရှည်ကို မဟေသီ မဂ္ဂဇင်းတွင် ၂ဝဝ၄ ခုနှစ် ဧပြီလမှစ၍ ပြတ်တောင်းပြတ်တောင်း ဖတ်ခဲ့ရ၏။ အားမရခဲ့။ ယခုမူ… ချမ်းမြေ့ရတနာ စာအုပ်တိုက်မှ တစုတစည်းတည်း လုံးချင်းထုတ်ဝေသည့်အတွက် အားပါးတရ ပြန်ဖတ်ရသည်။ အကြိမ်ကြိမ်ဖတ်၍ အပြန်ပြန် ခံစားရသည်။ ဝတ္တုက… ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြား ရှိသည့် ဖြုံဖူးရွာ၊ ကျောက်ဖူးရွာ၊ မီးလောင်ကျွန်းရွာ၊ ချင်းယားရွာ အစရှိသည့် ကျွန်း ၁၂ ရွာကို နောက်ခံကျောရိုးယူ၍ ရေးထားသော ဝတ္တုဖြစ်သည်။ ဝတ္တုဟု ဆိုသော်လည်း စိတ်ကူးယဉ်၍ ဇာတ်လမ်းဆင် ဇာတ်အိမ်ဖွဲ့ထားသည့် ဝတ္တုဟူ၍က မဟုတ်…၊ ဆရာမခင်ခင်ထူး၏ ညီအမဝမ်းကွဲတော်စပ်သူ တယောက်၏ တကယ်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ဇာတ်အိမ်ဖွဲ့ပြီး ရေးထားသည့် ဝတ္တုရှည်တပုဒ် ဖြစ်သည်ဟု … မောင်သန်းဆွေ (ထားဝယ်) ၏ ဆောင်းပါးတပုဒ်တွင် ဆရာမခင်ခင်ထူးက ပြောသည်ကို ဖတ်ရ၏။ ပြီးလျှင်… အထက်မြန်မာပြည် (အညာ) ၌ ရှိသည့် ဒေသခံများ၏ ဘာသာတရားကိုင်ရှိုင်းပုံ၊ ရိုးရာယုံကြည်မှု အစွဲကြီးပုံတို့ကို ဆရာမခင်ခင်ထူးက အညာသံ၊ အညာဓလေ့၊ အညာစရိုက်တို့နှင့် ပီပီပြင်ပြင် တင်ပြထားသည်မှာ ကြည်နူးလွမ်းမောစရာပင်…။

“မနက်အစောကြီး ရှိသေးတယ်” ဆိုသည်ကို “စောရေခေါင်ကြီး ရှိရှိသေးသဲ့” ဟု အညာသံနှင့် ပြောထားသည်မှာ တမျိုးတဘာသာ ထူးဆန်း၍နေသည်။ အချို့သော စကားလုံး အသုံးအနှုန်းတို့ အောက်မြန်မာပြည်နှင့် မတူ…။ ကွဲ၍နေ၏။ မောင်နှမထဲမှ အကြီးဆုံး အကိုကြီးကို အောက်ဗမာပြည်တွင် “အကိုကြီး” ဟုခေါ်၍ အညာတွင်မူ “မောင်ကြီး” ဟု ခေါ်သည်။ ‘မောင်ကြီး’ ဟူသည့် အသံက … တမျိုးနဝင်းချိုစရာ…။

(၃)
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ကျွန်း ၁၂ ရွာတွင် နေကြသည့် ကျွန်းသူကျွန်းသား ဒေသခံတို့သည် ကိုကြီးကျော်နတ်ကို အရိုးခိုက်အောင် ယုံကြည်ကိုးကွယ်ကြ၏။ ဝါဆိုဝါခေါင်၌ ချင်းတွင်းနှင့် ဧရာဝတီမြစ်မှ မြစ်ရေများ ကမ်းပြည့်တက်လာတတ်သည်။ ဤသို့ရေကြီးပါက မြေပြင်ကို လုံးဝမမြင်ရတော့။ တခွင်တပြင်လုံး ရေပြင်ကြီး ဖြစ်ကုန်သည်။ မြစ်ရေများ ကျဆင်းသည့်အခါ နုန်းတင်မြေနုကျွန်းကြီးအဖြစ် ကျန်ရစ်ခဲ့သည်။ ဤမြေနုကျွန်းမြေက မြေသြဇာ အထူးချစရာမလို။ သီးနှံများ ဖြစ်ထွန်း၏။ ဤသည်ကိုပင် ကျွန်းသူကျွန်းသားတို့က ကိုကြီးကျော်နတ်က စောင့်ရှောက်ပေးခြင်းဖြစ်သည်ဟု ဒေသခံတို့ ယုံကြည်ကြ၏။

“ချင်းတွင်းမြစ်ကြီးကို မောင်ကြီးကျော် တူးခဲ့သာပေါ့ …၊ တူးမြောင်းဖောက်ပြီး ရေကို စကြိုသဲ့နေရာကို ရေစကြိုသဲ့တော့်…၊ အဲသည် တူးမြောင်းက ရေမဆင်းသာကို ရမယ်ရှာပြီး နောင်တော်မင်းက ကွပ်မျက်လို့ ကံကုန်ရရှာသာ … ဒါပေသိ မင်းကျော်စွာက နတ်ဖြစ်သွားပြီး ကူနီဘုရားနား နန်းနဲ့နေသာ…၊ ကူနီနန်းမှာစံရင်း သည်နယ်ကို အပိုင်စားရတော့ မောင်ကြီးကျော်က သူ့နယ်သမီး နယ်သားတွေကို စောင့်ရှောက်သဲ့သဘောပေါ့အေ့ …၊ မြေဆီမြေခဲများ ကောင်းအောင် နှစ်စဉ်မသယ်…၊ သဟာတွေကြောင့် တနှစ်တခါ မောင်ကြီးကျော် ပွဲနန်းထိ နန်းရောက်သွားကြ ဆက်ကြရသာပေါ့အေ့…၊ အရိုးခိုက်အောင် ကိုးကွယ်ကြသာသဟာပေါ့ ” (စာမျက်နှာ ၅-၆ မှ )

ဆရာမခင်ခင်ထူးက ကျွန်းသူမကြီး၏ ‘လေ’ ကို အမိဖမ်း၍ ရေးနိုင်သူဖြစ်သည်။ အသက် ၅ဝ ကျော် အညာသူမကြီးတဦး ပြောင်ဖူးဖက် ဆေးလိပ်ကြီး ဖွာရင်း၊ အနားတွင် ထိုင်ပြောနေသကဲ့သို့ ကြားယောင်လာမိသည်။

(၄)
ကိုကြီးကျော်နန်း (ကူနီနန်း) ကို ပွဲတော်ချိန်ရောက်သည့်အခါတိုင်း   အနယ်နယ် အရပ်ရပ်မှ နတ်ကတော်များ၊ ယုံကြည်ကိုးကွယ်သူများ၊ ဈေးသည်များ လာကြ၏။ ကြက်ပျံမကျ စည်းကားလှ၏။ ကိုကြီးကျော် နတ်နန်းစည်ကားပုံကို ဆရာမက…။

“တယောက်ထဘီစ တယောက်ဆွဲထား မလွတ်စေနဲ့ ငါရှေ့က ရအောင်တိုးမယ်… ဘာရလိမ့်မတုံးအေ…၊ မိကျော့သဲ့ဟေ့နော်…၊ မောင်ကြီးကျော်လက်ထဲ ပန်းဆက်နိုင်မှ ရွာပြန်မယ်ဟေ့…”

အရီးကျော့က အံကိုတင်းတင်းကြိတ်ကာ မာန်တွေသွင်းရင်း ရှေ့ကနေ ခွတိုးနေတော့၏။ အရီးကျော့နောက်က မမိဂျမ်းက ထဘီခါးစထဲလက်သွင်း၍ ဆွဲလိုက်သလို ခင်နှောင်းကလည်း မမိဂျမ်းခါးကိုဆွဲ၊ ခင်နှောင်းခါးကို မမိစန်းကဆွဲ။ ခင်နှောင်းတို့ ငယ်ငယ်က လသာသာ တလင်းပြင်တွင် ကစားခဲ့ကြသည့် ရွှေစွန်ညို ဘာလို့ဝဲဆိုတာနှင့်ပင် တူတော့သည်။

လူတွေက ပန်းတွေမကျိုးအောင် မြှောက်ကိုင်ထားကြတော့ ပန်းယိမ်းကနေကြသလို ဖြစ်နေကြ၏။ တဝေါဝေါ လူတိုးသံတွေကြားက နတ်သီချင်းသံက အပြိုင်ထွက်နေသည်။ (စာမျက်နှာ ၈၈-၈၉ မှ)

ကျွန်း ၁၂ ရွာမှ ဒေသခံတို့သည်လည်း ပွဲတော်သို့ သူတို့၏ ဓလေ့ထုံးစံအတိုင်း သွားကြ၏။ လှည်းဦးတွင် အသံချဲ့စက်ကြီးဖွင့်၍ နတ်ဒိုးသံတို့က ဝေစည်၍နေသည်။ သောက်ရေအိုး၊ ထမင်းအိုးတောင်း၊ ဟင်းအိုးတောင်းတို့ကို လှည်းယာဉ်ပေါ်တွင် တင်ကြ၏။ စောင်၊ အဝတ်အစားများလည်း ပါကြသည်။ လှည်းတန်းကြီးက ၂ဝ-၃ဝ မျှ…။ ပွဲခင်းသို့ ရောက်လျှင် ကိုယ့်အစုနှင့်ကိုယ် လှည်းဝိုင်းများ ဖွဲ့၍နေကြသည်။ ချက်ကြ၊ ပြုတ်ကြ၊ စားသောက်ကြသည်။ ဤဓလေ့ကား ပွဲတော်သွား မြန်မာ့ရိုးရာ ကျေးလက်ဓလေ့ဟု ဆိုရမည်။ ပကာသနမရှိ။ တလှည်းနှင့်တလှည်း ဟင်းခွက်များ လဲစားကြသည်။ မြန်မာ့ယဉ်ကျေးမှု၏ ဟင်းခွက်ကူး ဓလေ့က အချင်းချင်း တယောက်ကိုတယောက် ရင်းနှီးချစ်ခင်မှုကို ရရှိစေသည်ဟု ဆိုရမည်ပင်။ လက်ရေတပြင်တည်း ရှိသည့် ချစ်စရာကောင်းသည့် ယဉ်ကျေးမှုတခု…။

(၅)
မဂ္ဂဇင်းတစောင်တွင် ဟောလိဝုဒ်မှ အောင်မြင်သည့် အဆိုတော်တဖြစ်လဲ မင်းသမီးတယောက်အကြောင်း ဖတ်လိုက်ရသည်။ သူမက အိမ်ထောင် တဆက်ပြီးတဆက် ပြုသည်။ အိမ်ထောင်များရခြင်းနှင့် ပတ်သက်ပြီး သူမက … ဤကိစ္စသည် သူနှင့်သာ ဆိုင်သည်ဟု အင်တာဗျူးတခုတွင် ဖွင့်ဟပြော၏။ အနုပညာနှင့် မပတ်သက်ကြောင်း ဆိုချင်ဟန်တူသည်။ ပရိသတ်များကလည်း သူမ၏ အနုပညာကိုသာ အားပေးခြင်း ဖြစ်သည့်အတွက် ဆက်လက်အားပေး၊ ဆက်လက်အောင်မြင်နေဆဲဖြစ်၏။ ဤနေရာတွင်၊ မြန်မာနိုင်ငံမှ အနုပညာ ပရိသတ်များနှင့်မူ လုံးဝဆန့်ကျင်၍နေသည်။ မြန်မာပရိသတ်က သူတို့ ချစ်ခင်အားပေးသည့် အနုပညာရှင်သည် အနုပညာကိုလည်း ကောင်းရမည်။ ကိုယ်ကျင့်တရားလည်း သန့်ရှင်းစင်ကြယ်ရမည်။ အထူးသဖြင့် လိင်ကိစ္စ ရိုးသားရမည်။ အိမ်ထောင်အဆက်များ၍ မရိုးသားတော့ဘူးဆိုသည်နှင့် ပရိသတ်၏ အားပေးမှုသည် ကျသွားလိမ့်မည်။ မြန်မာပရိသတ်က အနုပညာစံနှင့် ယဉ်ကျေးမှုစံ နှစ်ခုစလုံးဖြင့် အားပေးခြင်း ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုတွင်ကား… တလင်တမယားစနစ်ကို အားပေးသည်။ လိုလားသည်။ တန်ဖိုးထားသည်။ သို့သော် တပင်လဲ၍ တပင်ထူခြင်းကိုမူ ခြွင်းချက်အဖြစ် လက်ခံ၏။

ဆရာမခင်ခင်ထူးက အထက်မြန်မာပြည် အညာသူ၊ အညာသားတို့၏ ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ် ‘စံ’ တန်ဖိုးထားမှုများကိုလည်း “ဝတ်လဲတော် ရွှေပုဆိုး” တွင် ထည့်၍ ရေးထား၏။

“ခင်နှောင်းတို့နယ်တွင် တလင်တရည်းစား ညားကြတာကို လူမှုရေး ဂုဏ်ယူစရာ သဘောထားတတ်ကြသည်။ အိုသည့်နောက် ခလေးမိခင် ဖြစ်သည့်တိုင် ရည်စားများသော လက်ရှိ အပျိုမိန်းကလေးထက် ဂုဏ်ရှိနေတတ်ကြသေးသည်။ သည်ဂုဏ်က မျိုးရိုးစဉ်ဆက်အထိတောင် လိုက်တတ်သေး၏။ ဒါကြောင့်လည်း ခင်နှောင်းတို့ ကျေးတောနေ မိန်းမသူ ကလေးအများစုမှာ ရည်စားသနားထားဖြစ်ကြတော့ ခဲယဉ်းတတ်ကြသလို တဦးနှင့်တဦး ချစ်ကြိုက်ကြပြီဆိုလျှင် ကြည်ကြည်ဖြူဖြူ ယူလိုက်ကြသည်သာ များ၏။ မိဘ သဘောတူလောက်သူကိုမှ ရွေးလက်ခံတတ်ကြသည်။ မိဘ သဘောမတူဘဲ ခိုးရာလိုက်ပြေးသတဲ့ ဆိုလျှင်ပင် သည်မိန်းကလေးကို မေးငေါ့ချင်ချင်။ လှသလောက် မျက်နှာများချင်သူမျိုးကို အသိုင်းအဝိုင်းက အင်တင်တင် လုပ်ချင်ကြသည်” (စာမျက်နှာ - ၁၅၂ မှ )

(၆)
ဝတ်လဲတော်ရွှေပုဆိုးက …. အမှန်စင်စစ်ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ရေးဖွဲ့ထားခြင်း ဖြစ်သည်ဟု … ဆရာမောင်သန်းဆွေ (ထားဝယ်) ၏ ‘ဝတ်လဲတော် ရွှေပုဆိုးနဲ့ ကျနော် …’ ဆောင်းပါးတွင် ဆရာမခင်ခင်ထူးက ပြောကြောင်း ဆိုသည်။ မြင်းခြံခရိုင်အတွင်းရှိ ‘ဥဒယ’ ရွာမှ မသစ်သစ်နှင့် ကိုဖိုးအေးတို့ အဖြစ်အပျက် ဖြစ်သည်။ ကိုဖိုးအေးက …. ဝတ်လဲတော် ရွှေပုဆိုးတွင် …. ကိုကျီးညို ဖြစ်လာခဲ့ပြီး၊ မသစ်သစ်က …. ခင်နှောင်း….။ လယ်ပိုင်ရှင်သမီးနှင့် လယ်ကူလီတို့ ကြေကွဲဖွယ် မေတ္တာဇာတ်လမ်း….။

အပြင်တွင် …. ကိုဖိုးအေး ကွယ်လွန်ခဲ့ပြီ….။ ဝတ်လဲတော် ရွှေပုဆိုးတွင်လည်း ကိုကျီးညို ကွယ်လွန်ခဲ့၏။ သို့သော် ….. အပြင်တွင်က …. မသစ်သစ်သည် … ကိုဖိုးအေး၏ သတင်း ကြားသိရပြီး …. ပိုးသတ်ဆေးရည် သောက်၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်၏။ ကြေကွဲဖွယ်ရာပင် ….။ ဆရာမခင်ခင်ထူးက …. ‘ဝတ်လဲတော် ရွှေပုဆိုး’ တွင်မူ …. ခင်နှောင်းကို မသေစေဘဲ …. ဤသို့ လှလှပပ အဆုံးသတ်လိုက်၏။

“ခင်နှောင်း ခေါင်းက သရဖီပန်းကုံးကလေးကို အသာအယာ ရစ်ဖြေယူလိုက်သည်။ ပြီးတော့ အသာအယာ နမ်းလိုက်မိပါ၏။ သရဖီပန်းကလေးမှာ မျက်ရည်တွေ လူးကျံခဲ့ပြီ”

ဆရာမက သရဖီပန်းကလေးမှာ မျက်ရည်တွေ လူးကျံခဲ့ပြီဟု ….. ‘ကျံ’ ကို ‘ကျန်’ ဟု မရေး ….။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1604 guests online