ချန်ပီယံသစ် လာပြီ
တောင်အာဖရိကမြေမှာ ဒီကနေ့ ကစားမယ့် ဖီဖာရဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကနေ ချန်ပီယံသစ် ပေါ်ထွက်လာပါတော့မယ်။ ကမ္ဘာ့အဆင့် ၂ စပိန်နဲ့ ကမ္ဘာ့အဆင့် ၄ နယ်သာလန် တွေ့ကြမယ့်ပွဲပါ။ ဒီ ၂ သင်းဟာ တကြိမ်မှ ဖလား မရဖူးသေးပါဘူး။
ဗိုလ်လုပွဲ ပွဲကြို သုံးသပ်ချက်
(နယ်သာလန်-စပိန်)
ကမ္ဘာ့ဖလားသမိုင်းမှာ ဒီ ၂ သင်းဟာ ၈ ကြိမ် ဆုံဖူးပြီး၊ နယ်သာလန်က ၄ ကြိမ်၊ စပိန်က ၃ ကြိမ် နိုင်ထားပါတယ်။ တကြိမ်မှာတော့ သရေကျခဲ့တာပါ။
နောက်ဆုံးကစားခဲ့တဲ့ ၃ ကြိမ် ဆုံတွေ့မှုမှာ နယ်သာလန်က ၁ - ၀ ၊ ၂ - ၀ နဲ့ ၂ ကြိမ်နိုင်ပြီး၊ တကြိမ် သရေကျပါတယ်။
နယ်သာလန်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ ၂ ကြိမ် တက်ခဲ့ဖူးပါတယ်။ အိမ်ရှင်တွေဖြစ်ကြတဲ့ ဂျာမဏီနဲ့ အာဂျင်တီးနားတို့ကို ရှုံးပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဒီတကြိမ်မှာတော့ အိမ်ရှင်ဆိုတာကို မေ့ထားပြီး နယ်သာလန်တို့ ကစားခွင့်ရပါမယ်။
စပိန်ကတော့ ကမ္ဘာ့ဖလား တကြိမ်မှ မရဖူးတဲ့အပြင်၊ ဗိုလ်လုပွဲကို ဒီနှစ်ကျမှ တက်လာရတာပါ။
၂၀၁၀ ကမ္ဘာ့ဖလား မစတင်ခင်က စပိန်အသင်းရဲ့ ဗိုလ်စွဲနိုင်ခြေ ရေပန်းစားမှုက နယ်သာလန်ထက် သာပါတယ်။
ဖြတ်သန်းခဲ့တာ ပြန်ကြည့်ရင်တော့ နယ်သာလန်က စပိန်ထက် ဖြတ်သန်းမှုခရီး ကြမ်းပါတယ်။ ဘရာဇီးလို အသင်းကြီးကို အနိုင်ကစားခဲ့တဲ့ နယ်သာလန်မှာ စိတ်ဓာတ်အသာစီး ရနေပါတယ်။
စပိန်ကတော့ ပွဲဦးထွက်မှာ ဆွစ်ဇာလန်လို အသင်းကို ရှုံးထားလို့ ဖိအားရှိနေပါတယ်။ ဒီပွဲမကစားခင် စပိန်ဂိုးသမား ကာဆီးလက်စ်ကလည်း ဒါကို ၀န်ခံထားပါတယ်။
နယ်သာလန်က သွင်းဂိုး ၁၂ ဂိုး၊ ပေးဂိုး ၅ ဂိုးပါ။ စပိန်က သွင်းဂိုး ၇ ဂိုး၊ ပေးဂိုး ၂ ဂိုး ရှိပါတယ်။
ပွဲပယ်နဲ့ ဒဏ်ရာပြဿနာ ၂ သင်းလုံး ကင်းပါတယ်။ ၂ သင်းစလုံး ပထမပွဲထွက် ကစားသမားတွေနဲ့ ပွဲထွက်လာကြမှာပါ။ ကွင်းလယ်ကစားအား မျှပြီး၊ ကစားသမားချင်းလည်း ညီကြပါတယ်။
စပိန်ရှေ့တန်းမှာ တောရက်စ်ကို ထည့်ကစားမလားဆိုတာတော့ နည်းပြ ဒဲဘော့ စဉ်းစားရပါမယ်။ ဖာဘရီဂတ်စ်လည်း ပခုံးမှာ ဒဏ်ရာရှိနေပေမယ့် ကစားနိုင်လောက်ပါတယ်။
နယ်သာလန်က ဗန်ပါစီကို အထောင်ထားပြီး ၄ - ၂ - ၃ - ၁ နဲ့ ပွဲထွက်လာပါမယ်။ စပိန်ကတော့ ၄ - ၃ - ၃ နဲ့ လာပါလိမ့်မယ်။
ယူဂို ၂၀၀၈ ချန်ပီယံ စပိန်အသင်းရဲ့ ခြေစွမ်းက ခန့်မှန်းရခက်ပါတယ်။ ဂျာမဏီကို အနိုင်ကစားခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ဆိုရင်တော့ ဗိုလ်စွဲနိုင်ပါတယ်။
ဘယ်အသင်းပဲ ဗိုလ်စွဲစွဲ ကမ္ဘာ့ဖလား ချန်ပီယံသစ် ပေါ်ထွန်းလာပြီဆိုတဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်တော့မှာပါ။
ဆက်ဆက်စောင့်ကြည့်ရမှာက ၂၀၁၀ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင်ဖြစ်မှာက စပိန်က ဗီလာလား၊ နယ်သာလန်က ဆနိုက်ဒါလား ဆိုတာပါပဲ။







