ပြည်ထောင်စုနေ့တွင် အပစ်ရပ်လက်မှတ်ထိုးရန် မဖြစ်နိုင်တော့

ချင်းမိုင် (မဇ္ဈိမ)။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် လက်မှတ်ရေးထိုးရန် မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့မှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံပြီးနောက် နှစ်ဖက် ကိုယ်စားလှယ်များက မဇ္ဈိမကို ပြောသည်။ “လက်မှတ်ထိုးတော့ ထိုးချင်တာပေါ့။ ဖေဖော်ဝါရီလမှာ ဖြစ်စေချင်တယ်။ ညှိနှိုင်းလို့ မပြီးသေးတော့ ထိုးလို့ မရသေးဘူး။ ညှိနှိုင်း သဘောတူညီချက်ရမှ ထိုးလို့ရတာကိုး၊ ၂၀၁၃ ခုနှစ်ကနေ ညှိလာခဲ့တာ ခုတော့ တော်တော်များများ ညှိလာခဲ့ပြီးပါပြီ။ ကျန်တဲ့အချက်တချို့ ရှိသေးတာပေါ့၊ အဲဒီရက် အတိအကျတော့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ ထိုးဖို့တော့ ထိုးနိုင်တယ်။ အဲဒီရက် ထိုးနိုင်ဖို့ အနေအထား မရှိသေးဘူး” ဟု NCCT ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးမှုတွင် KIA ပါဝင်မှု ရှိမရှိနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် “ကျွန်တော်နားလည်တာက စာချုပ်အပေါ် မူတည်တာပဲ။ ကျွန်တော်တို့ ညှိနှိုင်းတဲ့နေမှာလည်း ကေအိုင်အိုအဖွဲ့မှာလည်း ကေအိုင်အိုပါတာကိုး၊ ဒီသဘောတူညီချက် အကုန်လုံး လက်ခံလို့ရှိရင် ကေအိုင်အိုကလည်း လက်ခံမှာပါဆိုတော့ သူတို့ပါဝင်ဖို့အတွက် ပါလာတာကိုး” ပဒိုကွယ်ထူးဝင်းက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ၇ ကြိမ်မြောက် ပြန်လည် တွေ့ဆုံနိုင်ရေးအတွက် ဇန်နဝါရီလ ၂၁ ရက်တွင် အကြိုညှိနှိုင်းဆွေးနွေးခဲ့ရာ ထပ်မံ တွေ့ဆုံရန် သဘောတူညီမှု ရခဲ့ပြီး ဆက်လက် ညှိနှိုင်းရန်လိုအပ်သည့် အဓိက အချက် ၃ ချက် တင်ပြခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။ UPWC အား လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန် ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း နှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းနှင့် ယင်းကျင့်ဝတ်စည်းကမ်းများ ဖောက်ဖျက်မှုကို တားဆီးရန် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းရန်လည်း ပဒိုကွယ်ထူးဝင်းက ပြောသည်။ “အလုပ်အဖွဲ့ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်တိုးတက်မှုတွေ၊ တွေ့ဆုံမယ့်ရက်ကိုလည်း ဆွေးနွေးညှိနှိုင်းတဲ့ သဘောပေါ့။ ဒါပေမဲ့ ညှိနှိုင်းလို့ မပြီးသေးဘူး။ ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အားလပ်ရက်တွေ ကြည့်ပြီးတော့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ပဲ ရှိတယ်၊ ကျွန်တော်တို့ မူကြမ်းမှာ လုပ်ငန်းညှိနှိုင်းပွဲမှာ ရလာတဲ့ ရလာဒ်တွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အမြင်တွေ တင်ပြဆွေးနွေးတယ်။ အတည်ပြုတာတော့ မရှိဘူး၊ သူတို့က ပြန်လည် တင်ပြလာမှာပေါ့” ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ပြည်ထောင်စုနေ့ ဖြစ်နိုင်ခြေမရှိဘဲ ၇ ကြိမ်မြောက် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည်။ သို့သော် ဆွေးနွေးပွဲ ရက်ကိုမူ သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း MPC မှ ဦးညိုအုန်းမြင့်က ပြောသည်။ “သူတို့ဘက်က တင်ပြတဲ့ဟာ ကျနော်တို့ လာယူတာပါပဲ။ ကျွန်တော်တို့ စာချုပ်မူကြမ်း အစိုးရဘက်က ဒီဇင်ဘာ ၂၂၊ ၂၃ က အဆိုပြုထားတာကို သူတို့(အန်စီစီတီ)ဘက်က ဒါတွေ ဆွေးနွေးဖို့ လိုတယ်ဆိုတာပါပဲ။ ပြည်ထောင်စုနေ့ လက်မှတ် ရေးထိုးဖို့ ရက်တွေက အရမ်းနီးကပ်နေတဲ့အချိန်။ သူတို့ကလည်း ဆွေးနွေးနေချိန်ဆိုတော့ စာချုပ်မူကြမ်းမှာ လိုအပ်နေတာတွေ ပြန်ညှိတဲ့သဘောပါ”ဟု သူက မဇ္ဈိမကို ပြောသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖြင့် ဖွဲ့စည်းထားသော NCCT က ပြီးခဲ့သည့် ဒီဇင်ဘာလက နှစ်ဖက် တွေ့ဆုံဆွေးနွေးမှု အပေါ် ပြန်လည် သုံးသပ်သော ဆွေးနွေးမှုကို ဇန်နဝါရီလ ၁၉ နှင့် ၂၀ ရက်များတွင် နှစ်ရက်တာ သုံးသပ် ဆွေးနွေးခဲ့သည်။