ကျောက်နီမော်တွင် နိုင်ငံသားကဒ်ထုတ်ပေးထားခြင်းကို ပြန်စိစစ်နေ

ကျောက်နီမော်တွင် နိုင်ငံသားကဒ်ထုတ်ပေးထားခြင်းကို ပြန်စိစစ်နေ

နေပြည်တော်၊ အောက်တိုဘာ ၃၁ ။                 ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စုမှ နိုင်ငံသားစိစစ်ရေးကဒ် ရရှိထားသည့် လူ ၃၀၀၀ ကျော်ကို ကမန်လူမျိုး စစ်၊ မစစ်(သို့) သွေးနှောထားသည်လားဆိုသည်ကို ပြန်လည်စိစစ်နေသည်ဟု အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ဒီထဲက ကမန်အစစ် လား၊ ကမန်နဲ့ ဘင်္ဂါလီ ရောနေသလား ဒါလေးကတော့  သူရဲ့ မျိူးရိုးစဉ်ဆက် အထောက်ထားတွေ အဲ့ဒီအပါ်မှာ စိစစ်နေပါတယ်။ ပြောချင်တာကတော့ ခုထုတ်ပေးတဲ့လူအားလုံးက နိုင်ငံသား အရည်အချင်းပြည့်သူအားလုံးကို ထုတ်ပေးတာ ဖြစ်ပါတယ်။ လူမျိုးကိစ္စလးတစ်ခုသာ အသေးစိတ် စစ်ဆေးဖို့ လိုတဲ့အတွက် တစ်ဦးချင်းစီရဲ့အထောက်အထား၊ စာရွက်စာတမ်းတွေ အဲ့ဒါတွေကို အသေးစိတ်ပြန်လေ့လာနေတယ်။ ဥပဒေနဲ့ ချိန်ထိုးနေပါတယ်။ သိရှိလာတဲ့ အခါမှာလည်းပဲ အားလုံးကိုရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်”ဟု ၄င်းကပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ M-Gallery ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံတွင်း အလုပ်တွင် ထိခိုက်မှု ဆိုင်ရာ အသိအမြင် ဗဟုသုတမျှဝေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးအနေဖြင့် လက်ရှိတွင် ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် နိုင်ငံသား အဆင့်အတန်း တစ်ခုပေးသွားမည် ဖြစ်ပြီးတော့  မရသင့် မရထိုက်သူများကို မရစေရန်အတွက်လည်း ပြန်လည်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

“ဒါက ဌာနရဲ့ ရပ်တည်ချက်၊ နိုင်ငံတော်ရဲ့ ရပ်တည်ချက်ပါပဲ။ အဲ့ဒီအတိုင်းပဲ ဖြစ်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကလည်းပဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှာဖြစ်ပါတယ်။  ခုနကပြောတဲ့ ထုတ်ပေးပြီးသား လူတွေ ၊ တကယ်လို့များ အမှား အယွင်းရှိသွားခဲ့ရင်တောင်မှ သူတို့ရဲ့ အထောက်အထား သူတို့ ပြန် Defend လုပ်ဖို့ အခွင့်အရေး ပေးရပါမယ်။ ကာကွယ်ဖို့ အခွင့်အလမ်း ရှင်းလင်းဖို့ အခွင့်အရေးပေးရမယ်။ပြီးရင် ဆုံးဖြတ်တာကတော့ ဥပဒေနဲ့ အညီပဲဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ ဒါကို စိုးရိမ်စရာလည်း မရှိပါဘူး”ဟု ဝန်ကြီးကဆက်လက်ပြောကြားသည်။

အဆိုပါ ကိစ္စသည် သမိုင်းတွင်မည့်ဖြစ်ရပ် ဖြစ်သောကြောင့်  သေချာစွာစိစစ်နေရပြီး အမှားခံ၍ မရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“အမှားခံလို့ မရဘူး။ ဝန်ကြီးအနေနဲ့ တာဝန်ယူပါတယ်။ ကိစ္စအားလုံးကို ရှင်းလင်းပြီးတော့မှ တစ်ဦးချင်းစီအလိုက်၊ သူ့ကို ဘာဖြစ်လို့ ဒီဟာကို ပေးရတယ်။ ဒီဟာကို ဥပမာ ကမန် လို့ပေးရတယ်။ သူ့ကို ဘင်္ဂါလီလို့ ပေးရတယ်။ စတဲ့ဟာကို  ခိုင်မာဖို့ လိုပါတယ်။ဒါလေးကတော့ အချိန်ယူရပါမယ်။ နည်းနည်းလေး အချိန်ယူရမယ်။ တစ်လ၊ နှစ်လ လောက်အတွင်းမှာ လူက ၃၀၀၀ ကျော်ရှိတဲ့အတွက် များတယ်လို့ မပြောနိုင်ပါဘူး။  ဒီဟာတော့ လျင်မြန်မှုထက် သေချာမှုကို  ဦးစားပေးတယ်။ ဒါလေးတော့ နားလည်ပေးပါလို့ ပြောချင်ပါတယ်”ဟု ဦးသိန်းဆွေက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကမန် ၃၀၀၀ ကို နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးခဲ့ခြင်းအပေါ် ကန့်ကွက်ခဲ့ကြမှုကြောင့် ပြန်လည်စီစစ်နေခြင်း ဖြစ်သည်။

 

Mizzima Weekly