စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > စာအုပ်စင် > မြေးသူကြီး (သို့မဟုတ်) ရွှေကြက်ယက်ဝံပုလွေ

မြေးသူကြီး (သို့မဟုတ်) ရွှေကြက်ယက်ဝံပုလွေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(က)


ကျနော်တို့က …သူကြီးအုပ်ချုပ်ရေးခေတ်အား မမီခဲ့ကြ….။ ကျနော်က …မ.ဆ.လ ခေတ်တွင် မွေး၍ မ.ဆ.လ ခေတ်တွင်ပင် ကြီးခဲ့ရသည်။ ငယ်စဉ်က န.လ.က၊ ရ.လ.က အုပ်ချုပ်ရေးအမည်များအား ကြားဖူးခဲ့၏။ နောင်တွင်မူ ….မြို့နယ်ကောင်စီ၊ ရပ်ကွက်၊ ကျေးရွာကောင်စီ….စသည့် `ကောင်စီ`အုပ်ချုပ်ရေးနှင့် ထိတွေ့ကြုံဆုံခဲ့ရ၏။ သူကြီးဟူသည်က …. လူထုအုပ်ချုပ်ရေးတွင် လူထုနှင့်အနီးကပ်ထိတွေ့ဆက်ဆံရသော အုပ်ချုပ်ရေးမှူးဟုဆိုရမည်။ သက်ဦးဆံပိုင် ပဒေသရာဇ် အုပ်ချုပ်ရေးခေတ်နှင့် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားတို့တွင် လူထုနှင့် နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံရသည့် အုပ်ချုပ်ရေးမှူး `သူကြီး`အား၊ အာဏာပိုင် ပြည့်ရှင်ကြီးများက ခန့်အပ်ကြ၏။ ပြီးလျှင် …. မျိုးရိုးစဉ်ဆက် သူကြီးအရိုက်အရာအား ဆက်ခံစေ၏။ အဖေသူကြီး ကွယ်လွန်လျှင် …. သားဖြစ်သူက သူကြီးအရိုက်အရာ ရယူကာ သူကြီးပုလ္လင်တွင် ထိုင်၍ သူကြီးအာဏာစက်နှင့် လူထုအား အုပ်ချုပ်၏။

လူထုအတွက် …. လူထုက အုပ်ချုပ်သည့် …. လူထုအုပ်ချုပ်ရေးမျိုးကား မဟုတ်….။

(ခ)

မြေးသူကြီးအား ရေးသူ ဆရာညီပုလေးနှင့် မြေးသူကြီး၏ ဇာတ်ဆောင် ဦးစောမောင်တို့က ခင်မင်ရင်းနှီးကြ၏။ ဦးစောမောင်က ဆရာညီပုလေးနှင့် ရင်းနှီးသည်ဆိုသည်ထက် …ဆရာ့၏ မိခင် (လူထုဒေါ်အမာ) ၊ ဆရာ့၏ ဦးလေးဖြစ်သူ ဦးမောင်လေး (လူထုဒေါ်အမာ၏ မောင်) တို့နှင့်က ပို၍ရင်းနှီးကြသည့် မိတ်ရင်း…. ဆွေရင်းများ ဖြစ်၏။

သူတို့က ….သမိုင်းခေတ်များအား အတူတူဖြတ်သန်းခဲ့၊ ကျော်လွှားခဲ့ကြသည့် သူများဖြစ်သည်။

နွေရက်များတွင် အမေလူထုဒေါ်အမာသည် မန္တလေး၏ အပူအား ရှောင်ရန် ပြင်ဦးလွင်သို့ သွားရောက်၍ နေထိုင်တတ်သည်။ ပြင်ဦးလွင်ရှိ ရက်များ၌ အမေ လူထုဒေါ်အမာ…၊ ဦးလေးဦးမောင်လေးနှင့် မြေးသူကြီး ဦးစောမောင်တို့သည် ဖြတ်သန်းခဲ့ကြသည့် သမိုင်းရိပ်များအား သမင်လည်ပြန် ငဲ့ကြည့်မိတတ်ကြ၏။ စကားဝိုင်းက …. လွမ်းမောဖွယ်၊ ရယ်ရွှင်ဖွယ် …. ရင်မောဖွယ် …. တို့နှင့်။ ဤသို့သော စကားဝိုင်းများတွင် ဆရာညီပုလေးသည် အနားမှ နားထောင်ခွင့်ရခဲ့၏။ သမိုင်းကို ငဲ့သော စကားများက …ဘဝများ ပါလာ၏။ ရုပ်ပုံလွှာများ ပါလာ၏။ မြေးသူကြီး ဦးစောမောင်၏ ဘဝရုပ်ပုံလွှာတို့အား … ဖြတ်ကနဲ….၊ တို့ကနဲ…၊ ထိရ …. တွေ့ရ …. ကြားရခဲ့၏။ ဤမှ ဆရာညီပုလေးသည် ဦးစောမောင်အား စိတ်ဝင်စားနေခဲ့၏။

တနေ့ ဦးစောမောင်အား သူ၏ နေအိမ်သို့ ဆရာညီပုလေးက ကားဖြင့် ပြန်ပို့သည်။ အမေ လူထုဒေါ်အမာ သည်လည်း ကားပေါ်၌ ပါလာသည်။ ကားပေါ်တွင် အမေလူထုဒေါ်အမာက ဦးစောမောင်အား စကားဆို၏။

`ကိုစောမောင်ရဲ့ အကြောင်းက စာအုပ်တအုပ် ရေးထားဖို့ ကောင်းတယ်။ ညီပုလေး အရေးခိုင်းမလို့၊ အဲ့ဒါ ကိုစောမောင်က ပြောပြပေးလိုက်ပါ`

ဤသည်ပင်…. မြေးသူကြီး၏အစ…။

(ဂ)

စာအုပ်အမည် မြေးသူကြီး

စာရေးသူအမည် ညီပုလေး

ထုတ်ဝေသူ ဦးစန်းဦး (စိတ်ကူးချိုချိုစာအုပ်တိုက်)

စာမူခွင့်ပြုချက် ၅ဝဝ၈၇ဝဝ၆ဝ၇

အုပ်ရေ ၅ဝဝ (ဒုတိယအကြိမ်၊ ၂ဝဝ၆ ခုနှစ် ၊ နိုဝင်ဘာလ)

တန်ဖိုး ၂ဝဝဝ ကျပ်

မြေးသူကြီးက ရသနှင့် ထွေယှက်ထားသည့် အတ္ထုပတ္တိဟု ဆိုရမည်။ ဝတ္ထုဟန် အတ္ထုပတ္တိ….။ အဖိုးသူကြီး….။ သားသူကြီး….တို့၏ သားမြေးဖြစ်သူ မြေးသူကြီး ဦးစောမောင်၏ အတ္ထုပတ္တိဖြစ်သည်။ မြေးသူကြီးဟုဆိုသော် ဦးစောမောင်၏ ဘဝစာမျက်နှာ၌ သူကြီးဘဝက ကျဉ်းကျဉ်း …ပါးပါးလေမျှသာ….။

အဖိုးဖြစ်သူ ဦးအောင်ကြီးက ကုန်းဘောင်ခေတ်နှောင်း သီပေါဘုရင် အုပ်ချုပ်ရေး၌ `စံရွှေတိုက်နယ်`မှ သူကြီးဖြစ်သည်။ သီပေါအလွန်အုပ်ချုပ်ရေး၌လည်း ဦးအောင်ကြီးသည် သူကြီးပင်….။ ဦးအောင်ကြီး ကွယ်လွန်ခဲ့ပြီးသည့်နောက် … သားဖြစ်သူ ဦးဘဂျမ်းက သူကြီးအရိုက်အရာအား ဆက်၍ခံ၏။ ဦးဘဂျမ်းက မြေးသူကြီး ဦးစောမောင်၏ဖခင်ဖြစ်သည်။ သူကြီးဦးဘဂျမ်းက ပထမကမ္ဘာစစ်ကြီးအတွင်း၌ မက်ဆိုပိုတေးမီးယား စစ်မြေပြင်တွင် စစ်မှုထမ်းခဲ့ရဖူး၏။

သူကြီးဦးဘဂျမ်း၏ သူကြီးသက်က Cas B အုပ်ချုပ်ရေးခေတ် အထိဖြစ်သည်။ ရှည်လျား၏။ နေမျိုးနွယ်တို့ တန်ခိုးထွားခဲ့သည့် ကာလများတွင်မူ ဦးဘဂျမ်းသူကြီး ရာထူးမှ အချခံခဲ့ရ၏။ ထိုစဉ်က ဒေါက်တာဘမော်၏ `ဓားမ` အနွယ်ဝင်တို့ ခေါင်းထောင်နေသည့် အချိန်ဖြစ်၍ သူကြီးအရာအား `ဓားမ`တို့က ရယူကြသည်။ စစ်ပြီးခေတ် မြန်မာပြည်၌ Cas B အုပ်ချုပ်ရေး ပြန်ချချိန်တွင်မူ ဦးဘဂျမ်း သူကြီးပြန်ဖြစ်ပြန်သည်။ ကွယ်လွန်သည်အထိ ဦးဘဂျမ်းသူကြီး လုပ်ခဲ့၏။ သူကြီးဦးဘဂျမ်း၏ ဆေးရုံပေါ်ရှိ နောက်ဆုံးနေ့များ၌ ဦးဘဂျမ်းသည် သားဖြစ်သူ ဦးစောမောင်အား သူ၏ သူကြီးအရိုက်အရာအား လွှဲပေးခဲ့သည်။ ဦးစောမောင် သူကြီးဖြစ်လာ၏။ တဖက်တွင်မူ …. သခင်တင်မြ၊ ရဲဘော်ချစ်ခင်၊ ရဲဘော်အောင်ခတို့နှင့် တွဲ၍ ဗမာပြည် ကွန်မြူနစ်ပါတ်ီဝင် ရဲဘော်စောမောင် ….။ လူတန်းစား ရပ်တည်ချက်ရှိသည့် ရဲဘော်စောမောင်နှင့် ပဒေသရာဇ် အုပ်ချုပ်ရေး ယန္တရားမှ သူကြီးဦးစောမောင်….။

အတော်တော့ ဂွကျမည့်အဖြစ်….။

(ဃ)

ဦးစောမောင်၏ ဘဝက အရောင်အသွေးစုံသည့် ရောင်စုံဘဝ….။ အတတ်အကျ…. အလှုပ်အရမ်းများနှင့်….။ BIA တပ်ကြပ်ကြီး…၊ တောခိုကွန်မြူနစ်တဦး အဖြစ်နှင့် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲ၏။ ဝန်ကြီးချုပ်ဦးနု၏ ကိုယ်စားလှယ်အဖွဲ့တွင် ကိုယ်စားလှယ်တဦးအနေနှင့် တရုတ်ပြည်သို့ လေ့လာရေးခရီး သွားရ၏။ ပ.ထ.စ အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ အတွင်းဝန်….။

ဘဝက စုံ၏။

မန္တလေး ကားပြာအသင်းတွင် ဒု-ဥက္ကဋ္ဌလည်း လုပ်ဖူး၏။ ဂျုံစက်လည်း ထောင်၏။ ကြက်မွေး၊ ခွေးမွေး၍လည်း အသက်မွေးဝမ်းကျောင်း ပြုခဲ့ရ၏။ ဘဝစုံသဖြင့် မိတ်ဆွေ အပေါင်းအသင်းများကလည်း စုံ၏။ သခင်တင်မြ၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ပန်းမြိုင်….၊ သော်တာဆွေ၊ တင့်တယ်….။

မြေးသူကြီးတွင် ဦးစောမောင်သည် သူဖြတ်သန်းခဲ့ရသည့် ဘဝဇာတ်ကြောင်းအား ပြန်ပြောပြရင်း…. သူနှင့် ထိတွေ့ကြုံဆုံခဲ့ရသည့် သူတို့၏ ရုပ်ပုံလွှာအချို့ကိုလည်း ဖြတ်ခနဲ…။ ဖြတ်ခနဲ… လှစ်ဟ….တို့ထိ၍ ထားပြန်သည်။ ဂျပန်ခေတ်တွင် ဗိုလ်ခင်မောင်ကလေး၏ အစီအစဉ်နှင့် မြေးသူကြီးဦးစောမောင် BIA တပ်ထဲ ရောက်ခဲ့၏။ စစ်သင်တန်းအား ဦးပိန်တံတားအနီးရှိ `ကြာဆံစက်`ဝင်းအတွင်း၌ တက်ရသည်။ သင်တန်းဆင်းပြီးသည့်နောက် ….တပ်ကြပ်ကြီးအရာ ရ၏။ ခြောက်လုံးပြူးခါးထိုး၍ မြန်မာပြည်ဖြစ် ဂျပန်ဓားရှည်နှင့်…။ ထိုစဉ်က…တပ်တွင်း၌ ဂျပန်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုများက ရှိ၍နေပြီ။ သခင်တင်မြ၏ နိုင်ငံရေးသင်တန်းသို့ မြေးသူကြီး တက်ခဲ့ရ၏။ နောက်ပိုင်း …. သခင်တင်မြ၏ ဖက်ဆစ် တော်လှန်ရေး မြေအောက်အစုတွင် မြေးသူကြီး ပါဝင်ခဲ့သည်။ မြေးသူကြီး၏ တာဝန်က …. သခင်တင်မြနှင့် စစ်ကိုင်းကိုသန်းညွှန့်အကြား စာပေးစာယူ လုပ်ရသည့်သူ….။

နောင်တွင်မူ ကွန်မြူနစ်ပါတီနှင့်အတူ တောခိုခဲ့၏။ `မ`သုံးလုံးနယ်တွင် မြေးသူကြီးတို့ တာဝန်ကျသည်။ `မ`သုံးလုံးနယ် ဟူသည်က ….မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာ ခရိုင် ၃ ခရိုင်ကို ခေါ်ဆိုခြင်းဖြစ်သည်။

၁၉၅၁ ခုနှစ်တွင် မြေးသူကြီးနှင့် ကွန်မြူနစ်ပါတီရဲဘော် ၃-၄ ယောက်တို့ ရန်သူ့ရဲကင်းနှင့် တိုးမိပြီး အဖမ်းခံကြရ၏။ သေနတ်တချက် မဖောက်ရဘဲ …. အရှင် ဖမ်းမိသွားကြ၏။ နောက်တော့…. လက်နက်ချသည်ဟူ၍ ဖြစ်သွားပြီး၊ မြေးသူကြီးသည် ရွှေကြက်ယက်ရှိ အမေ့အိမ်သို့ ပြန်ရောက်ခဲ့၏။ အမေ့အိမ် ပြန်ရောက်ခဲ့ပြီး နောက်တွင်လည်း ပါတီနှင့် ပြန်ဆက်၍၊ တောထဲသို့ မြေးသူကြီး ပြန်၍ မသွားဖြစ်ခဲ့တော့….။ ပြန်၍ တောမခိုဖြစ်သည်အား မြေးသူကြီးက အမေတား၍ဟု ဆို၏။ သို့သော် …. မြေးသူကြီးစာအုပ်၏ တနေရာတွင်မူ ဤသို့ ဆိုထားသဖြင့် တွေးစရာများ ရှိစေ၏။

``တောထဲမှာတုန်းက မသုံးလုံးကိုစိန်ဝင်းက ပါတီရဲ့ လမ်းစဉ်ကို ကန့်ကွက်တယ်။ မြေယာတော်လှန်ရေးမှာ မလိုအပ်သေးဘဲနဲ့ အစောကြီး လုပ်တယ်။ မြေရှင်လို့ သတ်မှတ်ရာမှာ တိုင်းရင်းသား မြေရှင်ကလေးတွေ တတုံးထွန်၊ နှစ်တုံးထွန် လုပ်စားသူတွေကိုတောင် မြေရှင်လို့ သတ်မှတ်ပြီး သီးစားတိုက်တယ်။ ဒီလိုလုပ်ရပ်ဟာ မမှန်ဘူး။ ဒါကြောင့် ပါတီက ချမှတ်တဲ့လမ်းစဉ်ကို ပြင်သင့်တယ်လို့ မသုံးလုံးကိုစိန်ဝင်းက ကန့်ကွက်တော့ ကျနော်က ကိုစိန်ဝင်းဘက်က။ အဲဒီအခါ ပါတီက ကျနော်တို့ကို ပေးထားတဲ့ တာဝန်ကနေ ရုပ်သိမ်းထားပြီး မက်စ်ဝါဒကို ကျေညက်အောင် လေ့လာပါလို့ ပြောထားတဲ့အချိန်မှာ ကျနော်တို့ အဖမ်းခံ လက်နက်ချရတာ``

နောက်ပိုင်း …. မသုံးလုံး ကိုစိန်ဝင်းလည်း လက်နက်ချခဲ့သည်။

(င)

၁၉၅၈ ခုနှစ် ကမ္ဘာအေး ဖ.ဆ.ပ.လ ညီလာခံတွင် တည်မြဲနှင့် သန့်ရှင်းဟူ၍ ကွဲခဲ့၏။ ပါလီမန်တွင် တည်မြဲက သန့်ရှင်းအစိုးရအဖွဲ့အား အယုံအကြည်မရှိ အဆိုတင်၍ ဖြုတ်ချရန် ကြံ၏။ ပါလီမန်အတွင်း ဖ.ဆ.ပ.လအမတ် အများစုအား တည်မြဲတို့က ရထား၏။ သို့သော် …. ပ.မ.ည.တ များက သန့်ရှင်းဘက်မှ ထောက်ခံလိုက်ကြသဖြင့် တည်မြဲ၏ အယုံအကြည်မရှိ အဆိုက ပါလီမန်တွင် ရှုံးနိမ့်သွားခဲ့၏။ တိုင်းပြည်က နုနု …။ တိုင်းပြည်၏ အာဏာရပ်ဝန်းအတွင်း၌ မုန်တိုင်းထန်နေဆဲ…။ အိမ်စောင့်အုပ်ချုပ်ရေးအဖွဲ့မှ ပြုလုပ်ပေးသည့် ၁၉၆ဝ ရွေးကောက်ပွဲတွင် `နု၊ တင်`တို့က ပ.ထ.စ အနေဖြင့်ဝင်၏။ `ဆွေ၊ ငြိမ်း` တို့ကမူ ဖ.ဆ.ပ.လ အနေဖြင့်ပင် ဝင်ကြသည်။ မြေးသူကြီးက ပ.ထ.စနှင့် ပို၍နီးစပ်သည်ဟု ဆိုရမည်။ ပ.ထ.စ အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီး ဖြစ်လာမည့် သခင်ပန်းမြိုင်နှင့် မြေးသူကြီးက ရင်းနှီး၏။ ပ.ထ.စ အား အားပေးကူညီသည့်အတွက်ပင် မြေးသူကြီး ထောင် ၂ နှစ် ကျခဲ့ရသေး၏။ ဤသည်နှင့်ပတ်သက်ပြီး….

``တနေ့တော့ မန္တလေးတောင်ခြေက ဘုန်းကြီးဦးကုသလက အခေါ်လွှတ်လို့ဆိုပြီး ကျနော့်ကို လာခေါ်တယ်။ ကျနော်လိုက်သွားတော့ ဘုန်းကြီးဦးကုသလက ဟေ့ကောင် .. စောမောင် ငါတို့ တည်မြဲအတွက် ကားဘယ်နှစင်း မင်းတို့ ကူညီမလဲလို့ ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းပါလေရော။ မထင်မှတ်ထားတဲ့ မေးခွန်းပါ။ လုံးဝ မျှော်လင့်မထားဘူး။ ဟာ .. အရှင်ဘုရား တပည့်တော်တို့ လက်လွန်သွားပြီးဘုရား။ ပထစကို အကုန်ပေးမယ်လို့ ကတိပြုလိုက်ပြီ။ အံမာ .. မင်းက အဲဒီလိုလား``

``ကျနော်တို့ ကားပြာအသင်းမှာ အဲဒီတုန်းက ကား ၂၂ စင်း ရှိတယ်။ ဆိုင်ရာမြို့နယ်အလိုက် ခွဲတမ်းတွေ ချပြီးသား။ ဘုတလင်အတွက်တောင် ၃ စင်းပါ လိုက်သေးတယ်။ ဘုတလင်မှာ အရွေးခံမယ့်သူက ရိုးရိုးအရပ်သား သာမန်လူတယောက်။ ပမညတ က ကိုသိန်းဖေမြင့်နဲ့ ယှဉ်ကြရမှာ။ အဲဒီလို အစီအစဉ်တွေ ခွဲတမ်းတွေချပြီးမှ တည်မြဲတွေက ကားလိုချင်နေကြတာ``

ထိုစဉ်က …. မြေးသူကြီးက မန္တလေးကားပြာအသင်းတွင် ဒု-ဥက္ကဋ္ဌ တာဝန်ယူထား၏။ ဒု-ဥက္ကဋ္ဌ ဆိုသော်လည်း အသင်းတွင်က သူ့ခြေ သူ့လက်ချည်းပင်….။

နိုင်ငံရေးအကွဲ … အုပ်စုအစွဲက နိုင်ငံရေးနယ်ပယ်အား ကျော်လွန်၍ ကားပြာအသင်းသို့ပင် ဝင်ရောက်၍ ရိုက်ခတ်၏။ ကားပြာအသင်း အမှုဆောင်များအတွင်း၌ …. သန့်ရှင်းလူ…၊ ကျော်ငြိမ်းလူ၊ ဘဆွေလူ ဟူ၍ ရှိကြ၏။

``တချို့ပုဂ္ဂိုလ်တွေ တွေးကြတာ .. ကျနော် ဒီအသင်းမှာ မရှိတော့ရင် ဒီကားအသင်းက သန့်ရှင်းရဲ့ ကားအသင်း မဟုတ်တော့ဘူး။ ကဲ .. မင်းတို့ ပြောကြ။ စောမောင်မရှိရင် ဥက္ကဋ္ဌ ဘယ်သူ့တင်ကြမလဲ ဦးကုသလက မေးတယ်။ ဦးကောင်း ကို တင်မယ်။ ဘယ် . ဦးကောင်းလဲ။ ငါတို့ ခိုင်းတာ လုပ်မယ့်လူမှ တင်။ အဲဒီစီမံကိန်း ဆွဲပြီး ကြတာကို ကျနော် ပြန်လွတ်လာတော့ ကြားရတော့တာပဲ။ ကျနော့်ကိုဖမ်းပြီး ထောင်ထဲထည့်ဖို့ ဘုန်းကြီး ဦးကုသလနဲ့ ဖိုးချင်းက ဗိုလ်မှူးထွန်းအုံတို့ ဇယားဆွဲကြတာပါပဲ``

အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ မြေးသူကြီးက ဤသို့ ဆို၏။

``တောထဲက ရဲဘော်မ မမြကြည် မန္တလေးဆေးရုံကြီးကို ဆေးလာကုတယ်။ လက်မှာ သေနတ်မှန်လာတာ။ မမြကြည်က ကိုချစ်ခင်ရဲ့ ဇနီးလေ။ ရဲဘော်ဋ္ဌေးရဲ့ သားကို မွေးစားတဲ့သူ။ သူ ဆေးရုံတက်တယ် ကြားတော့ မသွားဘဲ မနေနိုင်ဘူး။ လူမှုရေးအရ စားစရာပို့တယ်။ အဝတ်အစားပို့တယ်။ သူက ငါပြန်ရင် နာရီတလုံး လိုချင်တယ်။ ရတယ် စိတ်ချဆိုပြီး နာရီတလုံး ဝယ်ပေးလိုက်တယ်။ အဲဒီတုန်းက ဘာမှမဖြစ်ဘူး``

တဖက်တွင် သန့်ရှင်း (ပ.ထ.စ) နှင့် နီးစပ်သော်လည်း တည်မြဲနှင့်လည်း မကင်းပြန်…။ ဗိုလ်ခင်မောင်ကလေးက တည်မြဲ၏ခေါင်းကိုင် ပုဂ္ဂိုလ်များထဲမှ တဦးဖြစ်သည်ဟု ဆိုရမည်။ ဗိုလ်ခင်မောင်ကလေးနှင့် မြေးသူကြီး ဆက်ဆံရေးက ဆရာတပည့် ဆက်ဆံရေး…။ မြေးသူကြီး မန္တလေး နေရှင်နယ်ကျောင်းတွင် နေစဉ်က ဗိုလ်ခင်မောင်ကလေးက နေရှင်နယ်ကျောင်းမှ ကျောင်းဆရာ….။

ဗိုလ်ခင်မောင်ကလေး စစ်ကိုင်းသို့ ရောက်နေစဉ် မြေးသူကြီး အား အခေါ်လွှတ်၏။

``ဆရာသမားက ခေါ်ခိုင်းတော့ လုပ်ရတော့တာပေါ့။ အမရပူရမှာ ကိုထွန်းရှိန်ဆိုတဲ့ သူငယ်ချင်း ရှိတယ်။ သူက ဗိုလ်ခင်မောင်ကလေးနဲ့ ရင်းနှီးတယ်။ ဗိုလ်ခင်မောင်ကလေးရဲ့ ကားကို မောင်းပေးရတယ်။ ဆရာက အခေါ်ခိုင်းလိုက်လို့ဆိုပြီး ကိုထွန်းရှိန်က လာခေါ်တယ်။ လိုက်သွားတော့ ဟေ့ကောင် .. မင်းကို ငါ ခိုင်းစရာ ရှိတယ်။ ငါ အုန်းတောကို သွားချင်တယ်။ ကားလည်း ဘယ်နှစင်းလိုချင်တယ်။ ရအောင်လုပ်ပေးတဲ့။ စစ်ကိုင်းမှာရှိတဲ့ ကားအသင်းတွေလည်း ကျနော့်သြဇာ မကင်းဘူး။ စစ်ကိုင်းမှာလည်း တည်မြဲတွေ ရှိတာကိုး။ ဒါ ခင်ဗျားတို့ဝန်ကြီး ဗိုလ်ခင်မောင်ကလေးက အကူအညီတောင်းတာ လုပ်ပေးကြဦးလို့ ပြောလိုက်တာပဲ။ သူတို့ ဝန်ကြီးရဲ့ ဝိတ်ကိုသုံးပြီး သူတို့ ပြန်အကူအညီတောင်းလိုက်တာ အဲဒီကားတွေနဲ့ မဲရုံလာမယ့်သူတွေကို သေနတ်နဲ့ ပစ်မယ့်သူ သူပုန်အတုတွေကို သွားပို့ရတာ။ နောက်တော့ ပေါ်တာပဲ။ အချင်းချင်းထဲက ပေါ်တာပါ။ ကားလိုက်သွားကြတဲ့ သူတွေက ဥက္ကဋ္ဌ လုပ်လိုက်တာ ဘာမှန်းမသိဘူး။ သေနတ်တွေနဲ့ ပစ်ကြတာဗျ။ အေး .. ကျုပ်လည်း ဘာမှန်းမသိဘူး။ ခိုင်းလို့ လုပ်တာ။ အဲဒါတွေ လျှောက်ပြောမနေကြနဲ့ အန္တရာယ်ရှိတယ်လို့ သူတို့ကို တားရခြောက်ရတယ်။ ကိုယ်ကလည်း ကြောက်တာကိုး``

မြေးသူကြီးက …. သမိုင်းတွင် ပါးပါးလေး ဖုံးဖိနေခဲ့သည့် မှန်ကူကွက်လေးများကိုလည်း လှပ်၍ ….လှပ်၍ ပြထား၏။

မြေးသူကြီး၏ စာမျက်နှာ ၁၃၇ တွင် ဖော်ပြထားသည့် …..

``အနီးစခန်းလေယာဉ်ကွင်းကို ကရင်သိမ်းထားပြီးသား။ တပ်မတော်လေယာဉ်တစင်း ဆင်းလာတယ်။ အဲဒီလေယာဉ်မှာ တော်တော်ရာထူးကြီးတဲ့ အရာရှိတွေ ပါတာပေါ့။ အနီးစခန်း လေယာဉ်ကွင်းကို အဆင်းမှာ တပ်မတော်အရာရှိတွေက သူတို့ကို လာကြိုနေကြတယ်ထင်တာ။ နောက်တော့မှ လာကြိုသူတွေက ကရင်တွေဖြစ်နေလို့ အဖမ်းခံကြရတာ။ ဗိုလ်ချုပ်မောင်မောင်လည်း ပါသွားတယ်``

ဗိုလ်ချုပ်မောင်မောင်အား KNDO မှ ဖမ်းဆီးရမိသည့် အရေးနှင့်မူ …… သမိုင်းဆိုင်ရာ ဝိဝါဒကွဲစရာများ ဖြစ်နေသည်။ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်းတွင် မှူးသမိန် (ဗိုလ်မှူးကြီးဟောင်း စောမြင့်) က ဗိုလ်ချုပ်မောင်မောင် အဖမ်းခံရသည့် အရေးနှင့် ပတ်သက်၍ `ရေသိုးကြီး အကျဉ်းသား` တွင်ကား ….

``တိုင်းမှူးအသစ် ဗိုလ်မှူးကြီးမောင်မောင်သည် တိုင်းမှူးဌာနချုပ်၌ ရုံးထိုင်၍ ၂ ရက်အကြာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တောင်ငူမှ တောခိုကရင်သေနတ်ကိုင် တပ်ရင်းနှင့် တောခို ကချင်တပ်တို့ ပေါင်းပြီး ကေအင်ဒီအိုတွေ အထက်မြန်မာပြည်ဘက် တက်လာပြီဆိုသော သတင်းကို ရရှိသည်။ တိုင်းမှူးသည် တတ်လာသော ရန်သူကို ခုခံတိုက်ခိုက်ရာ၌ ကိုယ်တိုင်ဦးစီးကွပ်ကဲရန် အလို့ငှာ ပြင်ဦးလွင်မှ မော်တော်ကားဖြင့် နောက်တနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မိတ္ထီလာသို့ ဆင်းသွားသည်။ မိတ္ထီလာရှိ တပ်မဟာဌာနချုပ်မှ ဦးစီးအရာရှိများနှင့် တွေ့ဆုံကာ စစ်ရေးအစီအစဉ်များ ချက်ချင်း ပြုလုပ်သည်။ နောက်တနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တိုင်းမှူးသည် သူ၏ စစ်ဦးစီးအဖွဲ့နှင့် မိတ္ထီလာလုံခြုံရေးကို ဂျစ်ကားနှစ်စီးဖြင့် လှည့်လည်စစ်ဆေးနေစဉ် မိတ္ထီလာမြို့ထဲ ရောက်ရှိနေပြီဖြစ်သော ကေအင်ဒီအိုတို့က ဖမ်းဆီးလိုက်သဖြင့် အငိုက်မိကာ တိုင်းမှူးနှင့်တကွ စစ်ဦးစီးတဖွဲ့လုံး ကေအင်ဒီအိုလက် ရောက်ရှိသွားခြင်းဖြစ်သည်``

(စ)

မြေးသူကြီးဦးစောမောင်၏ အရွယ်လွန်နေ့ရက်များက … ရှုံးနိမ့်မှုများ၊ ကျဆုံးမှုများစွာနှင့်….။ ဘာလုပ်လုပ်…. ဆုံးရှုံးမှုများနှင့်ပင် ဆက်တိုက်ကြုံရ၏။ မြေးသူကြီးစကားနှင့် ဆိုရမူ …..

``အကြောင်းမသင့်တော့ ကိုယ်ပေါက်တဲ့ သေးစီးကြောင်းတောင်မှ မြွေမှတ်ပြီး လန့်ခုန်မိတဲ့ ဘဝလေ`` အဖြစ်နှင့်….။ အသက်က ၈ဝ ကျော်ပြီ။ နေမကောင်းလျှင်ပင် ဆေးဝယ်မသောက်နိုင်သည့်အဖြစ်…..။

``ဒါပေမယ့် ဘဝကို လက်မြှောက်အရှုံးမပေးဘူး။ ဖြစ်ခဲ့သမျှ၊ ကြုံနေသမျှ၊ လာလတ္တံ့ ဒုက္ခသုက္ခတွေကို ခါးစည်းပြီး ကြံ့ကြံ့ခံသွားမှာ``

ဤသည်ပင်လျှင် …. မြေးသူကြီး (သို့မဟုတ်) ရွှေကြက်ယက် ဝံပုလွေ၏ ကြုံးဝါးသံဟု ဆိုရမည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1615 guests online