(က)
ကျနော် နှစ်သက်မြတ်နိုးသည့် စာပေ အမျိုးအစားများတွင် အတ္ထုပတ္တိ စာပေအမျိုးအစားသည်လည်း တခုအပါအဝင် ဖြစ်၏။ အတ္ထုပတ္တိစာပေတွင် ….. ဘဝကိုလည်း တွေ့ရ၏။ ပြီးလျှင် …. ထိတွေ့ဖြတ်သန်းခဲ့သည့် ခေတ်ပြိုင် သမိုင်းကြေးမုံကိုလည်း မြင်ရ၊ သိရှိရ၏။ ဤအတွက်ပင် ….. လက်လှမ်းမီသမျှ အတ္ထုပတ္တိစာပေများ ရှာဖွေ၍ ဖတ်မိခဲ့၏။
အောင်သန်း၏ အောင်ဆန်း…ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း…..
ဒဂုန်တာရာ၏ ဒဂုန်တာရာ…..
ဦးနု၏ တာတေစနေသား…… စသဖြင့်….စသဖြင့်……။
ဤတွင် ….. အတ္ထုပတ္တိ စာပေကို နှစ်မျိုးတွေ့မြင်ရ၏။ ကိုယ်တိုင်ရေး အတ္ထုပတ္တိနှင့် အခြားတပါးသူမှ ရေးသည့် အတ္ထုပတ္တိစာပေဟူ၍ ဖြစ်သည်။ မည်သို့သော … အတ္ထုပတ္တိစာပေမျိုးပင် ဖြစ်ပါစေ ….. အတ္ထုပတ္တိစာပေ၏ အဓိက အသက်သွေးကြောက …. စာရေးသူ၏ “စေတနာ၊ ရည်ရွယ်ချက်နှင့် ရိုးဖြောင့်မှု” ဟု ဆိုချင်၏။
ရိုးဖြောင့်မှုတန်ဖိုး အထူ၊ အပါးအပေါ်တွင် မူတည်၍ အတ္ထုပတ္တိစာပေ၏ စာပေတန်ဖိုး အပါး၊ အထူသည်လည်း ဖြစ်ရှိနေပေလိမ့်မည်။ အချိုးက တိုက်ရိုက်အချိုးပင် …..။
စာအုပ်အမည် နောက်တန်းက ဗမာတယောက်
ရေးသူ အေးဆောင်
မျက်နှာဖုံး ဟန်လေး
ထုတ်ဝသူ ဦးအေးဆောင်
ပုံနှိပ်မှတ်တမ်း Burma in the Back Row
(ပထမအကြိမ်၊ အင်္ဂလိပ်ဘာသာဖြင့်)
သူပုန်တယောက်ရဲ့ ဒိုင်ယာယီ
(မစ္စတာ ဘူးတီမှ အင်ဒိုနီးရှားဘာသာဖြင့် ပထမအကြိမ် ထုတ်ဝေ)
နောက်တန်းက ဗမာတယောက်
(ပထမအကြိမ်၊ မြန်မာဘာသာဖြင့်)
တန်ဖိုး ၃ဝဝ- ဘတ်သူပုန်တယောက်ရဲ့ ဒိုင်ယာယီ
(မစ္စတာ ဘူးတီမှ အင်ဒိုနီးရှားဘာသာဖြင့် ပထမအကြိမ် ထုတ်ဝေ)
နောက်တန်းက ဗမာတယောက်
(ပထမအကြိမ်၊ မြန်မာဘာသာဖြင့်)
(ခ)
နောက်တန်းက ဗမာတယောက်က ….. ကိုယ်တိုင်ရေး အတ္ထုပတ္တိစာပေဖြစ်၏။ စာရေးသူ ဆရာအေးဆောင်သည်၊ နောက်တန်းက ဗမာတယောက်အား “Burma in the Back Row” အမည်နှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်ခန့်က အင်္ဂလိပ်လို ရေးခဲ့၏။ အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေခဲ့၏။ မစ္စတာဘူးတီကလည်း အင်ဒိုနီးရှားဘာသာသို့ ပြန်ဆို၍ “သူပုန်တယောက်၏ ဒိုင်ယာရီ” အမည်နှင့် အင်ဒိုနီးရှားတွင် ထုတ်ဝေခဲ့၏။နှစ်ပေါင်း ၂၅ နှစ် ကျော်လွန်ခဲ့ပြီးသည့်နောက်တွင်မှ၊ စာရေးသူ ဆရာအေးဆောင်ကိုယ်တိုင်ပင် “Burma in the Back Row” ကို “နောက်တန်းက ဗမာတယောက်” အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆို၍ ထုတ်ဝေနိုင်ခြင်း ဖြစ်၏။
နောက်တန်းက ဗမာတယောက်တွင် စာရေးသူ ဆရာအေးဆောင်၏ ဘဝရုပ်ပုံလွှာများ တွေ့ရ၏။ ဘဝရုပ်ပုံလွှာများက …. ဖျတ်ခနဲ၊ ဖျတ်ခနဲ …။
ရုပ်ဝါဒီတဦးဖြစ်လာပုံ၊ ကွန်မြူနစ်ပါတီ ဗမာပြည် (အလံနီ) ၏ ကျောင်းသားတပ်ဦးအဖွဲ့ဝင် မြေအောက် တော်လှန်ရေးသမားဘဝ၊ ဗိုလ်နေဝင်း၏ အကျဉ်းသား၊ ဝရမ်းပြေးဘဝနှင့် လက်နက်ကိုင် တော်လှန်ရေးသမားဘဝ …. စသည့် ဘဝအထွေထွေအား စုတ်ချက်ကြမ်းကြမ်းနှင့် တို့ထိပြထား၏။ ရသစွတ်၍ ရေးဖွဲ့သဖြင့် ဖတ်ရသည်မှာ မခြောက်သွေ့ ….။ စိုစိုစိမ်းစိမ်းရှိ၏။ ဘဝအဆစ်အပိုင်းများ ဆေးစက်ချရာတွင်မူ အထူအပါး အံချော်မှုများရှိနေသည်ဟု ခံစားရ၏။ ဝရမ်းပြေးရင်း ပန်းရံခဲကျွေး (ဘိလပ်မြေဖျော်သူ) အလုပ်ကြမ်း လုပ်ကိုင်ရပုံ၊ ကျောက်တူးသမားအဖြစ်နှင့် ကျောက်တူးခဲ့ရပုံတို့ ချယ်မှုန်းရာတွင် အနုစိတ်လွန်းသည်ဟု မြင်မိ၏။ ဤဖြတ်သန်းမှုတို့က …. ပုန်ကန်သူတဦး၏ ဘဝဖြတ်သန်းမှုဆိုင်ရာ၏ လက်အောက်ခံ အတွေ့အကြုံများသာဟု ယူဆမိသည်။ ဤအတွက် ပုန်ကန်သူ၏ဘဝ ….. ဖျော့၍ မှိန်သွားမည်ကို မချင့်မရဲ စိုးရိမ်မိ၏။
(ဂ)
စာအုပ်အဖွင့်ကို သူ၏ ငယ်စဉ်ကလေးဘဝနှင့် စ၍ဖွင့်၏။ ငယ်စဉ် လူမမယ်အရွယ်ကတည်းမှ စူးစမ်းသိမြင်လိုစိတ်ရှိပုံကို ….. နေအိမ်ခေါင်းရင်းရှိ ငှက်ပျောပင်မှ ငှက်ပျောခိုင်ကို ခုတ်ပြီး အပင်ကိုမူ မလှဲဘဲထား၏။ နောက်ထပ် ငှက်ပျောသီး၊ ထပ်၍ သီး၊ မသီး လက်တွေ့အချိန်ယူကာ စောင့်ကြည့်၏။ လများကြာ၍ ထိုငှက်ပျောပင်မှ ထပ်၍အသီးမသီးပါမှ ….. ငှက်ပျောပင်ဟူသည်မှာ တခါသာ သီးကြောင်း လက်တွေ့အသိနှင့် လက်ခံလိုက်ရပုံ ရေး၏။ ဆရာအေးဆောင်က သူ၏ ငယ်စဉ်ဘဝကို တို့ထိရင်း ….. သူဖြတ်သန်းခဲ့ရသည့် ခေတ်ပြိုင်နိုင်ငံရေး ပန်းချီကားချပ်ကိုလည်း စုပ်ချပ်ကြမ်းကြမ်းနှင့် ရေးချယ်ပြ၏။
ဆရာအေးဆောင်၏ ဖခင်က အာဏာရသန့်ရှင်း ဖဆပလ မှ ဖြစ်သည်။ မြို့နယ်အဆင့် (ဗတလစ) ၏ ခေါင်းဆောင်…..။ နောင်တွင် … သန့်ရှင်း ဖဆပလ ၏ တောင်ငူမြောက်ပိုင်း ရေတာရှည် မဲဆန္ဒနယ်မြေမှ ပါလီမန်အမတ် ဖြစ်လာ၏။ (ဗတလစ) ဟူသည်က “ ဗမာ့တောင်သူလယ်သမား အစည်းအရုံး” ဖြစ်သည်။
အာဏာရပါတီ၏ လယ်သမားအစည်းအရုံးဖြစ်၍ သြဇာအာဏာရှိ၏။ အာဏာရှိသော (ဗတလစ) ခေါင်းဆောင်နှင့် လယ်သမားတို့၏ ဆက်ဆံရေးကို ဆရာအေးဆောင်က ….. “တနေ့ …. မိခင်ဖြစ်သူက ဖားဟင်းချက်ရန် ပြင်ဆင်နေ၏။ ဤတွင် သူက …… အမေ ဒီဖားတွေ ဘယ်က ရသလဲ၊ လယ်သမားတယောက် မနေပက လာပေးသွားတယ်။ ကျနော်ကို မကြည့်ဘဲ အမေက အဖြေပေးလိုက်သည်။
စူးစမ်းချင်တဲ့ ကလေးသဘာဝအတိုင်း ဘာကြောင့် ဒီလယ်သမားကြီးက တို့ကို ဖားတွေ လာပေးရတာလဲ။ အမျိုးလည်း မတော်၊ တို့အိမ်နဲ့ သူ့လယ်ကွင်းဆိုတာလည်း နီးတာမှ မဟုတ်တာ။ ဒီလိုပဲ တချို့လယ်သမားတွေက ငှက်ပျောခိုင်တွေ၊ မြေပဲတွေလာပေးတာကိုလည်း ကျနော် သတိထားမိလာပါတယ်။ ဒီလယ်သမားတွေနဲ့ အဖေက ဘယ်လိုလုပ် သိကျွမ်းကြပါလိမ့်၊ ဘာဖြစ်လို့ သူတို့က ဒီလက်ဆောင်တွေ လာလာပေးကြတာပါလိမ့် ဆိုတဲ့ မေးခွန်းက ကျနော်ကို နှိုးဆွနေပါတယ်” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၁၇- ၁၈ မှ)
(ဃ)
ဆရာအေးဆောင်က သူ၏ စာပေလေ့လာမှုနှင့် ပတ်သက်၍လည်း …. နောက်တန်းက ဗမာတယောက်တွင် ဂရုထား၍ ရေးသားဖော်ပြ၏။ဒို့ဗမာအစည်းအရုံးဝင် သခင်တဦး၊ အာဏာရ ဖဆပလ ၏ မြို့နယ်အဆင့် ခေါင်းဆောင် တယောက်ဖြစ်၍ …. ဆရာအေးဆောင်၏ ဖခင်ထံတွင် စာအုပ်များက အထပ်လိုက်၊ အပုံလိုက်ရှိ၏။ စာက အမျိုးစုံ၏။ ဆရာအေးဆောင်၏ ဖခင်က သူ့ကို ဦးနုဘာသာပြန်သည့် ဒေးကာနက်ဂျီ၏ “လူပေါ်လူဇော်လုပ်နည်း” စာအုပ် ဖတ်ခိုင်း၏။ သူကလည်း ဂရုတစိုက်ဖတ်၏။ သေသေချာချာဖတ်၏။ ပြီးလျှင် …. အကျိုးရလဒ်နှင့် ပတ်သက်ပြီး …. စာရေးသူက ….
“ဒီစာအုပ်က ကျနော့်အပေါ် ပြောင်းပြန်အကျိုးသက်ရောက်ပါတော့တယ်။ လူတွေအပေါ် သံသယဖြစ်လာခဲ့တယ်။ သူများအပေါ် ရိုးသားဖြူစင်တဲ့သဘောရှိတဲ့ ကျနော့်ရဲ့ နှလုံးသားဟာ နင်းချေဖျက်ဆီးခံလိုက်ရသလို ဖြစ်သွားတယ်။ ချိုမြတဲ့ အပြုံးတွေအောက်မှာ ကောက်ကျစ်စွာ အတ္တအကျိုးစီးပွားတွေ မျှော်ကိုးနေတတ်တယ်ဆိုတာ ရင်းနှီးခင်မင်တဲ့ ဖော်ရွေမှုတွေဟာ အတွင်းသဘောကို ကာကွယ်ထားတဲ့ မျက်နှာဖုံးလို့ ယူဆလာတယ်။ ကိုယ့်ဆန္ဒအမှန်ကို ဝှက်ထားရမယ်ဆိုတဲ့ ဆိုးဝါးတဲ့ အမြင်ကို ရလာခဲ့တော့တယ်။” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ -၂၅ မှ)
ဒေးကာနက်ဂျီနှင့် ခံတွင်းမတွေ့မိသည့်နောက် ….. စိတ်ခွန်အားကို ပေးစွမ်းသည့် စာများ ရှာဖွေဖတ်မိ၏။ ထိုထိုသော စိတ်ခွန်အားကိုရေးသည့် စာပေများနှင့် ပတ်သက်၍လည်း ….. သူက ဤသို့ မှတ်ချက်ပြု၏။
စာအုပ်များက …… “အာရုံစူးစိုက်ဖို့”၊ “ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့” ဆိုတာတွေဟာ ပြောရတာ လွယ်သလောက် အကြောင်းအကျိုးမရှိတော့ အဓိပ္ပာယ်မဲ့နေတယ်လို့ ထင်နေတယ်” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၂၆ မှ)
ဤတွင် ဆရာအေးဆောင်သည် သူ၏ ဦးနှောက်ကို ဆွ၏။ “ဆွ” သည့် အကြောင်းကိုလည်း သူက ….. “ဒီလို မကျေမလည်ဖြစ်နေတဲ့ အမြင်ကနေ ဆန့်ထုတ်လိုက်တဲ့အခါ ဘဝဆိုတာ ငြီးငွေ့စရာနဲ့ အဓိပ္ပာယ်လည်း ဘာမှ မရှိပါလားလို့ တွေးလာပြန်တယ်။ ဗုဒ္ဓမိန့်ကြားသလို မသိမှုကစ သံသရာချားရဟတ်မှာ ဒုက္ခမျိုးစုံခံစားရင်း လည်ပတ်နေတယ်ဆိုတဲ့အတိုင်း ဘေးပတ်ဝန်းကျင်က လူတွေကို ကြည့်တော့လည်း ကိုယ့်လိုပဲ ရည်ရွယ်ချက် မဲ့နေကြတယ်။ သေမည့်နေ့ဆီ တရွေ့ရွေ့သွားနေကြတယ်လို့ပဲ မြင်နေမိတယ်။ ဗုဒ္ဓအမြင်ကလွဲပြီး တခြားဝါဒတွေ မရှိတော့ဘူးလား ကျနော် သိချင်လာတယ်” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၂၆ မှ)
ဤသို့ဖြင့် သူ၏ စွဲလန်းယုံကြည်ခဲ့သည့် အယူဝါဒကို ရှာဖွေတူးဆွခဲ့ရသည့် အကြောင်းကို နိဒါန်းချီလိုဟန်ရှိ၏။ ထိုမှ ……
“မိတ်ဆွေတယောက်ရောင်းသည့် စာအုပ်အဟောင်းဆိုင်မှ ဝယ်လာတဲ့ စာအုပ်ပါးလေးတခုကို အမှတ်ရသေးတယ်။ နှစ်အုပ်မှ တကျပ်ပဲ၊ အဲဒီတုန်းက ပေးရတယ်။ ရုရှားဘော့စတော့စာပေက ထုတ်တာ၊ နာမည်က “ပျော်စရာရွှင်စရာ” လို့ ခေါ်တယ်။ စာရေးဆရာနာမည်တော့ မရေးထားဘူး။ ကြည့်ရတာ ကော်မတီအနေနဲ့ ထုတ်ထားတယ်ထင်တယ်။
စာအုပ်လေးရဲ့ ဆိုလိုချက်က ဒီမျက်မှောက်ဘဝမှာပဲ ပျော်ရွှင်မှုကို ရရှိခံစားနိုင်ကြောင်း၊ ထိုက်တန်တဲ့ အားစိုက်မှုတွေတော့ လုပ်ရမှာဖြစ်ကြောင်း ရှင်းလင်းပြထားတဲ့ စာအုပ်ကလေးပါ။ သေပြီးနောက်မှာ ဘာရှိတယ်ဆိုတာ မရေမရာဟာတွေ ဖြစ်တယ်။ ဒါကြောင့် လက်ရှိဘဝမှာ တဦးကိုတဦး ကူညီရိုင်းပင်းကြပြီး ဒီလောကကြီးထဲမှာ ပျော်ရွှင်နိုင်သမျှ ပျော်ရွှင်သာယာအောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ရေးထားတာပါ။
စာအုပ်လေးရဲ့ သဘောတရားက အင်မတန် ရိုးစင်းပါတယ်။ ဒါပေမယ့် ကျနော့်အတွက် ဖိစီးခံထားရမှုအောက်က ပထမဦးဆုံးအကြိမ် လွတ်မြောက်မှုကို ခံစားစေပါတယ်” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၂၉ မှ)
ပြီးလျှင် ….. ဆက်၍ … ဆက်၍ လေ့လာဖတ်ရှုခဲ့မိသည့် စာပေများက …. အောင်လင်း၏ “အနုပနိလောမ ရုပ်ဝါဒအဖွင့်” ထိုစာအုပ်နှင့် ပတ်သက်ပြီး ……
“ဖတ်လို့ တော်တော်နဲ့ နားမလည်နိုင်ပါ။ ဒဿနပညာလည်း မလိုက်စားဘူးတော့ အခက်တွေ့ပါတယ်။ အပြန်ပြန် အလှန်လှန် ဖတ်ကြည့်လည်း အပြည့်အဝတော့ နားမလည်ပါ။ ဒါပေမယ့် ကျနော်ရှာဖွေနေတဲ့ အကြောင်းအရာမှန်း သိလိုက်ပါတယ်။ ဒီရုပ်ဝါဒအယူအဆဟာ ခိုင်မာတဲ့ အမှန်အကန် ဒဿနအဖြစ် ယူဆလာပါတယ်” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၃၁ မှ)
ရုပ်ဝါဒအယူအဆပေါ် သက်ဝင်မှုရှိခဲ့ပြီးသည့်နောက် ဆရာအေးဆောင်သည် လီနင်လက်ရွေးစင်၊ မော်စီတုန်းလက်ရွေးစင်၊ လူရှောက်ချီ၏ ရေးသားချက်များ ရှာဖွေ၍လေ့လာ၏။ ပြီးလျှင် …. သူ၏ တိမ်းညွှတ်မှုအရှိဆုံး စာအုပ်က ….. လီနင်၏ “ ရေးသောက်မြစ်သုံးသွယ်” ဖြစ်၏။ ရေသောက်မြစ်သုံးသွယ်နှင့် ပတ်သက်၍
“လီနင်ရဲ့ ရေသောက်မြစ်သုံးသွယ်ကို ဖတ်လိုက်ရတော့မှ တော်လှန်ရေးလုပ်မယ်ဆိုရင် ရေသောက်မြစ် သုံးခုဖြစ်တဲ့ လမ်းစဉ်ရယ်၊ ပါတီရယ်၊ လူတန်းစားရယ်ဆိုတာကို သိလာရတယ်။ လက်တွေ့ကိုယ့်ဘဝနဲ့ ဆက်စပ်ကြည့်တော့ လမ်းစဉ်ပေါ်လစီက စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရေးပဲဖြစ်ရမယ်။ လူတန်းစားအနေနဲ့ အများစုဖြစ်တဲ့ ဆင်းရဲသားတွေအတွက် ဖြစ်စေရမယ်။ သူတို့ဟာ စနစ်တွေရဲ့ဒဏ်ကို အပြင်းထန်ဆုံး ခံရတဲ့ လူတန်းစား ဖြစ်တယ်လေ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ပါတီတခုကို ထောင်ရမလဲ” (နောက်တန်းက ဗမာတယောက၊် စာမျက်နှာ ၃၂ မှ)
ပါတီထူထောင်ရေး ရေသောက်မြစ်တသွယ်က ဆရာအေးဆောင်အတွက် ထိုစဉ်ကတည်းက အကျပ်ရစေခဲ့သည့် ပြဿနာဖြစ်၏။ ထိုစဉ်က သူသည် အထက်တန်းကျောင်းသား ….။ ၁ဝ တန်း စာမေးပွဲ ဖြေထားဆဲ ….။
(င)
ရန်ကုန်တက္ကသို်လ်တွင် ကျောင်းတတ်နေစဉ် …. အလံနီကွန်မြူနစ်ပါတီနှင့် ဆက်သွယ်ပြီး စစ်အာဏာဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ကိုင်၏။ ဆရာအေးဆောင် ဆက်သွယ်လုပ်ကိုင်သည့် အလံနီကွန်မြူနစ်ပါတီက တောင်ပိုင်း ဗျူရိုဌာနချုပ်နှင့် ဖြစ်သည်။ တောင်ပိုင်း ဗျူရိုဌာနချုပ်၏ ဥက္ကဋ္ဌက ရဲနီလွန်းခိုင် ဖြစ်၏။ အခြေစိုက်ရာဒေသက ….. တွံတေးတောကြီးတန်းဘက်တွင် ဖြစ်သည်။ တောင်ပိုင်း ဗျူရိုအခြေစိုက်ရာ စခန်းသို့ ဆရာအေးဆောင် မကြာ …. မကြာ ရောက်၏။ အလံနီအတွင်း အထက်အောက် ရဲဘော်၊ ရဲဘက် တန်းတူညီတူရှိမှုကို ဆရာက ….“အားလုံးအတူတူ ထမင်းစားကြတယ်။ ဝါးနဲ့လုပ်ထားတဲ့ စားပွဲရှည်တခုမှာ တဘက်တချက် ဝါးနဲ့လုပ်ထားတဲ့ ခုံတန်းရှည်တွေပေါ် ထိုင်စားကြတယ်။ စားပွဲဟာ ဆယ်ကိုက်လောက်ရှည်တယ်။ ဟင်းက ငါးပိရည်နှင့်တို့စရာပါပဲ။ ဘာမှထွေထွေထူးထူးမရှိပါ။ ကင်းကျတဲ့သူကလွဲလို့ ရဲနီအားလုံး၊ ရဲနီမယ်အားလုံး အတူတူဝိုင်းစားကြတယ်။ စခန်းဥက္ကဋ္ဌလည်း အတူတူစားတာပါပဲ။ အတူတူဝိုင်းဖွဲ့စားကြရလို့ တန်းတူရည်တူရှိမှုကို စိတ်ထဲက ခံစားမိတယ်။” (နောက်တန်းက ဗမာတယောက၊် စာမျက်နှာ ၄၈ မှ)
ပြီးလျှင် …. အလံနီ၏ “သစ္စာရည်” ယဉ်ကျေးမှုကိုလည်း တို့ထိပြ၏။
“တနေ့တော့ ညနေခင်းမှာ ရဲနီတယောက် လက်ဖက်ရည်ပုဂံနဲ့ ထည့်ထားတဲ့ အရက်ဖြူတခွက် လာပေးပါတယ်။ ကြာသပတေးနေ့တိုင်း ဒီလိုတိုက်ပါတယ်လို့ ပြောပါတယ်။ အချမ်းသက်သာအောင်လို့ ဆိုပါတယ်။ ကျနော်က အရက်နဲ့ အနံ့အရသာကို မကြိုက်လို့ မသောက်လိုက်ပါ။ နောင်မှသိရတာက အရက်ကို စခန်းထဲမှာ သစ္စာရည်လို့ သဘောထားကြတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ မူးလာရင် ပွင့်လင်းကြတယ်။ ပိုရင်းနှီးကြတယ်လို့ ယူဆကြတယ်။ သောက်ဖို့လည်း အားပေးကြတယ်” (နောက်တန်းကဗမာတယောက၊် စာမျက်နှာ ၅ဝ မှ)
(စ)
“ကျောက်မဲ-ကွမ်ဟယ်” ဘက်မှတဆင့် S.S.A နှင့် အဆက်အသွယ်ရပြီး ဆရာအေးဆောင် SSA အဖွဲ့သို့ ဝင်လိုက်၏။ ထိုစဉ်က …. SSA သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သဘောတူညီများ ရှိကြ၏။ SSA တွင် ဦးဆောင်နိုင်ငံရေးပါတီ ရှိ၏။ Shan State Progressive Party …. SSPP ဖြစ်၏။ SSPP ၏ နိုင်ငံရေးလမ်းစဉ်က …. ပြည်သူ့ဒီမိုကရေစီ လမ်းစဉ်ပေါ်၌သာ ရှိနေသေး၏။ SSA အတွင်း ဝင်ရောက်ပြီးမကြာ ….။ ဗဟိုမှ ခေါ်သဖြင့် ဆရာအေးဆောင် SSA ဗဟိုသို့ ရောက်သည်။ ဗဟိုတွင် နိုင်ငံရေးဌာန၌ တာဝန်ထမ်းဆောင်ရသည်။ နိုင်ငံရေးဌာနဟူသည်က …. SSPP အတွင်းရေးမှူး၏ နိုင်ငံရေးအကြံပေးဌာနဟု ဆိုရမည်ပင်။ SSA အတွင်း ရှိနေစဉ် …. ဆရာအေးဆောင် အစဉ်သဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲက …. ဗမာတယောက်ဖြစ်မှု …။
“အက်စ်အက်စ်အေနဲ့ ဗကပတို့ သဘောတူညီမှုရပေမယ့် ဂိုဏ်းဂဏတို့၊ လူမျိုးရေးတို့က ပျောက်သွားတာ မဟုတ်မှန်း သိလာတယ်။ ရှမ်းတပ်ထဲမှာ ဗမာတယောက်ကို လိုလိုလားလား လက်ခံဖို့ဆိုတာ အခက်အခဲအဖြစ် ရှိမြဲရှိနေတုန်းပဲ။ တနေ့တော့ စဝ်ဆေလင်းက ကျနော်ရဲ့ ပညာအရည်အချင်းနဲ့ ပတ်သက်လို့ ပြောရင်းနဲ့ အရင်တုန်းကဆိုရင် ဘွဲ့ရတယောက် အက်စ်အက်စ်အေထဲဝင်လာရင် ဒု-ဗိုလ်အဖြစ် တန်းပေးပါတယ်တဲ့။ ဒါပေမယ့် အခုတော့ အောက်ခြေကနေ တဆင့်ချင်းတက်တဲ့ စနစ်ကို ကျင့်သုံးတယ်လို့ ဆိုပါတယ်။ ဒါတွေ ဘယ်လောက်မှန်တယ် ကျနော်မသိပေမယ့် ဘွဲ့ရတဲ့သူတွေ တော်လှန်ရေးထဲမှာ နည်းနေတာတော့ အမှန်ပဲ” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၂၉၈- မှ)
SSA ဗဟိုရှိ နိုင်ငံရေးဌာနတွင် တာဝန်ထမ်းဆောင်ရင်း ….. အကြီးမားဆုံးသော နိုင်ငံရေးပြဿနာ နှစ်ရပ်နှင့် ဆရာအေးဆောင် ကြုံတွေ့ခဲ့ရ၏။ ပထမအရေးက ဌာနသို့ရောက်ပြီး ၂ ရက်အကြာတွင်ပင် ကြုံတွေ့သိရှိရခြင်း ဖြစ်၏။
“ဒီစခန်းကိုရောက်ပြီး နှစ်ရက်အကြာမှာပဲ ကိုသန်းအောင်က အက်စ်အက်စ်ပီပီနဲ့ ဗကပအကြား ပြဿနာရှိနေကြောင်း၊ ဗကပက အကြွင်းမဲ့ခေါင်းဆောင်မှုကို တောင်းဆိုနေကြောင်း ပြောပြတယ်။ အဓိပ္ပာယ်က အက်စ်အက်စ်အေဟာ ဗကပရဲ့ အမိန့်အောက်မှာ နေရမယ်ဆိုတာ ဖြစ်တယ်။ ရှမ်းတွေက ဒီလိုမခံယူချင်ကြဘူး။ ကိုသန်းအောင်က ကျနော်ရဲ့ သဘောထား ဘယ်လိုရှိလဲ မေးတယ်။ ရောက်တာကလည်း မကြာသေး ဒီအဖွဲ့နှစ်ဖွဲ့ရဲ့ အကြောင်းကို မယ်မယ်ရရ မသိသေးတော့ ကျနော့်သဘောထားကို မပေးဘဲ သုံးလေးရက်လောက် စဉ်းစားချိန်ဆနေရတယ်။ အသေအချာ စဉ်းစားပြီးမှ ဗကပရဲ့ တောင်းဆိုမှုဟာ မှားယွင်းကြောင်း ပြောပြလိုက်တယ်။ အကယ်၍ ဗကပရဲ့ ရည်ရွယ်ချက်ဟာ တရားနည်းလမ်းကျပြီး အကြောင်းအကျိုးဆီလျော်ပါက၊ ရှမ်းတွေအပေါ် တန်းတူသဘောထားနိုင်ပါက သံသယတွေ၊ ပြဿနာတွေ ပေါ်စရာမရှိလို့ ယူဆတယ်” (နောက်တန်းက ဗမာတယောက် ၊ စာမျက်နှာ ၂၉၅ မှ)
ကိုသန်းအောင်က …. SSPP အတွင်းရေးမှူး စဝ်ဆေလင်း၏ ကိုယ်ရေးအရာရှိဖြစ်၏။
ဒုတိယပြဿနာက ပိုမို၍ စိန်ခေါ်မှုကြီးမား၏။ ရင်းချင်းအပ်ရင်ဆိုင်ရသည် ပြဿနာ ….။ နဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ရသည့် စိန်ခေါ်မှုဟု ဆိုရမည်။ SSPP အတွင်း လမ်းစဉ်အပြောင်းအလဲ ပြဿနာဖြစ်သည်။
ပြည်သူ့ဒီမိုကရေစီလမ်းစဉ်မှ အမျိုးသား ဒီမိုကရေစီလမ်းစဉ်သို့ အပြောင်းအလဲဖြစ်၏။ SSPP အတွင်းတွင်၊ အခြေတည်နေခဲ့သည်က ကြာပြီဖြစ်လိမ့်မည် …. သို့သော် …. ရုပ်လုံးပေါ်၍ စခဲ့သည်ကမူ …. ၁၉၈၁ ခုနှစ် နှစ်ဦးတွင် ဖြစ်၏။ နိုင်ငံရေးဌာနတွင်း အစည်းအဝေးတွင် ဌာနခေါင်းဆောင်က ထိုပြဿနာကို တရားဝင် ဆွေးနွေးချပြခဲ့၏။ ထိုအကြောင်းနှင့်ပတ်သက်၍ …. ဆရာအေးဆောင်က … သူ၏ နောက်တန်းက ဗမာတယောက်တွင် …..
“မကြာခင်ပဲ စဝ်ဖိုးလုံးက နိုင်ငံရေးဌာနအစည်းအဝေးကို တရားဝင်ခေါ်ပြီး နိုင်ငံရေး အခြေခံ အတွေးအခေါ် ပြောင်းလဲထားတဲ့ ဖွဲ့စည်းပုံကို ရေးဆွဲဖို့ စဝ်ဆေလင်းက ညွှန်ကြားတာကို ပြောပြတယ်။ သူဆိုလိုတာက ကျနော်တို့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဗမာနယ်ချဲ့အောက်က ရှမ်းလူမျိုးတွေရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုဖြစ်တယ်။ ရှမ်းအမျိုးသားရေး - အမျိုးသား ဒီမိုကရေစီသာဖြစ်တယ်လို့ ပြောချင်တာ။ ဗကပတွေပြောတဲ့ ဖိနှိပ်ခံရတဲ့ လူတိုင်းအတွက် လုပ်ဆောင်တဲ့ ပြည်သူ့ဒီမိုကရေစီ မဟုတ်ဘူးလို့ ဆိုချင်တယ်။
ကိုသန်းအောင်နဲ့ ကျနော်က ဒီအစီအစဉ်ကို ချက်ချင်းပဲ ကန့်ကွက်လိုက်တယ်။ ကိုထွန်းနိုင်က တွေနေတယ်။ ဘာမှမဆုံးဖြတ်ဘူး။ ကျနော့်အနေနဲ့ ခေါင်းဆောင်လုပ်သူတွေက သေသေချာချာ ပြန်စဉ်းစားမယ်လို့ မျှော်လင့်တယ်” (နောက်တန်းက ဗမာတယောက် ၊ စာမျက်နှာ ၃၄၉ မှ)
ဤလမ်းစဉ်အရေးနှင့်ပတ်သက်၍ ဆရာအေးဆောင်ကိုယ်တိုင် လက်ခံထားသည်က …..“ ရှမ်းလူမျိုးတွေအတွက်ပဲ လုပ်မယ်ဆိုရင် မဆလ စစ်အစိုးရအောက်မှာ ရောက်နေတဲ့ ဖိနှိပ်ခံလူမျိုးတွေကို မသိကျိုးကျွံ ပြုရာကျ တယ်။ သူတို့ရဲ့ ထောက်ခံမှုကိုလည်း ရမှာမဟုတ်တော့ကြောင်း။ ဒီလိုခွဲခြားတဲ့အမြင်ကို အခုအချိန်မှာ ကျင့်သုံးရင် သီးသန့်ဖြစ်သွားပြီး တော်လှန်ရေးဟာ အောင်မြင်ဖို့ ခက်ခဲသွားပါလိမ့်မယ်” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၃၅ဝ မှ)
သို့သော် ….. အခြေအနေက … တရွေ့ရွေ့နှင့်ပင် SSPP အတွင်း လမ်းစဉ်ပြောင်းလဲရေးဆီသို့ ဆွဲခေါ်နေ၏။ အဆုံးတွင်မူ ….. စဝ်ဆေလင်းက SSPP ညီလာခံ ခေါ်ယူခဲ့ပြီး …. SSPP အတွင်း လမ်းစဉ်ပြောင်းလဲချမှတ်ခဲ့၏။
SSPP က အဖိနှိပ်ခံလူမျိုးစုံကို အခြေခံသည့် ပါတီမဟုတ်တော့ ….။ ရှမ်းအမျိုးသားရေးကို အခြေခံသည့် ပါတီတရပ် ဖြစ်သွားခဲ့ပြီ။
ဆရာအေးဆောင် ဆုံးဖြတ်ရပြီ။ ဘာလုပ်မလဲ ….။ လူမျိုးရေးဝါဒ စိုက်ထူလိုက်သော ပါတီတရပ်အတွင်း လူတန်းစား အမြင်ရှိသော ရဲဘော်တဦးအနေနှင့် မည်သို့ ဆက်ရပ်တည်မည်နည်း ….။ ဆရာအေးဆောင် SSPP မှ နုတ်ထွက်၏။ ပြီးလျှင် …. ယခင် မန္တလေးတက္ကသိုလ်၌ ရှိစဉ်ကတည်းက သူတို့ ဖွဲ့စည်းခဲ့သည့် …. “ပြည်သူ့လွတ်မြောက်ရေး တပ်ဦး” အလံတော်ကို လွှင့်ထူသွားရန်မှတပါး ရွေးလမ်းက မရှိတော့ …..။
ဤအတွက် SSPP နယ်မြေမှ ထွက်ခဲ့၏။
“ကျူကုတ်ဟာ အရင် ကွန်ဂရက်ကျင်းပတုန်းက လူတွေစည်ကားပြီး လော်စပီကာသံတွေ၊ စကားပြောသံတွေ တဝါးဝါး တဟားဟားနေတဲ့နေရာ၊ လူတွေဟာ ပျားပန်းခတ် လှုပ်ရှားနေတဲ့နေရာက အခုတော့ တဲအိုတဲပျက်တွေ နှင်းမြူမှုန်ထဲမှာ ငြိမ်သက်စွာနဲ့ ဆွေးမြည့်နေကြတယ်။ ကျနော်လည်း တောင်ပေါ်က အေးစိမ့်လတ်ဆတ်နေတဲ့ လေထုထဲကို ဖြည်းဖြည်းချင်း ထိုးဖောက် လျှောက်လာလိုက် တယ်။ အုပ်ဆိုင်းနေတဲ့ သစ်ပင်တွေပေါ်က တခါတလေ ကြားရတဲ့ ကျေးငှက်သံနဲ့ လမ်းဘေးမှာ ကြုံရတဲ့ စမ်းရေစီးသံကလွဲလို့ ဘာသံမှမရှိ။ ထိုင်းဘက်က ပစ္စည်းတွေကို ပိုးထမ်းလာကြတဲ့ ကုန်သည် လေးငါးယောက်တော့ လမ်းမှာကြုံတယ်။ တောင်မြင့်တွေကို ကျော်လာပြီးနောက် တောင်ကြား မြေပြန့်ကျဉ်းကျဉ်းက ရွာသိမ်လေးတွေဆီရောက်တဲ့တိုင် မြူနှင်းတွေက မကွဲသေး။ ကျနော့် ရင်ထဲမှာတော့ မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့ ထိုင်းနယ်စပ်ထဲဝင်မည့် လမ်းဆီ အသော့နှင် နေမိတော့တယ်” (နောက်တန်းက ဗမာတယောက်၊ စာမျက်နှာ ၃၇၄- ၃၇၅ မှ)
ဤသို့ …. ဆရာအေးဆောင်က …. သူ၏ နောက်တန်းက ဗမာတယောက်ကို အဆုံးသတ်လိုက်၏။ သို့သော် …. ကျနော့်အနေနှင့်မူ အဆုံးသတ်၍မရ ….. ဆရာအေးဆောင်ကို မေးစရာမေးခွန်းပေါင်း များစွာနှင့် ကျန်နေခဲ့၏။ မတင်မကျ ….။
ဗိုလ်နေဝင်း၏ ဖမ်းဆီးထိန်းသိမ်းမည့် ရန်ကို ရှောင်ရင်း ….. ယောနယ်ရှိ တောရွာလေးတရွာ၌ ဆရာအေးဆောင် ရွာကျောင်းဆရာလေးအဖြစ်နှင့် ရှောင်တိမ်း၍နေ၏။ ထိုသို့နေရင်း ….. တနေ့တွင် ရဲတယောက်ကို တောလည်ရန် လှည့်ပတ်ခေါ်ပြီး ဓားထောက်၍ ရဲ၏ ရိုင်ဖယ်သေနတ် လု၏။ စည်းရုံးတည်ဆောက်ထားသည့် ရွာသားက ဆရာအေးဆောင် ဓားထောက်၍ သေနတ်လုသည်ကို မြင်သည်နှင့် ထွက်ပြေးလေ၏။
ဆရာအေးဆောင်က …. ရိုင်ဖယ်တလက်နှင့် တကိုယ်တည်း တော်လှန်ရေးလုပ်မည့်ဟန် ….။ ဖတ်ရင်း …. ဖတ်ရင်းနှင့် သဘင်ဆန်လွန်းလှ၏ဟု မှတ်ချက်ပြုမိ၏။ “အာနိုး” ရုပ်ရှင်ကားတကား ကြည့်ရသကဲ့သို့ ခံစားလာရ၏။







