Ooredoo Enjoy the Internet

Shop.com.mm

အာဇာနည်တစ်ဦးဖြစ်သူ သခင်မြ၏ နှစ် (၁၂၀) ပြည့်မွေးနေ့ကို သခင်မြပန်းခြံ၌ ပြုလုပ်မည်

မျိုးပြည့်​သင်း

အာဇာနည်​​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သူ သခင်​မြ၏ ​အောက်​တိုဘာလ ၇ ရက်​မှာ ကျ​ရောက်​သည့် နှစ် ၁၂၀ ပြည့်​​မွေး​နေ့ကို သခင်​မြပန်းခြံ၌ မနက်​ ၇ နာရီမှ စတင်ကျင်းပသွားမည်​ဖြစ်​သည်​။

"သခင်​မြ အသက် ​၁၂၀ပြည့်​​ မွေး​နေ့အားရည်​စူးပြီး​တော့ သံဃာ(၁၀)ပါးကို အာရုဏ်ဆွမ်း ကပ်​လှူမှာဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့ ပရိသတ်​အားလုံးကို ဖိတ်​ကြားမယ့်​ အခမ်းအနားက​တော့ နံပါတ်​ ၂ အစီအစဉ်​ဖြစ်​တဲ့ နံနက် ၉ နာရီမှာ အခမ်းအနားကို စတင်​ဖွင့်​လှစ်​မှာ ဖြစ်​ပါတယ်​။ နံပါတ်​ ၃ မှာ​တော့ တို့ဗမာ သီချင်း သို့မဟုတ်​ နိုင်​ငံ​ရေးကမ္မဝါကို ဖတ်ပြီး​တော့ အခမ်းအနားကို ဖွင့်​လှစ်​မှာပါ။ တို့ဗမာသီချင်းလို့ ဆိုလို့သာ သီချင်းလို့တပ်​ရတာ တကယ်​က ကာယကံရှင်​​တွေက သီချင်းလည်းမဟုတ်​ လင်္ကာ၊ ကဗျာလည်းမဟုတ်​ ဗြိတိသျှနယ်​ချဲ့အစိုးရကို​​ ခြောက်​လှန့်​ဖို့ ကမ္မဝါသာဖြစ်​တယ်​လို့ သုံးသပ်​တဲ့အတွက်​ ကျွန်​​တော်​တို့က သူတို့အသုံးအနှုန်းအတိုင်း နိုင်​ငံ​ရေးကမ္မဝါ ဖတ်​မှာလို့ သုံးနှုန်းရတာပါ"ဟု သခင်​မြ​မွေး​နေ့ပွဲကျင်းပ​ရေး​ ကော်​မတီ၏ အတွင်း​ရေးမှူး ဦး​အောင်​နိုင်​က ​ပြောသည်​။

အခမ်းအနားအစီစဉ်​(၁၃)ခုပါဝင်​မည်​ဖြစ်​ပြီး အ​လေးပြုခြင်း၊ သခင်​မြအတ္ထုပ္ပတ္တိ၊ ​မွေး​နေ့သဝဏ်​လွှာ ဖတ်​ကြားခြင်း၊ တို့ဗမာသီချင်း သီဆိုခြင်းတို့ ပါရှိမည်​ဖြစ်​သည်​။

အဆိုပါ အခမ်းအနားကျင်းပ​ရေးအတွက် ဦးဆောင်သည့် တို့ဗမာအစည်းအရုံးမျိုးဆက်သစ်များ အဖွဲ့အစည်းက ယ​နေ့ စက်​တင်​ဘာ ၆ ရက်​​နေ့မှာ ​တော်​ဝင်​နှင်းဆီစား​သောက်​ဆိုင်​၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်​ခဲ့သည်​ ။

၁၈၉၇ ခုနှစ်​ ​အောက်​တိုဘာ ၇ ရက်​တွင်​ဖွားမြင်​​သော သခင်​မြသည်​ ၁၉၂၀ ခုနှစ်​မှစ၍ နိုင်​ငံ​ရေးလှုပ်​​ရှားမှုထဲ စတင်​ပါဝင်​လာခဲ့ပြီး သခင်​မြသည်​ ၁၉၄၇ ခုနှစ်​ ဇူလိုင်​လ ၁၉ရက်​​နေ့ အတွင်းဝန်​ရုံး၌လုပ်​ကြံမှုတွင်​ ဗိုလ်​ချုပ်​​အောင်​ဆန်းနှင့်​အတူ ကွယ်​လွန်​ခဲ့သည့်​ အာဇာနည်​တစ်​ဦးလည်း ဖြစ်​သည်​။

မြန်​မာနိုင်​ငံ လွှတ်​​လပ်​​ရေးရပြီး​နောက်​ အလုံပန်းခြံကို သခင်​မြပန်းခြံသို့​ပြောင်းလဲ​ခေါ်တွင်​ခဲ့သည်​။

"သခင်​မြပန်းခြံလို့​ ခေါ်တွင်​ရတာ ပထမဆုံးအချက်​က ဘာလဲဆို​တော့ အမျိုးသားအာဇာနည်​​ခေါင်း​ဆောင်​ကို ဂုဏ်​ပြုတဲ့အ​နေနဲ့ သခင်​မြပန်းခြံလို့​ခေါ်တွင်​ခြင်းဖြစ်​သလို သခင်​မြငယ်​စဉ်​က တက်​ခဲ့သည့်​​ အ.ထ.က(၄)အလုံ နားမှာလည်းရှိတယ်​ ။ သခင်​မြ​နေတဲ့​ကျောင်းနားမှာ အလုံပန်းခြံကိုသခင်​မြပန်းခြံ အဖြစ်​ ​ပြောင်းလဲသတ်​မှတ်​ခဲ့ခြင်းဖြစ်​ပါတယ်​"ဟု သခင်​မြပန်းခြံဖြစ်​​ပေါ်လာပုံကို တို့ဗမာအစည်းအရုံးမျိုးဆက်သစ်များ အဖွဲ့အစည်းမှ ဦး​အောင်​မြင့်​ဦးက ပြောသည်​။