ခွပ်ဒေါင်းအလံတွေ လေထဲမှာ တလူလူ လွင့်တက်လာတာကို မြင်ရတဲ့အခါ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်နဲ့ အနှစ် ၂ဝ လောက်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ခံစားချက်တွေဟာ ဟိုအမြင့်ဆုံးထိပ်ကို ရောက်ရှိသွားပါတယ်။ ခွပ်ဒေါင်း အလံတွေ၊ ကြွေးကြော်သံတွေ ပျောက်ပြီး မြို့တော်တခုလုံး ခြောက်ခြားဖွယ်ရာ တိတ်ဆိတ် သွားတဲ့အခါ ပြီးဆုံးသွားပြီလား ဆိုတဲ့ အတွေးတွေ ပေါ်လာတတ်ပြန်ပါတယ်။ ဒီတကြိမ်မှာတော့ ဒီအတွေးတွေက သိသိသာသာ ပြောင်းလဲသွားပါတယ်။ ခွပ်ဒေါင်းအလံတွေ တလူလူ ပြန်လွင့်တက်လာဦးမယ် ဆိုတဲ့ ခံစားချက်တွေက တနေ့တခြား ပိုမို ခိုင်မာ လာနေပါတယ်။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ လအတွင်း ပေါ်ပေါက်ခဲ့တဲ့ “ရွှေဝါရောင် တော်လှန်ရေး” ဟာ အခုမှ နိဒါန်းပျိုးတာ ဆိုတဲ့ ယုံကြည်ချက်တွေ အမြစ် တွယ်လာနေလို့ပါပဲ။
နံရံကို ခေါင်းနဲ့ ဝင်ဆောင့်တဲ့အခါ ရလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဒီအုတ်တံတိုင်းကြီး မပြိုလဲနိုင်ဘူး ဆိုတဲ့ အသိစိတ်တွေ ဝင်လာတတ်ပြီး ဒီတကြိမ်လည်း ရှူံးနိမ့်ရပြန်ပြီ ဆိုပြီး စိတ်ကို ချလိုက်ကြတတ်ပါတယ်။ မြန်မာပြည်မှာ နောက်ဆုံး ဖြစ်ခဲ့တဲ့ အရေးတော်ပုံကြီးဟာ လမင်းကို မြားနဲ့ပစ်တဲ့ လူတစုရဲ့ မိုက်ရူးရဲ လုပ်ရပ် မဟုတ်ပါဘူး။ ဒီအရေးတော်ပုံကြီးဟာ ပြောင်းလဲရေးကို ငတ်မွတ်နေတဲ့ လူတန်းစား ပေါင်းစုံရဲ့ အသိအပေါ် အခြေခံပြီး ပေါ်ထွက်လာတဲ့ လှုပ်ရှားမှုကြီး တခု ဖြစ်နေလို့ပါပဲ။ နှစ်ပေါင်းများစွာ ရှိနေတဲ့ ဒီဖိနှိပ်မှု အောက်က လွတ်မြောက်ရမယ် ဆိုတဲ့ အသိတွေ၊ ခံစားချက်တွေ အကောင်အထည် ဖော်တဲ့အခါ ဖိနှိပ်မှု ယန္တရားရဲ့ တန်ပြန်မှုကြောင့် လှုပ်ရှားမှုတွေ ဖရိုဖရဲ ဖြစ်သွားတတ်ပြီး တိုက်ပွဲက ငြိမ်သက် သွားတတ်ပါတယ်။ မြန်မာပြည်ရဲ့ ဒီကနေ့ တော်လှန်ရေးဟာ “နိုင်ကိုနိုင်ရမယ်” ဆိုတဲ့ ခံယူချက်တွေ မွေးပြီးမှ ပေါ်ထွက်လာတာမို့ မြန်မာပြည်သူတွေ “အောင်ပွဲ” ရမယ့် တိုက်ပွဲတခု ဖြစ်ပါတယ်။
စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ လူထုအာဏာ လှုပ်ရှားမှုရဲ့ ဒီရေဟာ အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီးမှ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရုတ်ချည်း ရပ်တန့်သွားခဲ့ပါတယ်။ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုတွေကို နေ့စဉ်ရက်ဆက် ရင်ဆိုင်နေရင်းနဲ့ပဲ “ငါတို့ အညံ့မခံဘူး” ဆိုတဲ့ ခံယူချက်တွေဟာ ထုနဲ့ထည်နဲ့ ကြီးထွား လာနေပါတယ်။ ကျောင်းသား ခေါင်းဆောင်တွေ ပြောသလို ပြီးခဲ့တဲ့ အရေးတော်ပုံကြောင့် မြန်မာပြည်သူတွေဟာ အာဏာရှင်တွေပေါ်ကို အနိုင်ရလိုက်တယ် ဆိုတာ သက်သေ သာဓကတွေ ရှိနေပါတယ်။ လက်ရှိ မြန်မာပြည်မှာ ဖြစ်ပေါ်နေဆဲ အခြေအနေ ပေါင်းစုံဟာ ရှုပ်ထွေးရောယှက် နေဆဲပါ။
သေချာတဲ့ အချက်ကတော့ ရဟန်း သံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေကို ပစ်သတ် ဖမ်းဆီးခဲ့တဲ့ စစ်အစိုးရဟာ လွန်ခဲ့တဲ့ ၂ လလောက်က ရှိနေခဲ့တဲ့ ဝန်းကျင်၊ အခြေအနေတခုကို ဘယ်လိုနည်းနဲ့မှ ပြန်ရောက် မသွားနိုင်ဘူး ဆိုတာ မြန်မာပြည်ရဲ့ ဒီကနေ့ အခြေအနေက ဖော်ပြနေပါတယ်။ စစ်တပ်ရဲ့ တရကြမ်း ဖိနှိပ်မှုဟာ အနှစ် ၂ဝ နီးပါး ပြားပြားဝပ် ဖိနှိပ်ထားတဲ့အောက်က လွတ်မြောက်ရမယ်ဆိုတဲ့ လူထုရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို အသေ ပစ်သတ်နိုင်ခြင်း မရှိတဲ့အပြင် စစ်ဗိုလ်ချုပ်တွေရဲ့ ဗီဇ သဏ္ဍာန် သရုပ်ကို ခွါချ လိုက်နိုင်ခဲ့ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ခရီးအစမှာပဲ ရာဇပလ္လင်ပေါ် ဆယ်စုနှစ် ပေါင်းများစွာ စိုးစံနေလာတဲ့ မြန်မာ စစ်ဗိုလ်တွေရဲ့ အုပ်ချုပ်ရေး စနစ်ဟာ ဝုန်းခနဲ ပြိုလဲသွားခဲ့ပါတယ်။ စစ်ဗိုလ်တွေဟာ သူတို့အရှုံးကို တနေ့တခြား မြင်လာနေပါတယ်။
စက်တင်ဘာ သွေးထွက်သံယို အကြမ်းဖက်မှုဟာ တစစီ ယိုယွင်းလာနေတဲ့ မြန်မာ့ စီးပွားရေးကို အဆုံးစွန်ထိ ရိုက်ချိုး ဖျက်ဆီးလိုက်ပါတယ်။ ဈေးကွက် စီးပွားရေး စနစ်လို့ ကြွေးကြော်နေတဲ့ စစ်ဗိုလ်တွေနဲ့ စီးပွားရေး လက်တွဲ လိုသူတွေတောင် ပြီးခဲ့တဲ့ အခြေအနေဆိုးတွေကြောင့် လက်ရှိ စစ်အစိုးရဟာ သူတို့ရဲ့ စီးပွားရေးအတွက် ခြိမ်းခြောက်နေတဲ့ အင်အားစုအဖြစ် ရှုမြင်လာကြပါတယ်။ ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေရဲ့ လက်လီ ဈေးကွက်ကိုလည်း ဖျက်စီးလိုက်တဲ့ အပြင် ပြည်ပက လက်ကား ဈေးကွက်ကြီးရဲ့ အဆက်ဖြတ်မှုကိုလည်း ခံလိုက်ရပါတယ်။ အိမ်နီးချင်း နိုင်ငံတွေရဲ့ နယ်စပ် ကုန်သွယ်ရေးသာ ရှိပြီး ပြည်တွင်း ထုတ်လုပ်မှု နိမ့်ကျနေခြင်း၊ ပြည်တွင်း ကုန်ပစ္စည်းတွေ အဆမတန် ဈေးမြင့်မားနေခြင်း၊ စီးပွားရေး တည်ငြိမ်နိုင်မယ့် အခြေခံကောင်းတွေ လုံးဝ ပျက်သုဉ်းသွားခြင်းတွေဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေ အသက် ဝင်မလာခင်မှာတင် စစ်အစိုးရရဲ့ အသက်ရှူပေါက်ဟာ ရပ်တန့်သွားပါတယ်၊ ပြည်တွင်း ကုန်သွယ်ရေးမှာလည်း နေဝင်မီးငြိမ်း အမိန့်၊ လုံခြုံရေး အကြောင်းပြချက်အရ စစ်ဆေးမှုများ၊ ငွေကြေး အဆမတန် ဖောင်းပွမှုများ၊ မကြာခင် လာတော့မယ့် စပါးပေါ်ချိန်မှာ အခြေခံ စားကုန်တွေ ဒုံးပျံလို ခုန်တက် သွားနိုင်မှုတွေကြောင့် ပြိုလဲနေတဲ့ နိုင်ငံတော်ဟာ ဗုန်းဗုန်းလဲဖို့ အရေး နေ့လားညလား စောင့်နေရသလို ဖြစ်နေပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေ အရူးမီးဝိုင်း ဖြစ်နေတဲ့ ပြဿနာက သူတို့ရဲ့ အုပ်ချုပ်ပိုင်ခွင့် ဆိုတဲ့ အစိုးရ တရပ်မှာ မဖြစ်မနေ ရှိရမယ့် တရားဝင်မှုပါပဲ။ သူတို့ စစ်အစိုးရကို ဘယ်လိုနည်းနဲ့မှ လက်မခံတော့ဘူးဆိုတဲ့ ပြည်သူရဲ့ သဘောထားကြောင့် သူတို့ ကြေညာထားတဲ့ လမ်းစဉ် ၇ ချက်ကို ထောက်ခံနေကြတဲ့ အမျိုးသား ညီလာခံ ထောက်ခံပွဲနဲ့ ဖွဲ့စည်းပုံ ထောက်ခံပွဲတွေကို အားသွန်ခွန်စိုက် လုပ်နေတာ ဖြစ်ပါတယ်။ သူတို့ကို လူထုက ထောက်ခံ နေပါတယ်ဆိုတဲ့ ဟန်ဆောင် လုပ်ရပ်တွေနဲ့ လက်ရှိ တည်ဆဲ အစိုးရရဲ့ အကျွင်းအကျန် အာဏာကို ခက်ခက်ခဲခဲ တည်ဆောက်နေခြင်းပါပဲ။ ပြီးခဲ့တဲ့ အရေးအခင်းကြောင့် စစ်အစိုးရအပေါ် လူထု အမြတ်ထွက်ခဲ့ရတဲ့ အချက်ကတော့ မြန်မာ့ လွတ်လပ်ရေးရဲ့ တော်လှန်ရေး မီးရှူးတိုင်ဟာ မျိုးဆက်သစ် လူငယ်တွေနဲ့ အာဏာရှင် ဆန့်ကျင်ရေး လူထုအကြားမှာ ထိန်ထိန်ညီးနေပြီ ဆိုတာပါပဲ။
ဒီ လက်ဆင့်ကမ်း လှုပ်ရှားမှုဟာ စစ်အာဏာရှင်ကို နေ့စဉ်၊ လစဉ် ခြိမ်းခြောက်နေမယ့် သံဃာသတ်တဲ့ စစ်ဗိုလ်တွေအပေါ် နောင်နှစ်ပေါင်းများစွာ မမေ့ဖျောက်နိုင်တော့မယ့် အရေးတော်ပုံကြီးပါပဲ။ တိုက်ပွဲတိုင်းမှာ စွန့်လွှတ် ပေးဆပ်ရမှုတွေက ရှိစမြဲပါပဲ။ လူမှုရေးအရ ကျဉ်ထားခြင်း၊ စစ်အစိုးရနဲ့ မပတ်သက် မဆက်ဆံ လိုတော့ခြင်း၊ တိုင်းပြည်နဲ့ လူထုအပေါ် ခြိမ်းခြောက်နေတဲ့ အင်အားစု တခုအဖြစ် လူထုက မြင်တွေ့သွားခြင်းဟာ ဘယ်လိုမှ ပြန်လည် မပြင်ဆင်နိုင်တော့တဲ့ စစ်အစိုးရရဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။
နိုင်ငံရေး နယ်ပယ်ဟာ စစ်အာဏာရှင်တွေအတွက် “ကုန်ဆုံး၊ ကြွေးရှုံး” တဲ့အပြင် “လင်ဆုံး” တဲ့ အဖြစ်တွေကို ဆက်တိုက် ပေါ်ပေါက်စေလာပါတယ်။ သူတို့ ကျေညာထားတဲ့ နိုင်ငံတော် ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ် ၇ ရပ်အရ စစ်သား တမတ်သား ပါဝင်ရေး ဖွဲ့စည်းပုံကို ပြည်သူ့ဆန္ဒ ခံယူနိုင်ဖို့ ဆိုတာ လွန်ခဲ့တဲ့ သြဂုတ်လအထိ မှန်ကောင်း မှန်နိုင်ပေမယ့် ဒီကနေ့ အရေးပုံတော်ကာလမှာတော့ လေသံတောင် မဟနိုင်တဲ့အဖြစ်ကို ရောက်သွားခဲ့ပါတယ်။ ၈၈ ခုနှစ် အာဏာသိမ်းတုန်းက ပေးခဲ့တဲ့ ကတိတွေကို ဒီကနေ့ ထပ်ပြောလို့ မရတော့လောက်အောင်ကို “ငါ့မြင်း ငါ့စိုင်း ... စစ်ကိုင်း ရောက်ရောက်” လမ်းစဉ်အရ သူတို့ကိုယ်သူတို့ ဘာဆက်လုပ်ရမှန်း မသိနိုင်လောက်အောင် အကျပ်အတည်းကြီး ဆိုက်နေပြီဆိုတာ ထင်ရှားနေပါတယ်။ ဒီကြားကာလမှာ သူတို့လုပ်နိုင်တာဟာ ပေါ်လာသမျှ ဖိအားပေးမှုတွေကို အာခံပြီး ငြင်းဆန်ဖို့ပါပဲ။ နိုင်ငံတကာရဲ့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှုဆိုတဲ့ ခြိမ်းခြောက်မှု မရှိနိုင်သေးသရွေ့ သူလုပ်နိုင်တဲ့ ကစားကွက်ကတော့ သူ့ရဲ့ လမ်းစဉ် ၇ ချက်ကို မြဲမြဲ ဆုပ်ကိုင်ထားရေးပါပဲ။ ဒီပဲယင်း လုပ်ကြံမှုကြောင့် ကျေညာခဲ့ရတဲ့ သူတို့ရဲ့ ဒီပြုပြင် ပြောင်းလဲရေးမူဟာ နိုင်ငံတကာက ဖိအားပေးနေတဲ့ တွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာတဲ့ အခါမှာ သူတို့ အပေါ်စီးကနေ တောင်းဆိုလို့ ရမယ်လို့၊ အတိုက်အခံအပေါ် ဈေးဆစ်နိုင်မယ်လို့ သူတို့ ယူဆနေတဲ့ အမှတ်မှားမှုကြီးပါပဲ။ အဲဒီတော့ အထွေထွေ အကျပ်အတည်းတွေကြောင့် တွေ့ဆုံ ဆွေးနွေးရေး တကယ်ပဲ ပေါ်ပေါက်လာမလား ဆိုတာ အရေးတကြီး စဉ်းစားလာရတဲ့ အချက်ဖြစ်လာပါတယ်။
မြန်မာပြည်မှာ စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ပြဿနာ ဖြေရှင်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးဟာ တကယ်ပဲ ပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။ စေ့စပ် ဆွေးနွေးရေး လမ်းစဉ်ဟာ ပြည်တွင်းပြည်ပ အတိုက်အခံ ဒီမိုကရေစီရေး အင်အားစုတွေ အားလုံး တညီတညွတ်တည်း တောင်းဆိုနေတဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ဖြစ်ပြီး အထွေထွေ အကျပ်အတည်း ဆိုက်နေတဲ့ စစ်အာဏာရှင်တွေ သေလောက်အောင် စိုးရွံ့တဲ့၊ မလုပ်ချင်တဲ့ လမ်းကြောင်းတခု ဖြစ်ပါတယ်။ သေချာတာကတော့ လက်ရှိ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ အပေါ်စီးကနေ အရာရာကို ငြိမ်ဝပ်ပိပြားစွာ ဆုတ်ကိုင်ထားနိုင်တယ်လို့ ယုံကြည် နေသေးသမျှ၊ ပြည်ပဖိအားနဲ့ ကုလသမဂ္ဂရဲ့ သြဇာကို အာခံအံတုနိုင်သေးတယ်လို့ ထင်မှတ်နေသမျှ တွေ့ဆုံ ဆွေးနွေးရေးက အမှန်တကယ် ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ကြွေးကြော်သံက တွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေက ဒါကို လက်မခံဘဲ ဖြိုခွင်းခဲ့လို့ နိုင်ငံတကာမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပြီး၊ နောက်ထပ် ဖိနှိပ်မှုတွေ မလုပ်နိုင်အောင် ဖိအားတွေ အစဉ်တစိုက် ပေးလာနေပါတယ်။ ဒါဆိုရင် မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ တွေ့ဆုံ ဆွေးနွေးရေးကို အမှန်တကယ်ပဲ လုပ်ဆောင်ပါ့မလား။
သူတို့မှာ အားရှိနေသေးသရွေ့ အတိုက်အခံနဲ့ စေ့စပ်ရေး လမ်းကြောင်းမှန်သမျှ ခေါင်းခါရမှာကတော့ နေ့စဉ် သြဝါဒတခု ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းရဲ့ အဆုံးစွန်ဆုံးသော ဖိအားတွေကြောင့် သူ့ရပ်တည်ရေး ပြိုလဲပြီဆိုတဲ့ အချိန်ကျမှ တွေ့ဆုံ ဆွေးနွေးရေး စကားဝိုင်းကို သူဝင်လာမှာပါ။ အဲဒီအချိန်ဟာ သူတို့ပြောနေတဲ့ တမတ်သား မဆိုနဲ့ တကျပ်သားတောင် တောင်းဖို့ အာမခံချက် ရှိချင်မှ ရှိနိုင်တော့မှာ ဖြစ်ပါတယ်။ အာမခံချက် ရှိမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုရဲ့ ခွင့်ပြုမှုကိုရဖို့ အောက်ကြေးကနေ တောင်းရမယ့်ကိန်း ဆိုက်သွားမှာပါ။ ဒီအခြေအနေတွေ ဖြစ်ခဲ့မယ် ဆိုရင်လည်း ဒါဟာ စစ်တပ်ရဲ့ ရွေးချယ်မှု သက်သက်သာ ဖြစ်ပါတယ်။
ရဟန်းသံဃာတွေနဲ့ ကျောင်းသား ပြည်သူတွေရဲ့ ရဲရဲတောက် ပေးဆပ်မှုအတွက် ပြန်ရရှိမယ့် အဖြေဟာ စစ်မှန်တဲ့ အရပ်သား ဒီမိုကရေစီ အစိုးရကို ထူထောင်ရေးနဲ့ မြန်မာပြည်မှာ စစ်အာဏာရှင် စနစ်ကို အမြစ်ကနေ နှုတ်ပစ်ရေး ဖြစ်ပါတယ်။ တိုက်ပွဲတခုရဲ့ အဖြေဟာ အနိုင်နဲ့ အရှုံးဖြစ်ပါတယ်။ ယတိပြတ် အဖြေထွက်ရမယ့် တိုက်ပွဲဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ အောင်မြင်မှု ဖြစ်ရေးပါပဲ။ ဒါ့ကြောင့် တိုက်ပွဲဟာ အခုမှ အစပဲ ရှိပါသေးတယ်။ တွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်ရေးနဲ့ ပေါ်ပေါက်လာတဲ့အခါ ရလဒ်ကို မြဲမြဲမြံမြံ ဆုတ်ကိုင်ရေးအတွက် လူထု လှုပ်ရှားမှုကြီးဟာ စည်းကမ်းသေဝပ်ပြီး ငြိမ်းချမ်းစွာ လမ်းမတွေပေါ်ကို ထွက်လာရဦးမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို အကြမ်းမဖက်ပါဘူး၊ မဖြိုခွင်းပါဘူးဆိုတဲ့ စစ်တပ်ရဲ့ကတိ၊ အာမခံချက်ကို နိုင်ငံတကာက တောင်းဆိုနေတာ ဖြစ်ပါတယ်။
တကျော့ ပြန်လာဦးမယ့် တပ်ဦးက ခွပ်ဒေါင်းအလံတွေ တလူလူ လွှင့်နိုင်ရေးဟာ လူထုကြီးရဲ့ အညံ့မခံတဲ့ စိတ်ဓာတ်တွေပေါ်မှာ အဓိက မူတည်ပါတယ်။ ဗုန်းဗုန်း လဲပြိုနေတဲ့ နိုင်ငံတော်မှာ စစ်သားတွေအတွက် လုပ်စရာ များများ မကျန်တော့ပါဘူး။ ခေါင်းမာ တင်းခံရေးမူနဲ့ စေ့စပ်ညှိနှိုင်းရေးမူ နှစ်ခုအကြား သူတို့ တခုခုကို သေချာပေါက် ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်တွင်းပြည်ပက ဖိအားတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ချုပ်တွေရဲ့ ခေါင်းမာနိုင်စွမ်းကို အားပျော့သွားစေမယ့်၊ ချိနဲ့သွားစေမယ့် တခုတည်းသော ဗျူဟာက တရုတ် အစိုးရရဲ့ မြန်မာပြည်အပေါ် ထားရှိတဲ့မူဝါဒ ပြောင်းလဲရေးပါပဲ။
မြန်မာပြည်သူတွေဟာ တရုတ် အစိုးရရဲ့ ဝင်ရောက် စွက်ဖက်ရေးကို ဘာ့ကြောင့် လိုအပ်နေတာလဲ။ အဖြေကတော့ အာဏာရှင် သက်ဆိုးရှည်ရေးနဲ့ ဖိနှိပ်မှု မှန်သမျှ ကျားကန်ထားပေးရေး ဒေါက်တိုင်ကို ဖြိုဖျက်ပြီး မြန်မာစစ်ဗိုလ်တွေ စေ့စပ်ရေး စကားဝိုင်းပေါ် ရောက်လာစေဖို့ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်တွေ ပေါ်ထွက်လာဖို့၊ ဒီဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် စီးပွားရေး၊ စစ်ရေးအရ ပိတ်ဆို့ အရေးယူနိုင်ရေး အပြည်ပြည်ဆိုင်ရာ ဝင်ရောက် စွက်ဖက်မှုကြီး ဖြစ်ပေါ်လာစေဖို့ပါပဲ။ မြန်မာပြည်မှာ ပေါ်ထွက်လာနိုင်မယ့် ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ တည်ငြိမ်မှု ပျက်ပြားရေးတွေကို အချိန်မီ ထိန်းချုပ်ဖို့ တရုတ်အစိုးရရဲ့ မူဝါဒတွေ ပြောင်းလဲလာအောင် ဖိအားတွေ၊ တောင်းဆိုမှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ ဒေသ တည်ငြိမ်ရေးကို ထိန်းချုပ် မထားနိုင်တော့ဘူး၊ တရုတ်အမျိုးသား အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုတွေ ရှိလာပြီဆိုတဲ့ အချိန်ကျမှ တရုတ်အစိုးရက နိုင်ငံတကာနဲ့ လက်တွဲပြီး မြန်မာပြည် ပြောင်းလဲရေးအပေါ် ဝင်ရောက် စွက်ဖက်လာမှာ ဖြစ်ပါတယ်။ တရုတ် အစိုးရရဲ့ ပြောင်းလဲမှု နောက်ကျလေလေ၊ မြန်မာပြည်ရဲ့ အခြေအနေ အရပ်ရပ်က ကြောက်မက်ဖွယ်ရာ ပြိုလဲ ပေါက်ကွဲမှုတွေ မြင့်တက်လာလေလေ ဖြစ်တာကြောင့် စေ့စပ် ဆွေးနွေးရေးနဲ့ ဖြေရှင်းရေး လမ်းကြောင်းဟာ အသွင်ပြောင်းသွားနိုင်သလို အစွန်းရောက် အမျိုးသားရေး ဝါဒီ စစ်ဗိုလ်ချုပ်တွေရဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေဟာ မမျှော်လင့်ဘဲ ပေါ်ထွက်လာနိုင်ပါတယ်။
ပြည်ပ အားကိုးမှန်သမျှ သုတ်သင်ရေး၊ ပြည်ပ ဖိအားမှန်သမျှ အာခံ တွန်းလှန်ရေးနဲ့ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ အခြေခံကောင်း မှန်သမျှကို ဖျက်ဆီးရေး လမ်းကြောင်းတွေ ဖြစ်လာတာနဲ့ ဒီတာဝန်ဟာ မြန်မာပြည်သူတွေချည်း သက်သက် ဖြေရှင်းရတော့မယ့် အကျပ်အတည်း မဟုတ်တော့ပါဘူး။ ကုလသမဂ္ဂရဲ့ အခုနောက်ဆုံး ခြေလှမ်းတွေဟာ စစ်အစိုးရရဲ့ အချိန်ဆွဲရေးမူ၊ ဖြိုခွဲဖိနှိပ်ရေးမူနဲ့ အာခံ ဖီဆန်ရေးမူ မှန်သမျှကို လက်သင့်မခံဖို့ လမ်းစဉ်တွေ ရေးဆွဲ ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီခရီးဟာ လပိုင်းအတွင်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်က အာဏာသိမ်း စစ်အစိုးရကို လက်မခံနိုင်ပါဘူးလို့ ပြတ်ပြတ်သားသား ပြောပြီး မြန်မာ့နိုင်ငံရေး နယ်ပယ်က ထွက်သွားပါ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာဟာ မြန်မာပြည်သူတွေသာ ပိုင်ဆိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို စစ်အစိုးရက သိပ်ကြောက်ပါတယ်။ စက်တင်ဘာလ လူထုအုံကြွမှုကြီးက ပြည်သူ့အာဏာကို ထင်ထင်ရှားရှား ပြခဲ့နိုင်တာမို့ နိုင်ငံတကာရဲ့ ဝင်ရောက် စွက်ဖက်မှု မြန်မြန်နဲ့ များများ လိုအပ်တယ်ဆိုရင် ပြည်တွင်းက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို အရှိန်မပြတ် ဆက်လုပ်သွားဖို့ လိုလေပါပဲ။
၁၉၈၈ ခုနှစ်မှာ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး လအတန်ကြာ လမ်းမတွေပေါ်မှာ ပေါ်ထွက်ခဲ့တဲ့ သိန်းနဲ့ချီတဲ့ ဒီမီုကရေစီရေး လှုပ်ရှားမှုကြီးကို လက်ရှိ စစ်တပ်က အကြမ်းဖက် ကိုင်တွယ်ခဲ့တုန်းက အခြေအနေတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အစိုးရ ဆန့်ကျင်ရေး ခြေလှမ်းတွေကို ရှင်းလင်းနိုင်ခဲ့တဲ့အပေါ် ကမ္ဘာကြီးရဲ့ တုံ့ပြန်မှုဟာ ဘာတခုမှ ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သီတင်း တပတ်ကျော်လောက်သာ ဖြစ်ပေါ်ခဲ့တဲ့ ဒီတကြိမ် ရွှေဝါရောင် တော်လှန်ရေးကို ၁၉၈၈ ခုနှစ်ကထက်စာရင် သက်သက်ညှာညှာ ကိုင်တွယ်နေပါရဲ့နဲ့ နိုင်ငံတကာရဲ့ ဖိအားက ဘာ့ကြောင့်များ ဒီလောက်ထိ ပြင်းထန်နေရသလဲ ဆိုတာကို စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင် သေသေချာချာ နားလည်နိုင်ပုံ မရပါဘူး။ အခြေအနေတွေ မတူတော့ဘူးဆိုတဲ့ ခပ်တိုတို ကောက်ချက်စကားကို လက်ခံဖို့ သူတို့မှာ ပြဿနာကြီးတခု ရှိနေပါတယ်။
တုံ့ပြန်မှု တခုအပေါ် တန်ပြန် သက်ရောက်တဲ့အားက သိပ်ကို ပြင်းထန်နေတဲ့ အပေါ် ပြင်ပကမ္ဘာကြီးနဲ့ အဆက်ပြတ်နေတဲ့ မြန်မာ စစ်ဗိုလ်တွေ သိနိုင်ဖို့၊ နားလည်နိုင်ဖို့ဆိုတာ အခက်အခဲ ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ဖြစ်စဉ်ထဲမှာ အထီးကျန်နေလို့ မရတော့ဘူး ဆိုတဲ့ အချက်နဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ ဖြစ်စဉ်တိုင်းဟာ ဂယက်ရှိပြီး၊ အဲဒီ ဂယက်တွေကြောင့်ပဲ ဆက်စပ် ပတ်သက်နေရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာပြည်သူတွေနဲ့ လူငယ် ကျောင်းသားတွေဟာ ကမ္ဘာ့ ဖြစ်စဉ်တွေအပေါ် အလိုက်သင့် ပါနိုင်ပြီး စစ်ဗိုလ်ချုပ်တွေဟာ ၁၉၆ဝ ပြည့်လွန်နှစ်တွေ အတွင်းက အတွေးအခေါ်တွေနဲ့ နောက်ကျ ကျန်ခဲ့တဲ့ ခေါင်းမာမှု ဒီအချက် ၂ ချက် ထိပ်တိုက်တွေ့တဲ့အခါ ကြောက်မက်ဖွယ်ရာ ဂယက်ကြီးကို ရင်ဆိုင်ရတာပါပဲ။
မနက်ဖြန်တွေမှာ ပေါ်လာမယ့် လူထု လှုပ်ရှားမှုတွေကို စစ်တပ်က ထပ်မံ အကြမ်းဖက်ဖို့ ကမ္ဘာကြီးက ဘယ်လိုမှ ခွင့်မပြုတော့ဘူးဆိုတာ သေချာသွားတဲ့ အချက်ပါပဲ။ ဒီသင်ခန်းစာကို စစ်တပ်ဟာ တန်ဖိုးကြီးကြီး ပေးပြီးမှ ရခဲ့တာပါ။ ဒီနိုင်ငံမှာ လူထု သဘောတူညီမှု မရှိဘဲ သူတို့လုပ်ချင်ရာ လုပ်လို့မရဘူး ဆိုတဲ့ အချက်ကို သူတို့ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရလို့ပါပဲ။ ဆိုးရွားပြီး လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ စစ်တပ်ဟာ စစ်တပ်တခု မဟုတ်တော့ဘဲ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ကြီး ဖြစ်လာပြီလို့ ယူဆလာတဲ့အခါ မြန်မာပြည်ဟာ ဘော့စနီးယား၊ ဆူဒန်၊ ရဝမ်ဒါ လို အခြေအနေမျိုး ရောက်သွားပါလိမ့်မယ်။ အဲဒီအခါမှာ ပြည်ပ တပ်တွေရဲ့ ဝင်ရောက်လာမှုဟာ မြန်မာ့ တပ်မတော်ရဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒကို ရိုက်ချိုး ဖျက်ဆီး ပစ်ပါ့လိမ့်မယ်။ အဲဒီအခါကျရင် မြန်မာပြည်သူတွေဟာ လက်သီးလက်မောင်းတန်းပြီး ဒီမိုကရေစီ ခေတ်သစ်ကို ထူထောင်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေဟာ အထီးကျန်သူတွေ မဟုတ်ကြလို့ပါပဲ။ ဒီအရေးအခင်းတွေ ရှောင်နိုင်ဖို့ တရုတ်ရဲ့ စွက်ဖက်မှုကို တောင်းခံနေတာ ဖြစ်ပါတယ်။ တရုတ် အစိုးရဟာ ဆိုရှယ်လစ် ဒီမိုကရေစီ လမ်းစဉ်နဲ့ ကွန်မြူနစ် တရုတ်ပြည်ကို အသွင်ပြောင်းတော့မယ်လို့ ကြွေးကြော်လိုက်တာဟာ အာရှတိုက်အတွက် ငြိမ်းချမ်းရေး ရောင်ခြည်တွေကို လမ်းစ ဖွင့်ပေးစေပါတယ်။ မြန်မာပြည်ရဲ့ ရွှေဝါရောင် အပြောင်းအလဲဟာ ဒေသတွင်းက ကွန်မြူနစ်နဲ့ အာဏာရှင် နိုင်ငံတွေမှာလည်း ဒီမိုကရေစီရေး လှုပ်ရှားမှု လှိုင်းတွေ ပေါ်ထွက်လာစေပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာ့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတွေကို သူတို့ရဲ့ ယုံကြည်ချက်တွေ အတွက် မျက်စိမှိတ် ရွေးချယ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေး သာလျင် အာရှနဲ့ ကမ္ဘာ့နိုင်ငံတွေအကြား တည်ငြိမ်ရေးကို ဖြစ်ပေါ်စေတယ်လို့ တရုတ် အစိုးရက အမှန်တကယ် ယုံကြည်လာရင် မြန်မာပြည်က ရွှေဝါရောင် တော်လှန်ရေး အဆုံးသတ် ပန်းချီကား တကားအတွက် ပထမဦးဆုံး စုတ်ချက်တွေပဲ ဖြစ်ပါတယ်။ အဲဒီ သတင်းစကားဟာ ကမ္ဘာပေါ်မှာ စစ်အာဏာရှင်တွေအတွက် နေဝင်ချိန် သမိုင်းကို ခိုင်ခိုင်မာမာ ရေးဆွဲစေနိုင်ခြင်းပါပဲ။
(နေသန်မောင် သည် သတင်းစာ အယ်ဒီတာဟောင်း တဦး ဖြစ်ခဲ့ပြီး လက်ရှိ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် Media Studies (Film and Video Production) အဓိက ဘာသာရပ်ဖြင့် ဘွဲ့ကြို တက်ရောက်နေသူ ကျောင်းသားတဦး ဖြစ်သည်။)








