ရခိုင်ပြည်နယ်မှ ရှေးဟောင်း ဘုရားပုထိုးတော်များနှင့် အဆောက်အဦး ၈ ခုခန့်မှာ ပြိုပျက်

ပြင်းအား ၆ ဒဿမ ၈ ရစ်ချက်စကေးရှိ ချောက်မြို့နယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် သြဂုတ် ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်က မြန်မာနိုင်ငံ ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ်မှ ရှေးဟောင်း ဘုရားပုထိုးတော်များနှင့် အဆောက်အဦး ၈ ခုခန့်မှာ ပြိုပျက်ခဲ့ပြီး မီးတောင်ငယ်တစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့သည်။
ငလျင်ဒဏ်ကြောင့် မြောက်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ မာရ်ငါးပါးအပါအဝင် ရတနာ့ မာရ်အောင် စေတီတော်၊ ရတနာပုံစေတီတော်နှင့် ကိုးသောင်းပုထိုးတော်များမှာ နံရံအပေါ်ပိုင်းမှ ကျောက်တုံးများ ပြုတ်ကျခြင်း၊ ထီးတော်များ ကျိုးကျပျက်စီးခြင်း၊ ပေါ်တူဂီ ကုန်တိုက်မှာ လုံး၀ ပြိုပျက်စီးခဲ့ခြင်း၊ ကျောက်ဖြူမြို့နယ်မှ ရွံ့မီးတောင်ငယ် တစ်ခု ပေါက်ကွဲခဲခြင်း၊ အမ်းမြို့နယ်မှ စာရှုတောင်စေတီတော်မှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခြင်း၊ ရမ်းဗြဲမြို့နယ်မှ  ကိုယ်ရံတောင်စေတီတော်မှာ စိန်ဖူးတော် ကျိုးကျခဲ့ခြင်း၊ ကျောက်ဖြူ-မအီ အဝေးပြေးလမ်းမှ လုံးတော်ပေါက်တံတား နိမ့်ဆင်းသွားခြင်း၊ မင်းပြားမြို့နယ်မှ အထက (၁) ပညာသင်ကျောင်း နံရံများ ပြိုပျက်စီးသွားခဲ့သည်။
ဓါတ်ပုံ - RiA