UAB နှင့် VISA တို့ ပူးပေါင်းကာ အကြွေးဝယ်ကဒ် တစ်သောင်းခွဲ ထုတ်လုပ်မည်

အမေရိကန်အခြေစိုက် VISA ကုမ္ပဏီနှင့်ပူးပေါင်းထုတ်လုပ်သည့် အကြွေးကတ်များကို UAB ဘဏ်က ယခုနှစ်အတွင်း ကတ်အရေအတွက် တစ်သောင်းခွဲအထိ ထုတ်ဝေရန် မျှော်မှန်းထားကြောင်း ယင်းဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဒေါ်ကျော့ကေခိုင်က ပြောကြားသည်။

UAB ဘဏ်က VISA အကြွေးကတ်များကို Classic ၊ Gold နှင့် Platinum ကတ်ဟူ၍​ ထုတ်ဝေမည်ဖြစ်ပြီး လစဉ် ဝင်ငွေသုံးသိန်းနှင့်အထက်ရှိသူတိုင်း လျှောက်ထားနိုင်ကာ ကတ်အမျိုးအစားပေါ် မူတည်၍ လစာ၏ နှစ်ဆအထိ အကြွေးပမာဏရရှိမည်ဖြစ်ကြောင်း UAB ဘဏ်က ထုတ်ပြန်ထားသည်။

ယင်းကတ်များကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဆိုင်နှင့် ဆေးရုံများအပါအဝင် လုပ်ငန်းပေါင် ၄၄ သန်းခန့်တွင် အသုံးပြုပေးချေနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း၊ပြည်ပ အသုံးပြုနိုင်မည့် အကြွေးကတ်များကို Master Card၊ JCB နှင့် UPI အစရှိသည့် ပြည်ပလုပ်ငန်းများက ပြည်တွင်းဘဏ်များနှင့်ပူးပေါင်းထုတ်လုပ်လျက်ရှိသည်။ အမေရိကန် အခြေစိုက် VISA ကုမ္ပဏီကမူ ပြည်တွင်းတွင် UAB ဘဏ်အပြင် ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့် ဧရာဝတီဘဏ်တို့နှင့်လည်း ပူးပေါင်း၍ ကတ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။