အင်္ဂါ, ၂၁ မေ ၂၀၁၃

Mizzima Burmese

Home > အထူးကဏ္ဍ > သုတေသန > ဒေါ်စုလွတ်မြောက်မှု တနှစ်ပြည့် မိန့်ခွန်း

ဒေါ်စုလွတ်မြောက်မှု တနှစ်ပြည့် မိန့်ခွန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

"ကျမတို့ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အကြောင်းရင်းကတော့ တနှစ်အတွင်းမှာပေါ့နော် မနေ့က ကျမ လွတ်မြောက်လာတာ တနှစ်ပြည့်တဲ့နေ့ပါပဲ။ တနှစ်အတွင်းမှာ ဘာတွေဖြစ်မြောက်ခဲ့လဲ ဆိုတာနဲ့ ပတ်သတ်ပြီး
မေးချင်မြန်းချင်တဲ့ မီဒီယာအုပ်စုဝင်တွေက အများကြီးဆိုတော့ တယောက်ချင်းတွေ့ပြီး ပြောဆိုဖို့ဆိုတာ အခက်အခဲရှိလို့ ဒီလိုအားလုံးစုပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တာဖြစ်ပါတယ်။"

"ဒီလိုသတင်းစာရှင်းလင်းပွဲမှာ စဉ်းစားရမှာက ဒီနှစ်အတွင်းကို ဘာတွေဖြစ်မြောက်ခဲ့လဲဆိုတာ အဓိကထားပြီး သိချင်ကြမယ်လို့ ကျမတို့ထင်ပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ ပထမ နိုင်ငံရေးကို ဦးစားပေးပြောချင်ပါတယ်။ ကျမတို့ နိုင်ငံရေးနဲ့ ပတ်သက်လို့ရှိရင် စတင်ထူထောင်စဉ်ကာလ ကတည်းကိုက အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ဒီမိုကရေစီရရှိရေးအတွက် ဆွေးနွေးမှုတွေ ဖြစ်မြောက်ဖို့ လုပ်မယ် ဆိုပြီးတော့ မူချခဲ့တာပါ။ ဒီအတိုင်းပဲ ကျမတို့ဟာ အနှစ် ၂ဝ ကျော် ဒီလမ်းကို လျှောက်ခဲ့ပါတယ်။"

"အခုနှစ်မှာဆိုရင် ထူးထူးခြားခြား နိုင်ငံရေးဖြစ်စဉ်တွေကို ပြောရမယ်ဆိုရင် ကျမနဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံမှုတွေက ရလဒ်အရ အပြောင်းအလဲတွေ တချို့ရှိခဲ့ပါတယ်။ အများကအခုဆိုရင် စိတ်ဝင်စားနေတာကတော့ NLD ဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား၊ ကြားဖြတ်
ရွေးကောက်ပွဲ ဝင်မလား မဝင်ဘူးလား ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။"

"နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သတ်လို့ရှိရင် လွှတ်တော်ကနေ အပြောင်းအလဲ တချို့လုပ်ပြီးတော့ သမ္မတကြီးကလည်း လက်မှတ်ထိုးပြီးပြီဆိုတော့ ဒီဟာတွေက အတည်ပြု ပြီးသား ဖြစ်သွားပါပြီ။ ဒါ့ကြောင့် ၁၈ ရက်နေ့ကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေ
ခေါ်ပြီးတော့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက် ချမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ
မှာ မှတ်ပုံတင်ရေးမတင်ရေး ကိစ္စတွေကို မမေးပါနဲ့။ ဘာဖြစ်လို့ဆိုတော့ ကျမက ၁၈ ရက်နေ့အထိ စောင့်ပါလို့ပဲ
ပြောမှာပဲ။"

"အဲဒီတော့ မေးရကျိုးနပ်မယ်မထင်လို့ မမေးပါနဲ့လို့ပြောတာပါ။ တခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့
နိုင်ငံရေးအကျဉ်းသားများ ကိစ္စပေါ့နော်။ ဒီနှစ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ တချို့လွတ်လာတာရှိပါတယ်။ ဒါပေမယ့်အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးသမားတွေ ရှိနေတယ်ဆိုတာလဲ အများသိပြီးသား
ဖြစ်ပါတယ်။"

"ဒီနေ့တောင်မှ ထပ်လွှတ်မယ်ဆိုတာကို ကျမတို့ ကြားနေရပါတယ်။ အခုထိတော့ တိတိကျကျ ဘာမှ မသိရသေး ပါဘူး။ အခုထိတော့ လွှတ်တော့မယ် လွှတ်တော့မယ်လို့ ပြောနေတယ်ဆိုတာ ပြောနေတယ်လို့ ကျမတို့ ကြားရတာ
ဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးဟာ ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သာမက ဒီမိုကရေစီလိုလားတဲ့သူ အားလုံးရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။"

"နောက်တခုကတော့ ကျမတို့ နိုင်ငံမှာ အားလုံးအတွက် စိတ်ပူစရာ၊ စိမ်မချမ်းမြေ့စရာ ဖြစ်နေတာကတော့
ပြည်တွင်းငြိမ်းချမ်းရေး မရှိတဲ့ ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာဆိုလိုရှိရင် တိုက်ခိုက်မှုတွေဖြစ်နေတာဟာ ကျမတို့ နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ ဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်။"

"ကျမ ဇူလိုင်လတုန်းက သမ္မတကြီး ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတချို့ကို ဒီတနိုင်ငံလုံး အပစ်အခတ် ရပ်ရေးလုပ်ဖို့၊ အေးအေးချမ်းချမ်းနဲ့ ပြဿနာတွေဖြေရှင်းဖို့ဟာကို ကျမ တိုက်တွန်းခဲ့ပါတယ်။ ကျမအနေနဲ့ ဘယ်နေရာကပဲဖြစ်ဖြစ် ကူညီလို့ရှိရင် ကူညီချင်နိုင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။"

"အခုလည်း ဒီအတိုင်းပါပဲ ဘယ်တော့ပဲမဆို ကျမတယောက်အနေနဲ့ သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ သော်လည်းကောင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တနည်းတနေရာကနေပြီး ကျမတို့က ဝင်ရောက်ပါဝင်ကူညီဖို့ ထပ်မံပြောချင်ပါတယ်။"

"ကျမတို့ နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတခုလို့
မြင်လာတာတခုကတော့ ဥပဒေစိုးမိုးရေးကိစ္စပါပဲ။ လူ့အခွင့်နဲ့ ပတ်သတ်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက် လို့ပဲဖြစ်ဖြစ် ဥပဒေစိုးမိုးရေးမရှိလို့ကတော့ ကျမတို့ဟာ သိပ်ခရီးရောက်နိုင်မှာ မဟုတ်ပါဘူး။"

"နိုင်ငံရေးအကျဉ်းသားဆိုတာ ဥပဒေစိုးမိုးရေးရှိတဲ့နိုင်ငံမှာ ရှိလေ့ရှိထ မရှိပါဘူး။ နောက်စီးပွားရေးနဲ့ ပတ်သက်လို့ ရင်နှီးမြှုပ်နှံမှုတွေ တကယ်ပဲ လာစေချင်တယ်ဆိုရင် ဒီမှာလည်း ဥပဒေစိုးမိုးဖို့လိုပါတယ်။ လာပြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမယ့်သူတွေက ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိမရှိဆိုတာကို သေသေချာချာကြည့်ပြီးမှ ရင်းနှီးမယ် မရင်းနှီးဘူး ဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။"

"နောက်ပြီးတော့ ကျမတို့ နိုင်ငံတိုးတက်ရေးအတွက် လူတွေဟာ စိတ်လုံခြုံဖို့ဆိုရင် ဥပဒေစိုးမိုးရေးဆိုတာ ရှိရ ပါမယ်။ ဥပဒေစိုးမိုးဟာ ဘာပေါ်မှာ မူတည်လဲဆိုတော့ လွပ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိရပါမယ်။ တရားရေး မဏ္ဍိုင်ဟာ လွပ်လပ်ရမယ်၊ သန့်ရှင်းရမယ်။ ဒီလိုသန့်ရှင်းပြီး လွပ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိလို့ကတော့ ကျမတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေးဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး။"

"ဒါဟာ နိုင်ငံတနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ ကျမမြင်ပါတယ်။ ဒီမိုကရေစီအတွက် မရှိမဖြစ် ရှိရမယ့် ကိစ္စတခုဖြစ်ပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာဖို့ဆိုတာ လွပ်လပ်ပြီး သန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိက အချက်ဖြစ်ပါတယ်။ အဲဒီဟာအတွက် ကျမတို့ဟာ ဆက်ပြီးကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါ တယ်။"

"အရင်နှစ်က ကျမ ဒီလိုနေ့မှာ ရုံးရှေ့မှာ ပြည်သူနဲ့ စကားပြောတဲ့အခါ ကျမတို့ ဒီမိုကရေစီကွန်ယက်ဖွဲ့စည်းဖို့ ရည်ရွယ်ချက်ရှိကြောင်း ပြောခဲ့ပါတယ်။ ဒီကွန်ယက်ကတော့ ကျမတို့ အားရလောက်အောင်ကို ကျယ်ပြန့်ခဲ့တယ်လို့ ကျမပြောနိုင်ပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာတော့ တော်တော် အောင်အောင်မြင်မြင်ရှိပါတယ်။ တခြား ကျန်းမာရေး၊ လူမှုရေး၊ လူသားချင်းစာနာတဲ့ အထောက်အကူဘက်မှာလည်း တော်တော်လေး အောင်အောင်
မြင်မြင်ရှိပါတယ်။ ဥပဒေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေ့နေကွန်ယက်တွေလည်း ဖွဲ့နိုင်ခဲ့ပါတယ်။ ဒါဟာ ဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။"

"ဒီလိုတိုးတက်မှုတွေရှိပေမယ့် လုံလောက်သလားဆိုတော့ ကျမကတော့ လုံလောက်တယ် ကျေနပ်လောက်တယ် ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်ပြီ ကျေနပ်လောက်ပြီဆိုတဲ့ အဓိပ္ပါယ်က ထပ်ပြီးလုပ်ဖို့ မလိုတော့ဘူးဆိုတဲ့ အဓိပ္ပါယ်လေး နည်းနည်းရောက်လို့ ဖြစ်ပါတယ်။ ကျမတို့ ထပ်ပြီးလုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် တဘက်ကလည်း အပြုသဘောဆောင်တဲ့ အမြင်တွေလည်းလိုပါတယ်။ တိုးတက်ဖို့ဆိုတာ အမြင်တွေကိုလည်း ပြောင်းလဲသင့်တဲ့အချိန်မှာ ပြောင်းလဲရမယ် နည်းနည်းလိုပါတယ်။"

"ကျမတို့ဟာ ယုံကြည်ချက်ပေါ်မှာ အခြေခံပြီး စွန့်စားသင့်တဲ့အချိန်မှာလည်း စွန့်စားရမယ်။ အဲသလို လုပ်မှသာ လျှင် ကျမတို့လိုချင်တဲ့  ဒီမိုရေစီလမ်းကြီးဟာ ပွင့်သွားမှာပါ။ ဒီတော့ မပွင့်သေးဘူးလားလို့ တချို့ကမေးမယ်။ ဒီလိုကျမပြောချင်းအားဖြင့် ဒီမိုကရေစီလမ်းကြီးဟာ မပွင့်သေးဘူးလားလို့ ပြောတာလားဆိုလို့ရှိရင် ဒီလမ်းဟာ ပွင့်ပြီလို့ အားလုံးကနေ လက်ခံနိုင်တဲ့ အခြေအနေကို မရောက်သေးပါဘူးလို့ပဲ ကျမပြောပါရစေ။ ဒီအခြေအနေ
ရောက်ဖို့ အားလုံးက ဝိုင်းပြီးကြိုးစားဖို့လိုပါတယ်။ ကျမဒီလောက်ပြောရင် တော်ပြီထင်တယ်။ ဘာလို့ဆိုတော့
မေးမယ့်မေးခွန်းတွေအတွက် အချိန်ပိုပေးဖို့က အရေးကြီးတယ်ထင်လို့ပါ။"



 
adv4
19 20 21 18 17
14 13 12 8 7
6 5 9 4 3
2 1
adv5
infosys3s
adv3
16 15 10 10
adv666
Phawphaw1
adv
m zine
journal
mobile
Confronting-Democratic-Modernity-in-Military-ruled-Burma-1srogue-agent-announcement
e-letter-burmese

Who is Online

We have 104 guests online