မောင်တောရှိ မြိုတိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ UEHRD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောရှိ မြိုတိုင်းရင်းသားများနှင့် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ) ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လေဆိပ်သို့ နိုဝင်ဘာလ ၂ ရက်၊ မနက်ပိုင်းက ရောက်ရှိခဲ့ပြီး ထိုမှတဆင့် နေ့ချင်းပြန်ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောသို့ စစ်ဘက်ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ သူမဟာ ရခိုင်ပြည်နယ်ထဲက သံတွဲကို ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် သွားခဲ့ဖူးပါတယ်။ စစ်တွေကိုတော့ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သွားရောက်ခဲ့ပြီးနောက် (၁၄) နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။