ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ

အတိုက်အခံနှင့်အလုပ်သမားများ မဲဆောက်မှာ ဒေါ်စုနှင့် မတွေ့လိုက်ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ)။   ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်မရလိုက်၍ ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့် အလုပ်သမားများ က စိတ်မကောင်းဖြစ်ရကြောင်း ပြောသည်။

စနေနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မဲဆောက်မြို့ လေဆိပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာဒုက္ခသည် အများအပြား
နေထိုင်နေသော မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သော်လည်း ဒုက္ခသည်များနှင့် နှုတ်ဆက်ခွင့် မရဘဲ စခန်းလူကြီးများနှင့်သာ တွေ့ဆုံခဲ့သည်ဟု သိရသည်။

ပြည်ပ အတိုက်အခံအဖွဲ့အစည်း ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခြင်းမှာ
မြန်မာအစိုးရနှင့် ထိုင်းအစိုးရတို့အကြာ မျက်နှာပျက်မှာ စိုးရိမ်သဖြင့် တွေ့ဆုံမည့် အစီအစဉ်ကို ဖျက်လိုက်ရခြင်း
ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD မှ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က
ပြောသည်။
PHTO0075
“မနက်က တွေ့ဖို့ ကျနော်တို့ ခုနှစ်ဖွဲ့ လူစာရင်းပေးထားတာ ရှစ်ယောက် သွားပါတယ်။ မြန်မာအစိုးရနဲ့ မျက်နှာပျက်မှာ ဆိုးလို့ ထင်တယ်။ သူတို့နိုင်ငံဆိုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ တွေ့မရတော့ ကျနော်တို့ တင်ပြချင်တာတွေ မရဘူးပေါ့။ စိတ်မောလူမော ဖြစ်သွားတာပေါ့” ဟု မဇ္စျိမကို ပြောသည်။

NDD၊ လူ့အခွင့်အရေး ပညာပေးရေးဌာန-မြန်မာနိုင်ငံ(HREIB)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ဗကသ နိုင်ငံခြားရေး ကော်မတီ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့တို့ စသည့် ပြည်ပရောက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခွင့် မရခဲ့ခြင်း ဖြစ်သည်။

ထိုအဖွဲ့အစည်းများက ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် NLD ထံ
တောင်းဆိုခဲ့သေးသည်။

NLD အလံများ ကိုင်ဆောင်ခြင်း၊ မယ်တော်ဆေးခန်းတွင် NLD သီချင်းများဖွင့်လှစ်၍ ကြိုဆိုနေခြင်း၊ အလုပ်သမား အခွင့်အရေး ရရှိရေး၊ အမေစုကျန်းမာပါစေ၊ ဒီမိုကရေစီ အမြန်ဆုံး ရရှိပါစေ ဟူသော ကြွေးကြော်သံများဖြင့်
ဒေါ်အောင်ဆန်းစုကြည်အား လူပေါင်း ၄,၀၀၀ ကျော်ခန့် လာရောက် ကြိုဆိုခဲ့သည်ဟု မဲဆောက်အခြေစိုက်
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးအဖွဲ့မှူး ကိုမျိုးဇော်က ပြောသည်။

“ကျနော်တို့က အရမ်းဝမ်းသာတယ်။ စိတ်ထဲမှာလည်း စိတ်ခွန်အားတွေ ဖြစ်မိတယ်။ နောက်ပြီးတော့ ဝမ်းလည်း ဝမ်းနည်းတယ်။ ဝမ်းနည်းတာက တခြားမဟုတ်ဘူး။ မနက်မိုးလင်း ကတည်းက တနေကုန်စောင့်နေတာ။ ကျနော်ဆို မျက်နှာလေးပဲ တွေ့လိုက်ရတယ်။ စိတ်ထဲမှာ မကောင်းဘူး။ ကျနော်တို့ထင်တာက ဆေးခန်းကို လာမယ်။ ဒေါ်စု မိန့်ခွန်းစကားတွေ နားထောင်မယ်။ အဲဒီလို မတွေ့လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းတယ်”ဟု မဇ္ဈိမကို ဆက်ပြောသည်။

မယ်လ ဒုက္ခသည်စခန်းရှိ ဆေးရုံမှ လူနာများအား တနာရီခန့်ကြာ ကြည့်ရှု အားပေးခဲ့သော်လည်း ဒုက္ခများနှင့်
နှုတ်ဆက်ခွင့် မရသလို၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို ကြားခွင့် မရလိုက်သဖြင့် ဝမ်းနည်းရသည်ဟု မယ်လဒုက္ခစခန်းတွင် နေထိုင်နေသော မမြတ်သူက ပြောသည်။

“ကျမကတော့ လာတာကိုပဲ အရမ်းပျော်တယ်။ သေပျော်ပြီလို့တောင် ခံစားရတယ်။ အရမ်းဝမ်းသာနေပြီ။ စကားပြော ခွင့်လည်း မရလိုက်ဘူး။ ဒီလောက်နဲ့တော့ ကျေနပ်တယ်။ ဖြစ်နိုင်ရင် စတိတ်စင်မှာ ဒေါ်စုကို စကားပြော စေချင်တယ်။ ဒါပေမယ့် မရလိုက်ဘူး၊ မရတော့ အရမ်း ခံစားရတယ်။ ကျမတို့ ဆုံးရှုံးလိုက်တာပေါ့” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို မကြားလိုက်ရသဖြင့် အတိုင်းမသိ ခံစားရသည်ဟု မဲဆောက်မြို့မှ
မြန်မာစေတနာ့ဝန်ထမ်း အသင်းမှ ကိုအောင်ဒင်က ပြောသည်။
PHTO0054
“တမနက်လုံး ပန်းစည်းပေးဖို့ ဆိုပြီး လုပ်နေကြတာ။ တွေ့လိုက်တော့လည်း စက္ကန့်ပိုင်းလေးသာသာလေးပဲ။ တံခါးကို ဖွင့်ပြီးလက်ရမ်းနှုတ်ဆက်တော့ ပုလိပ်တွေက အတင်းမောင်းပြီး ထွက်သွားလိုက်တာလေ။ ဘာမှ မပေးလိုက်ရဘူး။ ဒါပေမယ့် တော်တော်လေး ခံစားရတယ်။ မယ်လက ပြန်လာရင်လည်း လေယာဉ်ကွင်းနားမှာ လူတွေကို လက်ပြ
နှုတ်ဆက် တာလောက်နဲ့ ပြီးသွားတယ်။ အတိုင်းအတာ မရှိ ခံစားရတယ်” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မြို့နယ်သို့ သွားရောက်ခဲ့သည့် အစီအစဉ်နှင့် ကွာခြားမှု ရှိနေပြီး လက်ရှိ မဲဆောက်မြို့သို့ ရောက်ရှိလာသော တွေ့ဆုံမည့် အစီအစဉ်များအားလုံးကို ထိုင်းအာဏာပိုင်များအနေဖြင့် တမင်သက်သက် ဖျက်သိမ်းသည့် ပုံစံမျိုး သက်ရောက်နေသည်ဟု HREIB ဒါရိုက်တာ ကိုအောင်မျိုးမင်းက
ပြောသည်။

“ကျနော်တို့ကတော့ တွေ့ချင်တယ်ဆိုပြီး အစောကြီးကတည်းက စာပို့ထားတယ်။ လူသိရှင်ကြား ပြောထားတာပဲ။ ဆက်လည်း ဆက်သွယ်ထားတာပဲ။ ဒါပေမယ့် တွေ့ခွင့်မရတာက စိတ်မကောင်းဘူး။ ကျနော်တို့ မတွေ့ရတာမကပဲ။ ဒီမှာ လေယာဉ်ကွင်းရှေ့မှာ မြန်မာပြည်သား အလုပ်သမားတွေ ထောင်နဲ့ချီ စောင့်နေတယ်။ ကျနော်တို့ဘက်က
ဒေါ်စုနဲ့ တွေ့ဖို့ တခြားနည်းလမ်း ရှာလို့ ရပေမယ့် အလုပ်သမားတွေ အနေနဲ့ ဒီလိုမျိုးဖြစ်နိုင်မယ်ဆိုတဲ့ အခြေအနေမျိုး မတွေ့ရတဲ့အတွက် သူတို့ကို ကြည့်ပြီးတော့ စိတ်ထဲမှာ မကောင်းဘူး” ဟု မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ အရှေ့အာရှဆိုင်ရာ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးများကို ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံကာ မြန်မာ အလုပ်သမား အများအပြားနေထိုင်သည့် မဟာချိုင်တွင်လည်း နှစ်ကြိမ်သွားရောက်စဉ် မိန့်ခွန်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီး တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့သို့ ပြန်မည် ဖြစ်ကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 111 guests online