NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

သားဖြစ်သူ သေဆုံးမှုနှင့် ပတ်သက်ပြီး အောင်ရဲထွေး ဖခင်ဖြစ်သူ ပြောပြချက်

Facebook တွင် ဟာသဗွီဒီယိုများဖြင့် နာမည်ကြီးလာသူ သရုပ်ဆောင်အောင်ရဲထွေး (ခ) ရဲထွေးအောင်အား  သတ်ခဲ့သူများကို အမြန်ဆုံး ဖမ်းဆီးပေးရန် အကူအညီတောင်းဆိုကြောင်း အောင်ရဲထွေးဖခင်ဖြစ်သူ ဦးမြင့်ဦးကပြောသည်။

သရုပ်ဆောင်အောင်ရဲထွေး ဈာပနကို ယနေ့ ဇန်နဝါရီလ ၃ ရက်၊ မွန်းလွဲပိုင်း၊ ရန်ကုန်၊ ရေဝေးသုသာန်ရှိ အစ္စလာမ်သချိုင်းတွင် ပြုလုပ်အပြီး ဦးမြင့်ဦးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ တော်တော်လေး ခံပြင်းတယ်။ တော်တော်လေးခံစားနေရတယ် ခုချိန်ထိ။ အဲ့ဒီတော့ ကျွန်တော်ကတော့ အမှုကို အပြစ်ရှိရင် အပြစ်ရှိတဲ့သူကို ပြတ်ပြတ်သားသား အပြစ်ပေးသင့်တယ်။ ပြီးတော့ ဒီဟာကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ပြီး ရမ်းကားတဲ့အဖွဲ့ကို အမြန်ဆုံးဖမ်းဆီးပေးဖို့အတွက်ကို အကူအညီ တောင်းပါတယ်။ ကိုယ့်သားလေးကတော့ ဆုံးရှုံးသွားပြီ။ ဒါပေမယ့် အမှုကို မှန်မှန်ကန်ကန်ဖြစ်တာလိုချင် တယ်ပေါ့” ဟု ဦးမြင့်ဦးက ပြောသည်။

အောင်ရဲထွေး (ခ) ရဲထွေးအောင်မှာ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် အရိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့တွင် ခွဲစိတ်မှုပြုလုပ်ခဲ့ သော်လည်း ရရှိခဲ့သည့် ဒဏ်ရာများမှာ ပြင်းထန်သောကြောင့် ဇန်နဝါရီ ၂ ရက်၊ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဟာသရုပ်သံအတိုများဖြင့် အွန်လိုင်းတွင် လူကြိုက်များခဲ့သော သရုပ်ဆောင်အောင်ရဲထွေးအား သတ်ခဲ့သူ များကို ဖမ်းမမိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်သည်။ လူသတ်မှုကျူးလွန်ခဲ့သူအရေအတွက်မှာ လတ်တလော ၅ ဦးဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖေါ်ပြထားပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပေ။

ဇန်နဝါရီလ ၁ ရက်နေ့ အစောပိုင်းတွင် ရဲထွေးအောင်(ခ)အောင်ရဲထွေး (၂၄)နှစ်နှင့် ရည်းစားဖြစ်သူ တို့သည် သင်္ဃန်ကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment ဝင်းအတွင်း ကျင်းပသော ပါတီပွဲသို့ ရောက်ရှိစဉ် လွန်ခဲ့သည့် ၄ ရက်ခန့်က ခိုက်ရန်ဖြစ်ခဲ့ဖူးသူ အမျိုးသား ၅ ဦး(စိစစ်ဆဲ)နှင့် တွေ့ဆုံခဲ့ရာ ၎င်းတို့က ရဲထွေးအောင်အား ဝိုင်းဝန်းထိုးကြိတ်ခဲ့၍ ဦးခေါင်းတွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး နောက် သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။