Smart City နှင့် အနာဂတ်ရန်ကုန် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်မည်

စိုးသူအောင်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA-YGN) မှဦးဆောင်ကာ Smart City နှင့် အနာဂတ်ရန်ကုန် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ (ICT Talk) ပြုလုပ် မည်ဖြစ် ကြောင်း အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးမင်းဦးကပြောသည်။

Smart City & အနာဂတ်ရန်ကုန် ICT Talk ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို လှိုင်မြို့နယ်ရှိ ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA-YGN) ရုံးခန်းတွင်ပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 Smart City ဆိုသည်မှာ မီတာဘေ၊ လျှပ်စစ်ဘေတို့တင်မကဘဲ ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း၊ အခွန်အမျိုးမျိုးပေးချေခြင်း၊ ဘတ်စ်ကား အနစ် အစစ အရာရာကို ပိုမိုလွယ်ကူ အချိန်ကုန်သက်သာစေရန် အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်ခြင်းမျိုးကိုဆိုလိုသည်ဖြစ်ကြောင်း လည်း ဦးမျိုးမင်းဦးက ပြောသည်။

 “ အခုလက်ရှိဆိုလို့ရှိရင် နိုင်ငံတကာမှာ Smart City ဆိုတဲ့ဘက်ကို နိုင်ငံတိုင်းက အဲ့ဘက်ကိုသွားနေတယ်ပေါ့။ လူထုတွေရဲ့သွားလာနေထိုင်တဲ့ နေရာမှာ သူတို့ ဇိမ်ရှိရှိနဲ့စတိုင်ကျကျနဲ့ စမတ်ကျကျ သူတို့သွားတယ်။ ပြီးတော့ မလိုအပ်ပဲနဲ့ ကုန်ကျမှုတွေလည်းမရှိအောင်လို့ လုပ်တာ။ ကျွန် တော်တို့မြန်မာနိုင်ငံမှာကျတော့ ပြောရရင် အဲ့ဘက်ကိုခြေဦးမလှည့်သေးဘူးပေါ့။ နိုင်ငံတကာဆိုတာမှာက အရှေ့တောင်အာရှမှာက လုပ်နေကြဆဲ၊ ထိုင်းမှာလဲ လုပ်နေတယ်။ ဗီယမ်နမ်တို့မှာလည်းလုပ်နေတယ်။ သူတို့လုပ်တာကြာပြီပေါ့နော်။ အဲ့လိုမျိုးလုပ်နေတဲ့နေရာမှာ ကျွန်တော်တို့က နောက်ကျ ကျန်ခဲ့မှာစိုးလို့။ ကျွန်တော်တို့လည်း လုပ်ဖို့လိုမယ်ပေါ့ ။ ဒါတွေက မဖြစ်မနေအကောင်အထည်ဖော်ရတော့မယ် ဆိုပြီး ဒီပွဲလေးကိုပြုလုပ်ရခြင်းဖြစ်တယ် “ ဟု ၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း မှဦးဆောင်ပြုလုပ်သည့် အဆိုပါပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးနေဘုန်းလတ်မှ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

“ Smart City နှင့် အနာဂတ်ရန်ကုန် “ ဟုနာမည်ပေးထားသည့် (ICT Talk) ကို MICT Park ရှိConference Hall တွင် ဇန်န၀ါရီ ၁၃ ရက်နေ့လယ် ၂နာရီမှ စတင် ပြုလုပ်မည်ဖြစ်ပြီး ၀င်ကြေးအခမဲ့ဖြစ်ကြောင်း ဦးမျိုးမင်းဦးကပြောသည်။

အများပြည်သူများအနေဖြင့်  ICT ၏အသုံးဝင်ပုံသိစေရန်၊ နိုင်ငံတိုးတတ်ရေးအတွက်  ICT ကိုမည်သို့အသုံးပြုရမည်နှင့် လိုအပ်ချက်များကို အစိုးရအဖွဲ့များမှ သိရှိပြီး ကူညီပေးစေလိုသည့်ရည်ရွယ်ချက်လည်းပါဝင်သည်ဟုလည်းသိရသည်။