ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတဝှမ်း အသံတိတ် ကူးစက်နေသော သွေးလွန်တုပ်ကွေးရောဂါက ပြည်သူအများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျှက်ရှိသည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များနေသည်။ မဇ္ဈိမသတင်းဌာနမှ ကျော်ခက သက်ဆိုင်ရာ ဒေသများသို့ ဆက်သွယ်မေးမြန်းပြီး အခြေအနေများကို တင်ပြပေးသွားမှာဖြစ်သည်။
ဧရာဝတီတိုင်း
ဧရာဝတီတိုင်းအတွင်း၌ ယခုနှစ်ဆန်းမှ နှစ်ဝက်ထိ သွေးလွန်တုပ်ကွေး ကူးစက်သူဦးရေ ၁၂၂၁ ဦးရှိခဲ့ပြီး ၁၈ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်ဆေးရုံကြီး နှင့် လူမှုဖူလုံရေး ဆေးခန်းတို့မှ စုံစမ်းသိရသည်။
အသက် ၂ဝ အောက် ကလေးများကို အများဆုံး ကူးစက်ခဲ့ပြီး ယခင်လ အစောပိုင်းမှစ၍ ကူးစက်သူဦးရေ သိသိသာသာ တိုးပွားလာကြောင်း ဆရာဝန်များက ပြောသည်။
ပုသိမ်မြို့အပါအဝင် ယင်းမြို့နယ်အတွင်းမှ ကျေးရွာများ၌လည်း ရောဂါပျံ့ပွားနေပြီး ပုသိမ်ဆေးရုံကြီး တခုတည်းတွင် ကုသခံခဲ့သူ ဇန်နဝါရီလပိုင်းမှ ယခုလ ၃ ရက်နေ့အထိ စုစုပေါင်း ၅၆၁ ဦးရှိပြီး ယင်းမှ အသက် ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေး ၉ ဦး သေဆုံးခဲ့ရကြောင်း ဧရာဝတီတိုင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဧရာဝတီတိုင်း၌ မြို့နယ် ၂၇ မြို့နယ်တွင် သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားနေပြီး ပုသိမ်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ အိမ်မဲ၊ ဖျာပုံမြို့နယ်များ အောက်ရှိ ကျေးရွာများမှာ အများဆုံး ဖြစ်နေသည်ဟု သိရသည်။ ပုသိမ်မြို့နယ်အတွင်းမှ ရွာများတွင် အဆိုးဆုံးဟုလည်း ဆိုသည်။
“သေချာ စစ်တမ်းပြုကြည့်တဲ့ အခါကြတော့ မြို့ပေါ်နေ ရပ်ကွက်တွေက အဖြစ်နည်းတာကို တွေ့ရတယ်။ အခု ဒီမှာ ရောဂါဖြစ်တဲ့ လူစာရင်းအများဆုံး တက်တာနဲ့ အဆိုးဆုံးဖြစ်နေတာက ပုသိမ်မြို့နယ်ထဲက ရွာတွေမှာ ဖြစ်နေတာ” ဟု တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
မော်လမြိုင်ကျွန်းမြို့ပေါ်မှ ရောဂါဖြစ်ပွားသည့် ရပ်ကွက်များ၌ ခြင်ဆေးဖြန်းခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်နေသော်လည်း ရောဂါမဖြစ်သေးသည့် ရပ်ကွက်များတွင်မူ ကြိုတင်ကာကွယ်ရေး အစီအစဉ်များ မလုပ်ပေးနိုင်သေးကြောင်း ယင်းမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
မော်လမြိုင်ကျွန်းမြို့ လူမှုဖူလုံရေး ဆေးခန်းမှ ဆရာဝန်တဦးက “အများဆုံး ဖြစ်ကြတာက ကိုယ်အပူတွေ ကြီးတယ်။ အရိုးအဆစ်တွေ ကိုက်တယ်။ ရောင်တယ်။ တချို့ဆေးတိုက်ရုံနဲ့ ၃ ရက်လောက်ဆို ပျောက်တယ်။ လိုအပ်ရင် ဆေးထိုးပေးတယ်။ အခမဲ့ပါ” ဟု မဇ္ဈိမကို ပြောသည်။
နှစ်စဉ် သွေးလွန်တုပ်ကွေး အဖြစ်များသည့် ရာသီဖြစ်သဖြင့် ကျန်းမာရေးဌာနများက ပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ပြုလုပ်ပေးရန်၊ ခြင်များကို နိုင်နိုင်နင်းနင်း ဆေးဖျန်းရန် လိုအပ်နေပြီး ပြည်သူများ အနေဖြင့်လည်း ရေတွင်း၊ ရေကန်ပျက်၊ ချောင်းစပ်၊ မြောင်းစပ်များရှိ ပိုးလောက်လန်းများကို ရှင်းလင်းရန်၊ အိမ်နှင့် ခြံဝန်းအတွင်း ခြင်များ မခိုအောင်းနိုင်စေရန် သန့်ရှင်းရေး ပြုလုပ်သင့်ကြောင်း သူက အကြံပေး ပြောကြားသည်။
မွန်ပြည်နယ်
မွန်ပြည်နယ်အတွင်း မြို့နယ်ရုံးစိုက်သည့် မြို့များအပါအဝင် မြို့နယ် ၁ဝ ခုတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၃ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ၁၂၃၆ ဦးရှိပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။
မော်လမြိုင်မြို့နယ်အတွင်း ကျေးရွာများမှ ၂၂၂ ဦးဖြင့် အများဆုံးဖြစ်ပွားပြီး သေဆုံးသူ မရှိပေ။ သံဖြူဇရပ်အတွင်း ၂၁၁ ဦး ဖြစ်ပွားရာမှ ၁ ဦးသေ။ မုဒုံ ၁၇၉ ဦး။ ပေါင် ၁၄၅ ဦး။ ချောင်းစုံ ၁၂၄ ဦးမှ ၁ ဦးသေ။ သထုံ ၉၉ ဦးမှ ၄ ဦးသေ။ ဘီးလင်း ၉၃ ဦးမှ ၃ ဦးသေ။ ကျိုက်မရော ၉၁ ဦးဖြစ်ပွား။ ရေး ၆၆ ဦးမှ ၁ ဦးသေ။ ကျိုက်ထို ၆ ဦးမှ ၁ ဦးသေ တို့ အသီးသီးဖြစ်သည်။
သေဆုံးသူများထဲတွင် ကလေးအများဆုံးဖြစ်ပြီး ၄ နှစ်မှ ၁၂ နှစ်ကြား ဖြစ်ကြကြောင်း ကျန်းမာရေး ဝန်ထမ်းများက ပြောကြသည်။
သေဆုံးသူ အများဆုံးဖြစ်ခဲ့သည့် သထုံမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ ဝန်ထမ်းတဦးက “ကျနော်တို့ဆီမှာတော့ ဧပြီလလောက်မှ ဒီရောဂါ လာကုကြတာကို တွေ့ရတယ်။ ဒီမြို့ပေါ်ကတော့ နည်းတယ်။ နယ်ဘက်က တက်ပြီး လာကုကြတာ များပါတယ်။ သေတဲ့ကလေးတွေကလည်း နယ်တွေကပဲ” ဟု မဇ္ဈိမကို ပြောသည်။
“ပထမတော့ ရိုးရိုးဖျားကြတာပဲ။ ၃ ရက်လောက်နေမှ သွေးလွန်တုပ်ကွေး လက္ခဏာတွေ ပြလာပြီးတော့ အဆစ်အမြစ်တွေ ကိုက်လာတာတွေ ဖြစ်တာပေါ့နော်။ ဒီလနဲ့ နောက်လမှ ပိုများလာဖို့ရှိတယ်” ဟု ယင်းဆေးရုံ ကူးစက်ရောဂါဌာနမှ ဆရာဝန်တဦးက ပြောသည်။
ကျေးရွာများအပါအဝင် သထုံမြို့ နန်းခဲ၊ အောက်ကျင်း၊ လိပ်အင်း၊ သိမ်ကုန်း၊ ဘင်လှိုင် ရပ်ကွက်များ၌ ခြင်ဆေးဖျန်းခြင်း၊ မြက်တောများကို ရှင်းလင်းခြင်းနှင့် ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးနေသည်ဟု သထုံမြို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ဆိုသော်လည်း မြို့ခံများကမူ ထိထိရောက်ရောက် လုပ်ပေးခြင်း မရှိဟု ပြောနေကြသည်။
“ခြုံပုတ်တွေ မြက်တွေ လာရှင်းဖို့ဆိုတာ ဝေလာဝေး။ ပညာပေး ဟောပြောတာတို့ ဘာတို့တောင် လေကုန်ခံပြီး ပြောတာမဟုတ်ဘူး။ ဟိုတနေ့ကတော့ စက်တလုံးနဲ့ ခြင်ဆေးလာဖျန်းတယ်။ အဲဒါလဲ အပြသဘောလောက်ပဲ။ ခနလေးပဲ။ ခြင်တွေကို စိတ်တိုအောင် လာဆွပေးသလိုပဲ။ နောက် လာမဖျန်းတော့ဘူး။ အဲဒါတောင် သူတို့ ဓါတ်ပုံရိုက်ပြီး သတင်းစာထဲ ထည့်ဖို့နေမှာ” ဟု နန်းခဲရပ်နေသူတဦးက မဇ္ဈိမကို ပြောသည်။
မွန်ပြည်နယ် တောင်စွန်းမြို့ တိုက်နယ်ဆေးရုံတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်သူများရှိသည်ဟု သထုံ ပြည်သူ့ဆေးရုံကြီးမှတဆင့် သိရသော်လည်း မဇ္ဈိမက ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပါ။
ပဲခူးတိုင်း
ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် မတ်လမှစ၍ ယခုလအထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၈၈ ဦးရှိပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ပဲခူးမြို့နယ်တွင် အများဆုံးဖြစ်ပွားပြီး စုစုပေါင်း ၆၇ ဦး ဖြစ်သော်လည်း သေဆုံးသူမရှိပေ။ ညောင်လေးပင် ၄၅ ဦးမှ ၁ ဦးသေ။ ဒိုက်ဦး ၂၇ ဦးမှ ၁ ဦးသေ။ သနပ်ပင် ၁ဝ ဦး။ ဝေါ ၁ဝ ဦး။ ရွှေကျင် ၇ ဦး။ တောင်ငူ ၇ ဦး။ ကျောက်တံခါး ၄ ဦး။ ထန်းတပင် ၄ ဦး။ ကဝ ၄ ဦးနှင့် ကျောက်ကြီးမြို့နယ်တွင် ၃ ဦး အသီးသီး ဖြစ်သည်။
ယင်းကူးစက်ရောဂါသည် ပဲခူးတိုင်းအတွင်း၌ မတ်လမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လပိုင်းတွင်သာ သိသိသာသာ တိုးပွားလာခဲ့သည်ဟု ဆိုသည်။
တိုင်းကျန်းမာရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့များက တိုင်းအတွင်းမှ မြို့နယ်များ အပါအဝင် ကျေးရွာများကို ခြင်ဆေးဖြန်းခြင်း၊ ပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးနေပြီဟု တိုင်းကျန်းမာရေး ဦးစီးဌာနမှ ပြောသော်လည်း ဒေသခံ ပြည်သူအချို့ကမူ မဟုတ်မှန်ကြောင်း ပြောသည်။
တောင်ငူမြို့ မင်းညိုရပ်ကွက်နေ အထက်တန်းပြ ကျောင်းဆရာမတဦးက “ကျမတို့ ဒီရပ်ကွက်မှာ နေလာတာ ၁ဝ နှစ် ကျော်တောင်ရှိပြီ။ တုပ်ကွေး ရာသီပဲဖြစ်ဖြစ်၊ ငှက်ဖျား ရာသီပဲဖြစ်ဖြစ် ကျန်းမာရေး အဖွဲ့တွေ ဘာတွေကလာပြီး ပညာပေး ဟောပြောတာတို့၊ ဆေးဖျန်းတာတို့ တကြိမ်မှ လာလုပ်ပေးတာမျိုး မရှိသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။
ပဲခူးတိုင်း ကျန်းမာရေးဌာနနှင့် မြို့နယ် ကျန်းမာရေးဌာနများ၏ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်မှု အားနည်းနေသဖြင့် ရောဂါပိုမိုဆိုးသွားခဲ့ကြောင်း ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်တဦးကလည်း ပြောသည်။
ယခုမိုးတွင်းကာလသို့ ရောက်နေပြီ ဖြစ်သည့်အတွက် စိုစွတ်သည့် နေရာများတွင် ခြင်များ ပေါက်ဖွားတတ်သောကြောင့် ခြင်ခိုအောင်းနိုင်တဲ့နေရာများဖြစ်သည့် ရေအိုး၊ ရေကန်များကို လုံခြုံစွာ ဖုံးအုပ်ထားရန် လိုအပ်ပြီး အိမ်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းသပ်ရပ်စေရန် အထူးလိုအပ်ကြောင်း ပဲခူးတိုင်းအဆင့် ဆရာဝန်တဦးက ပြောသည်။
“ဒီရောဂါတွေဟာ ဒီရာသီတွေမှာ ဖြစ်တတ်တယ်ဆိုတာ ဒီရောဂါဖြစ်တတ်တဲ့ နေရာဒေသတွေမှာရှိတဲ့ အစိုးရ ကျန်းမာရေးဌာနတွေက သိပါတယ်။ ဒါတွေကို ဒီထက်ပိုမဆိုးလာအောင် သူတို့အနေနဲ့ နိုင်နိုင်နင်းနင်း လုပ်ပေးမယ်ဆိုရင် တုပ်ကွေးဖြစ်မှုနှုန်း လျော့ကျသွားမှာဖြစ်တယ်။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင်တော့ ဒီထက် အနည်းဆုံး ၂ ဆ တက်လာမယ့် လက္ခဏာရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ကရင်ပြည်နယ်
ကရင်ပြည်နယ် မြို့နယ် ၆ ခု၌ ယခုနှစ် နှစ်ဝက်ကာလအတွင်း သွေးလွန်တုပ်ကွေး ကူးစက်သူ ၅၁၆ ဦး ရှိခဲ့ပြီး လှိုင်းဘွဲ့မြို့နယ်တွင် သေဆုံးသူ ၂ ဦးရှိကာ ရောဂါဖြစ်ပွားမှုပမာဏ ယခင်နှစ်များထက် ပိုများနေကြောင်း ကရင်ပြည်နယ် ကျန်းမာရေးဆိုင်ရာ အရာရှိများက ပြောသည်။
ဘားအံတွင် အဆိုးဆုံးဖြစ်ပွားပြီး ရောဂါကူးစက်ခံရသူ ၂ဝ၈ ဦး ရှိသည်။ ကော့ကရိတ်မြို့နယ်တွင် ၁၃၇ ဦး၊ လှိုင်းဘွဲ့မြို့နယ်တွင် ၈၅ ဦး၊ မြဝတီမြို့နယ်တွင် ၇၂ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၁၂ ဦး၊ ဖာပွန်မြို့နယ်တွင် ၂ ဦး အသီးသီးဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါကို ဖေဖေါ်ဝါရီလမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလအထိ စုစုပေါင်း ၂၆၁ ဦးသာ ရှိနေရာမှ ဇွန်လ တလထဲအတွင်း ၂၅၅ ဦး ထပ်မံ တိုးလာသည်။
ကရင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်ကာ မြို့ပေါ်နှင့် ကျေးလက်များတွင်၊ ရောဂါကာကွယ် တားဆီးရေး အသိပညာပေး ဟောပြောခြင်း၊ ရေတွင်းရေကန်များတွင် ပိုးသတ်ဆေးဖျန်းခြင်း တို့ကို ဇူလိုင်လမှစ၍ ဆောင်ရွက်နေပြီဟု ကရင်ပြည်နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ပြည်နယ်မှူး ဦးအောင်အောင်က ပြောသည်။
“ဒီလပိုင်းတွေမှာ ပိုများလာတယ် ဆိုတာကလည်း သူ့ရာသီကိုးဗျ။ သွေးလွန်တုပ်ကွေး ရောဂါဆိုတာကလည်း ဖြစ်ဖြစ်ခြင်း လက္ခဏာပေါ်တဲ့ ရောဂါမှ မဟုတ်တာ။ အချိန်ယူပြီးမှ သိရတဲ့ဟာလေ။ အများအားဖြင့်တော့ နယ်တွေက ဖြစ်တာများတာပေါ့လေ” ဟု ဦးအောင်အောင်က မဇ္ဈိမကို ပြောသည်။
ကရင်ပြည်နယ် မြိုင်ကလေးရွာခံ လယ်သမားတဦးကမူ “ဒီမှာခြင်ကတော့ တော်တော်ပေါတယ်။ ခြင်းကျားကြီးတွေ။ ကိုက်ရင်လည်း ယားလည်းယား၊ နားလည်းနာတယ်။ ကိုက်ခံရလို့ နေမကောင်းတဲ့ လူတွေကတော့ ဘားအံဆေးရုံကြီးကို သွားကြတယ်။ ဒီကိုတော့ ဘယ်သူမှ ဘာလာလုပ်ပေးတာမှ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။
လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုနှင့် ကျေးလက်ဒေသများတွင် အစိုးရ၏ ကျန်းမာရေး ဝန်ဆောင်မှု ချို့တဲ့မှုတို့ကြောင့် အသက်ဆုံးရှုံးမှု ဖြစ်တတ်ကြောင်း ဘားအံမြို့ လူမှုဖူလုံရေး အဖွဲ့ဆေးခန်းမှ ကျန်းမာရေး ဝန်ထမ်းတဦးက ဝေဖန်လိုက်သည်။
“ တောသူတောင်သားတွေက ဖျားတာလောက်ကတော့ သာမန်ပဲဆိုပြီး တချို့က နေကြတာရှိတယ်။ ဘယ်လိုပဲဖျားဖျား ဆေးခန်းပြသင့်တယ် ဆိုပြန်တော့လည်း ဆေးခန်းမရှိဘူး။ ကျန်းမာရေး ဌာနတွေကလည်း အဲဒီနေရာမျိုးတွေကို ကျန်းမာရေးဝန်ထမ်းတွေ ပို့ပေးတာမျိုးကလည်း မရှိဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁ဝ မြို့တွင် ယခုနှစ် မေလ ၂၃ ရက်နေ့မှ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ စတင်တွေ့ရှိခဲ့ပြီး ဇွန်လအထိ စုစုပေါင်း ၉၃ ဦးရှိသည့်အနက် သေဆုံးသူ ၁ ဦးရှိကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာနနှင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးထံမှ သိရှိရသည်။
အဆိုပါ ကူးစက်ရောဂါကြောင့် အများဆုံးဖြစ်ပွားသည့် ကျောက်ဖြူမြို့နယ်တွင် ၃၁ ဦး၊ ရမ်းဗြဲမြို့နယ်တွင် ၁၇ ဦး၊ မင်းပြားမြို့နယ် ၁၅ ဦး၊ စစ်တွေမြို့နယ် ၁၄ ဦးနှင့် ပုဏ္ဍားကျွန်းမြို့နယ်တွင် ၈ ဦး ဖြစ်ပွားကာ ၁ ဦး သေဆုံးခဲ့သည်။ ထို့ပြင် သံတွဲမြို့နယ်တွင် ၃ ဦး၊ ဂွမြို့နယ်တွင် ၂ ဦး၊ အမ်းမြို့နယ်တွင် ၁ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁ ဦးနှင့် မြောက်ဦးမြို့နယ်တွင် ၁ ဦးတို့ ဖြစ်သည်။
ဖြစ်ပွားသူဦးရေးမှာ ဇွန်လတွင် အများဆုံးဖြစ်သည်။ ကူးစက်ခံရသူ အများစုမှာ ၁၅ နှစ်အောက် ကလေးများဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းတဦးက ပြောသည်။
အဆိုပါ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် မြို့များရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများသို့ ပြန်နယ်ကျန်းမာရေး ဦးစီးဌာမှ ဦးဆောင်၍ မြို့နယ် ကျန်းမာရေး ဦးစီးဌာန အသီးသီးက ယခုလ အစောပိုင်းမှ စတင်ကာ ခြင်များပေါက်ဖွားနိုင်သည့် နေရာများကို ဆေးဖျန်းခြင်း၊ ခြင်များခိုအောင်းနိုင်သည့် နေရာများကို ရှင်းလင်းမှုများ ပြုလုပ်နေသည်။
“အဓိကကတော့ ခြင်ကိုက်တာကနေ ဒီရောဂါဖြစ်သွားကြတာပဲ။ နောက်လတွေမှာ ပိုများလာမယ့် အလားအလာ ရှိတယ်။ ဒါကြောင့်မို့ အခုမိုးများတော့မယ့် ရာသီမှာ ကျနော်တို့ ကျန်းမာရေး အဖွဲ့တွေအနေနဲ့ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ လုပ်လည်း လုပ်ပေးနေပါတယ်” ဟု ပြည်နယ်ကျန်းမာရေး ဌာနမှ ကျန်းမာရေးမှူး တဦးက မဇ္ဈိမကို ပြောသည်။
စစ်တွေမြို့ ကလေးဆေးရုံကြီးတွင် တာဝန်ကျသည့် ဆရာဝန်တဦးကလည်း “ဒီကို ရောက်လာကြတုန်းကတော့ ရိုးရိုးအဖျားနဲ့လာတာ။ စစ်ဆေးကြည့်လို့ သွေးလွန်တုပ်ကွေးပိုး တွေပြီဆိုရင် အဲဒီလူကို Taxing အမျိုးအစား ဆေးကို ထိုးပေးပါတယ်။ နောက် ဆေးရုံမှာ ၇-၈ ရက်လောက်နေပြီး သက်သာသွားကြပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
စစ်တွေမြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့ခံများကမူ ကျန်းမာရေးဌာမှ ပညာပေးဟောပြောခြင်း၊ ရက်ကွက်များသို့ ခြင်ဆေးဖျန်းပေးခြင်းများအပြင် ရောဂါဖြစ်ပွားပါကလည်း အခမဲ့ကုသပေးခြင်းမျိုး မရှိဟု တညီတညွတ်တည်း ပြောဆိုကြသည်။
ကယားပြည်နယ်
ကယားပြည်နယ်တွင် ပြီးခဲ့သည့် နှစ်ဝက်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားသူ ၂၁ ဦးရှိကြောင်း ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် လွိုင်ကော် ပြည်သူ့ဆေးရုံကြီတို့ထံမှ သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါကြောင့် သေဆုံးသူ မရှိသေးသော်လည်း အဓိကဖြစ်နေသည်မှာ ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့ဖြစ်ပြီး ဖာဆောင်းနှင့် ဘော်လခဲမြို့များတွင်လည်းဖြစ်ကြကြောင်း ကျန်းမာရေးဦးစီးဌာန ဆေးဝန်ထမ်း တဦးကပြောသည်။
လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ လာရောက်ကုသသူများသည် ဇွန်လဆန်းပိုင်းမှ စတင်ရောက်ရှိလာကြပြီး ယခင်လများတွင် ဖြစ်ပွားမှုမရှိဟု အဆိုပါဆေးရုံမှ ဆရာဝန်တဦးက မဇ္ဈိမကို ပြောသည်။
နှစ်စဉ် မိုးဦးကျမှစ၍ မိုးတွင်းရာသီတွင် သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ ဖြစ်ပွားလေ့ရှိသဖြင့် ယခုနှစ် မေလပိုင်းမှစ၍ ကလေးများ အများဆုံးရှိသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း စာသင်ကျောင်းများတွင် ထိုရောဂါနှင့်ပတ်သက်သည့် ပညာပေးကိစ္စရပ်များအား ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက သွားရောက်ဟောပြောခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့ပြည်နယ်ထဲမှာ အရင်နှစ်တွေကတည်းက ဒီအချိန်ကျရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်မယ်ဆိုတာ ကြိုသိတဲ့အတွက် ကျနော်တို့က ကြိုတင်လုပ်ထားတာပါ။ ဒါကြောင့်မို့လည်း ဖြစ်နှုန်းက အရင်နှစ်ကထက် နည်းသွားတာ ဖြစ်တယ်” ဟု ပြည်နယ် ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးမှူး တဦးက မဇ္ဈိမကို ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူစာရင်းကို အပတ်စဉ် တနင်္လာနေ့တိုင်း နေပြည်တော်အခြေစိုက် ကျန်းမာရေး ဝန်ကြီးဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်ဆေးရုံနှင့် ပြည်နယ် ကျန်းမာရေး ဦးစီးဌာနတို့က ပြောသော်လည်း မဇ္ဈိမသတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ မရှိသေးဟု ပြန်လည်ဖြေကြားခဲ့သည်။
ယခုမိုးဦးကျကာလတွင် ကယားပြည်နယ်အတွင်း၌ မိုးရွာသွန်းမှု အားနည်းနေသေး၍ စိုစွတ်မှု သိသာစွာ ဖြစ်လာခြင်း မရှိသေးသဖြင့် ခြင်များပေါက်ဖွားနိုင်စွမ်း မရှိသေးသဖြင့် သွေးလွန်တုပ်ကွေး ကူးစက်ရောဂါ အဖြစ် နည်းနေသေါးခြင်းဖြစ်ကြောင်း ကျန်းမာရေး အဖွဲ့များ၏ အဆိုပါ ရောဂါတိုက်ဖျက်ရေး အစီအစဉ် အားနည်းနေသေးကြောင်း လွိုင်ကော်မြို့ပေါ်ရှိ လူမှုဖူလုံရေးအဖွဲ့ ဆေးခန်းမှ ဆရာဝန်တဦးက ပြောသည်။
“အခုဒီမှာ အဖြစ်နည်းနေသေးတယ်ဆိုတာက ဒီပြည်နယ်မှာက မိုးအားနည်းနေသေးလို့လည်း ဖြစ်တယ်။ နောက်လတွေမှာ မိုးတအား ရွာလာတော့မယ်။ အဲဒီအချိန်မှာ ခြင်တွေ ထပ်မပွားလာနိုင်အောင်၊ ခိုအောင်းမှုတွေ မလုပ်နိုင်အောင် ကျန်းမာရေးဌာနတွေနဲ့အတူ မြို့ခံ၊ ရွာခံတွေက ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်။ အခုလောလောဆယ်မှာ လုပ်နေပုံကတော့ တကယ်မိုးအားကောင်းလာရင် မလွယ်သေးပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။







