ဦးအေးကြိုင်
(ဥက္ကဋ္ဌ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု - ရခိုင်ပြည်နယ်)
(ဥက္ကဋ္ဌ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု - ရခိုင်ပြည်နယ်)
အမည် ဦးအေးကြိုင်
မိဘ ဦးအောင်မြဦး၊ ဒေါ်မြဝင်း
မွေးသက္ကရာဇ် တော်သလင်းလဆန်း ၁၂ ရက်၊ ၁၃၁၄ ခုနှစ်
မွေးချင်း ၂ ဦးအနက် အငယ်ဆုံး
မွေးရပ် ဘောက်ရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်။
ပညာရေး မြောက်ဦး အထက်တန်းကျောင်းမှ ၉ တန်းထိ သင်ကြားခဲ့
မိသားစု ဇနီးနှင့် သားသမီး ၄ ဦး
အလုပ်အကိုင် ဥက္ကဋ္ဌ ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)
နေရပ်လိပ်စာ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့
ပါတီ အဖွဲ့အစည်း
"ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်) ကို ပါတီအဖြစ် မှတ်ပုံတင်ပြီး ပါတီအကျိုးအတွက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများကို ပံ့ပိုးသွားမည်။ ကိုယ်တိုင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရန် မဆုံးဖြတ်ရသေး"
နိုင်ငံရေး နောက်ခံ
“ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ဥက္ကာကျော် ကျေးရွာအုပ်စုတွင် အများရွေးချယ်တင်မြှောက်သော သမဝါယမ အတွင်းရေးမှူးနှင့် စိုက်ပျိုးမွေးမြူရေး ဘဏ်တွင် ဥက္ကဋ္ဌအဖြစ် ၁၉၇၅ မှ ၁၉၈၂ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ၁၉၈ဝ မှ ၁၉၈၈ ခုနှစ်အထိ အများရွေးချယ်တင်မြှောက်ရသော ခေတ်ပြိုင် ဥက္ကဋ္ဌနှင့် ပူးတွဲတာဝန်အပါ တပါတီခေတ် ပြည်သူ့ကောင်စီတွင် (အုပ်စု) EC ၃ ဦးအနက် တဦးဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစမှ ၂ဝဝ၂ ခုနှစ်ထိ မြောက်ဦးမြို့နယ် တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) ၏ စည်းရုံးရေး ကော်မတီဝင်ဖြစ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ်တွင် ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ ကျောင်းတော်သားများအဖွဲ့တွင် ဗဟိုကော်မတီ တာဝန်နှင့် ရခိုင်ပြည်နယ် တာဝန်ခံလုပ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် ရခိုင်ပြည်နယ် ဒေသခံများ၏ ဆန္ဒအရ ယနေ့အထိ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်လျက်ရှိသည်”
ရွေးကောက်ပွဲဝင်မည့် ရည်ရွယ်ချက်
“ပါတီစုံ ဒီမိုကရေစီဖြစ်ပေါ်ဖို့ လမ်းစဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတဲ့ အခွင့်အရေးတခုကို လက်လွှတ်မခံသင့်ဘူးလို့ ယူဆလို့”
လက်ရှိ နအဖ အစိုးရအပေါ် သဘောထား
“နအဖ က ၂ဝဝ၈ မှာ အခြေခံ ဥပဒေ ထုတ်ပြန်ပြီး ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားလို့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်”
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့လျှင် လူထုအတွက် ပြုလုပ်ပေးမည့် အရာ
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အခါ ရေရှည်တည်တံ့ခိုင်မြဲနိုင်ဖို့အတွက် တနိုင်ငံလုံးမှာ အရင်းရှင် လူတန်းစား၊ အလယ်အလတ် လူတန်းစား၊ အလုပ်သမား လူတန်းစားရှိဖို့ လိုအပ်တယ်။ ဒီ ၃ ရပ်မှာ အလုပ်လက်မဲ့တွေ ပပျောက်ပြီး လူလတ်လူတန်းစားတွေက အခုထက် ပိုတိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တယ်လို့ သုံးသပ်ထားတယ်။ အဲဒါကြောင့် ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ စဉ်းစားထားပါတယ်”
လက်တလော ဖြေရှင်းသင့်သည့် မူဝါဒ
“ကျနော်တို့ အဖွဲ့မှာ လမ်းစဉ်တခု ရှိတယ်။ အဲဒါက အကြွင်းမဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ပါ။ ကမ္ဘာပေါ်မှာ လူတွေ ရှိနေသ၍တော့ ဒွိဟတွေ ရှိနေမှာပါ။ သို့သော် နှစ်ဖက်အကျိုးရှိမယ့် ကိစ္စတွေကို အချိန်အခါအလိုက် ဆောင်ရွက်သွားသင့်တယ်”
စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်
“သတင်းလွတ်လပ်ခွင့်ဆိုတဲ့ နေရာမှာ ကိုယ်ရထားတဲ့ သတင်းက မှန်ကန်တိကျဖို့၊ လက်တွေကျဖို့ လိုတာပေါ့။ မိမိနဲ့ နီးစပ်တဲ့ လူဆီက ရပြီး မှန်မမှန် မသိဘဲ ရေးတာမျိုး မဖြစ်သင့်ဘူး။ ပုတ်ခတ်ရေးသားခြင်းမျိုး မဟုတ်ဘဲ ၂ ဖက် အကျိုးရှိအောင် ရေးကြဖို့ လိုပါတယ်”
၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအပေါ် သဘောထား
“ညီလာခံက ထွက်လာတဲ့ ဥပဒေဆိုတော့ မည်သူမဆို၊ မည်သည့် အဖွဲ့မဆို အကြွင်းမဲ့ မှန်တယ်ဆိုတာတော့ မရှိနိုင်ဘူး။ သို့သော် မြန်မာနိုင်ငံရဲ့ ပကတိလူမှု ဘဝအခြေအနေအရ ဒီအချိန်မှာ လက်ခံသင့်တယ် ထင်လို့လည်း ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်သွားတာ”
အဖွဲ့ လှုပ်ရှားမှု
“ရခိုင်ပြည်နယ်မှာ သံတွဲ၊ ဂွ၊ မန်အောင်က လွဲရင် ရခိုင်ပြည်နယ်မှာ ကျန်တဲ့ မြို့နယ်တွေမှာ စည်းရုံးပြီးသားပါ။ အဖွဲ့ဝင် အင်အား ၂ သိန်း ၄ သောင်းကျော်နဲ့ ရန်ကုန်မှာရှိတဲ့ အဝေးရောက် ရခိုင်တွေကို စည်းရုံးနေတာ ၁၈ဝ လောက် ရှိနေပါပြီ။ ရုံးချုပ်ကတော့ ရန်ကုန် တာမွေမြို့နယ်မှာ ထားရှိပြီး စစ်တွေမြို့နယ်မှာ ရုံးခွဲထားရှိပါတယ်။ သင်္ကြန်မတိုင်ခင် သို့မဟုတ် သင်္ကြန်ပြီးမှ ပါတီမှတ်ပုံတင်ဖို့ စီစဉ်နေပါတယ်။ အခုလောလောဆယ်တော့ ဆွေးနွေးနေကြဆဲပါ”












