ဟိုးတုန်းက ဟံသာဝတီ သတင်းစာ ထုတ်နေချိန်မှာ ဟံသာဝတီ သတင်းစာကို ရန်ကုန်မှာ ရအောင်ရှာပြီး ၀ယ်ဖတ်ပါတယ်။ နောက်ပိုင်း နန်းမြင့်တို့၊ ရွှေမန္တလေးတို့ ထွက်နေတော့ လက်လှမ်း မီသမျှ ရှာဖတ်ပါတယ်။ မန္တလေးမှာ စာရေးဆရာတွေက များ၊ ရန်ကုန်မှာ ထွက်နေတဲ့ ဂျာနယ်၊ မဂ္ဂဇင်း အတော်များများမှာ ကလောင်ကွဲ အမျိုးမျိုးနဲ့ မန္တလေးက ဆရာတွေ လက်စွမ်းပြကြ။ ရန်ကုန်ရောက် မန္တလေး သားတွေက ရေးကြတာ မှန်ပေမယ့် မန္တလေး ဂျာနယ်တွေလောက် မန္တလေး အငွေ့အသက်ကို ရတယ်မထင်။ ဒါကြောင့် မန္တလေး ဂျာနယ်လေးများ လူကြုံရှိရင် ပို့ပို့ ပေးကြပါလို့ မှာထားရတယ်။
တနေ့ကတွေ့တဲ့ မန္တလေးရောက် ဆရာမကြီး တယောက်ကတော့ “ရှင်က ပစ်ထားခဲ့ပေမယ့် ကျမ ရှိနေပါတယ်” လို့ဆိုတော့ ကိုယ့်ကိုပဲ အပြစ်တင် ချင်သလိုလို။ အမေကတောင်မှ “ပင်စင် ယူပြီဆို မန္တလေး ပြန်လာနေမှာလား” လို့ မေးသေး။
မလွှဲမရှောင်သာ မန္တလေးမှာ သွားပြီး တာဝန် ထမ်းဆောင်ရတဲ့ ဆရာတွေ၊ ဆရာမတွေက ပြန်လာရင် ပျော်လာကြတာ များတယ်။ မန္တလေးရဲ့ လူမှု ဆက်ဆံရေးကို သဘောကျ ကြပုံရသလို တွန်းတွန်းတိုက်တိုက် စီးပွားရှာရတဲ့ ရန်ကုန်မှာလို မဟုတ်ဘဲ၊ အေးအေးဆေးဆေး အလုပ်လုပ်ကြတဲ့ မန္တလေးကို နှစ်ခြိုက် ကြပုံရတယ်။
မှတ်မိသမျှပြောရရင် မန္တလေးကို ကားလမ်းကနေ ပထမဆုံး ၀င်ဖူးစဉ်က ရန်ကုန်မှာ မမြင်ဖူးတဲ့ တိုက်သစ် တာသစ်တွေကို အပြိုင်အဆိုင် တွေ့ရတာ မှတ်မိပါတယ်။ ရန်ကုန်က ပြက္ခဒိန်ရိုက် ဓါတ်ပုံဆရာ တယောက်က မန္တလေး ဓါတ်ပုံဆရာ တယောက်ကို ရန်ကုန်မှာ လာရိုက်ရင် ကြီးပွားမှာ၊ လာခဲ့စမ်းပါ ဆိုတာကို အလှူတပွဲ ရိုက်ရတာ ပြလိုက်တော့ အတော်ဖြုန်သွားပြီ။ အခြေအနေက ပြောင်းပြန် ဖြစ်နေတာကို သဘောပေါက် သွားတာ တွေ့ခဲ့ဖူးတယ်။
အေးအေးဆေးဆေး စီးပွားရှာတယ် ဆိုတာ ကနေ့ မန္တလေးမှာ ဘယ်လောက် မှန်းသေးတယ် မသိ။ မန္တလေးမှာ နှစ်ပေါင်းများစွာ အလုပ် လုပ်ရာက ရန်ကုန်မှာ ပြောင်းပြီး အလုပ်လုပ်တဲ့ လူတယောက်က သူ့အတွေ့အကြုံ ပြန်ပြောပြ ဖူးတယ်။
မန္တလေးမှာ လုပ်ချင်ကိုင်ချင် စိတ်ရှိရင် လွယ်တယ်။ ဘယ်သူ ဘယ်ဝါရှိတယ် ဆိုပြီး လုပ်လိုက်ရင် လွယ်တယ်။ ငွေရေး ကြေးရေးတွေ ဘာတွေလဲ သိပ်ပြီး ပြောနေစရာ မလိုဘူး။ ရန်ကုန်မှာတော့ ပွဲစားတွေ၊ အကျိုးဆောင်တွေ သိပ်များတယ်။ ပြီးတော့ ငွေပေး ငွေယူတဲ့ ကိစ္စတွေ ကလည်း Formal သိပ်ဆန်တယ်တဲ့။ ရန်ကုန်နဲ့ ကိုက်အောင် အတော် အချိန်ပေးရတယ်လို့ ဆိုပါတယ်။
အခုတလော မန္တလေးကို စီးပွားရေး သွားလုပ်ကြတဲ့ သူတွေနဲ့ တွေ့ပါတယ်။ မန္တလေးမှာ ကုန်တိုက်ဖွင့်ဖို့ စီစဉ်တဲ့သူ တယောက်က ရန်ကုန်က လူတွေကို ခေါ်သွားသတဲ့။ ဒီမှာ အလေ့အကျင့် ရှိပြီး၊ အတွေ့အကြုံ ရှိပြီးသားမို့ ခေါ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မန္တလေးက ၀န်ထမ်းတွေ လုပ်ပုံကိုင်ပုံကို အားမရလို့ ဆိုတာလည်း ပါတယ်။
နောက် လုပ်ငန်း တခုကလည်း တဖွဲ့လုံးကို ရန်ကုန်က လူတွေနဲ့ပဲ လုပ်ကြဆိုပြီး ပို့လိုက်တယ်။ အောင်မြင်သတဲ့။ ဒါနဲ့ ဘယ်လိုလုပ်ပြီး အောင်မြင် လာသလဲလို့ မေးတော့ အဓိကကတော့ ၀န်ဆောင်မှုပဲတဲ့။ ကျမ တော်လို့လည်း မဟုတ်၊ သူတို့ ညံ့လို့တဲ့။ မန္တလေးက ၀န်ထမ်းတွေ လုပ်ပုံကိုင်ပုံကို သိတယ် ဟုတ်လားလို့ ဆိုပါရော။
ဒါပေမဲ့ မန္တလေးရောက် ရန်ကုန်သား တယောက်ကတာ့ မန္တလေး စတိုးဆိုင် တခုမှာ ရန်ကုန်မှာ တွေ့ရခဲတဲ့ ၀န်ဆောင်မှု ကောင်းကောင်းတွေ တွေ့ခဲ့ရတယ်လို့ ဆိုပြန်ပါတယ်။ သူတွေ့ခဲ့ရတာ မန္တလေးသူတွေရဲ့ ၀န်ဆောင်မှု ဖြစ်တယ်။ ရန်ကုန်သူတွေ ဟုတ်ပုံ မရဘူးတဲ့။
တယောက်နဲ့ တယောက် တူတော့ မတူကြဘူး ပေါ့လေ။ ယေဘုယျတော့ ပြောလို့ရမှာပါ။
ကဲ ရန်ကုန်ရောက် စာရေးဆရာက မန္တလေး ဂျာနယ်အတွက် စာလှမ်းရေးတာကို ရန်ကုန်နည်းနဲ့ပဲ ဆောင်ရွက် ကြမလား၊ မန္တလေး နည်းနဲ့ပဲ လည်ပတ်ကြမလား။ ဘယ်နေ့ အပြီးပေး၊ ဘယ်နေ့ အမီ ဒီပေးဆိုတဲ့ နည်းကိုများ သုံးကြမလား။ ရေးချင်ရေး၊ မရေးချင်နေ၊ လာယူချင်ယူ၊ လာမယူချင်နေတဲ့ နည်းကိုပဲ ကျင့်သုံး ကြမလား။








