ကြာသပတေး, ၂၀ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း

မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဋ္ဌ ထံမှ သိရသည်။

လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ၏ အကူအညီဖြင့် ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်ပိုင်းက ဖွဲ့စည်းလိုက်သည့် သမဂ္ဂတွင် လုပ်အားနှင့် လုပ်အားခ မျှတစွာ ရရှိရေး၊ အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိပါက ထိုက်သင့်သည့် နစ်နာကြေး ရရှိရေး၊ အလုပ်သမားများ၏ ဘဝမြှင့်တင်ရေး စသည့် ရည်ရွယ်ချက်များလည်း ပါဝင်သည်။

သမဂ္ဂတွင် ဘုရားသုံးဆူမြို့ တဖက်ခြမ်း ထိုင်းပိုင်နက် စေတီစမ်အွန်း၌ အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမား ၃၀ ဦး ပါဝင်ပြီး၊ မြန်မာဘက်ခြမ်းမှ နံနက် ညနေ အလုပ်တက်ဆင်းကြသူများ ဖြစ်သည်။

“ထိုင်းအလုပ်သမားနဲ့ မြန်မာအလုပ်သမား တန်းတူအခွင့်အရေး မရှိဘူး၊ ကျနော်တို့မှာ နေမကောင်းလို့ ခွင့်တိုင်တာ လည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်မပေးဘူး၊ လုပ်အားခ ဆိုလို့ရှိရင်လည်း ထိုင်းနဲ့ ကျနော်တို့နဲ့ မတူဘူး၊ ဒါတွေကို
ဖြေရှင်းနိုင်ဖို့ ကျနော်တို့ ဒီသမဂ္ဂကို ဖွဲ့ရတာ ဖြစ်တယ်” ဟု သမဂ္ဂ ဥက္ကဋ္ဌ ကိုဝေဖြိုးက ပြောသည်။

၎င်း၏ အဆိုရ ထိုင်းအလုပ်သမား တဦးလျှင် တရက်လုပ်အားခ အနည်းဆုံး ထိုင်းဘတ်ငွေ ၂၀၀ ကျော် ရရှိပြီး၊
မြန်မာအလုပ်သမားများမှာ ၉ဝ ဘတ်သာ ရရှိသည်။

“ကျနော်တို့ဟာ မြန်မာပိုင်ထဲမှာ သမဂ္ဂကို ဖွင့်ထားတဲ့အတွက် ထိုင်းဘက်ခြမ်းကို သွားပြီးတော့ ဝင်စွက်ဖက်လို့တော့ မရဘူး။ ဒါပေမဲ့ မှတ်ပုံတင်ကျမယ် ဆိုရင်တော့ ထိုင်းအလုပ်သမား သမဂ္ဂနဲ့ ချိတ်ပြီး တန်းတူအခွင့်အရေး ရအောင် လုပ်သွားမယ်” ဟု ကိုဝေဖြိုးက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် မရှိသော်လည်း အလုပ်သမားတိုင်းအတွက် တန်းတူအခွင့်အရေး ရှိကြောင်း၊ ပြည်နယ်အလိုက် အနိမ့်ဆုံး လုပ်အားခကို အစိုးရက သတ်မှတ်ပေးထားကြောင်း
ပြောသည်။

လွန်ခဲ့သည့် ဇူလိုင်လက လုပ်အားခ တရက် ၁၅ ဘတ် တိုးပေးရန်နှင့် တနေ့ အလုပ်ချိန် ၉ နာရီမှ ၈ နာရီသို့ ပြောင်းလဲ သတ်မှတ်ပေးရန်အတွက် စေတီစမ်အွန်းရှိ PTK Basani ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာအလုပ်သမား ၄၀၀ ကျော်
နှစ်ကြိမ်တိုင် ဆန္ဒပြ တောင်းဆိုခဲ့ပြီး နောက်တွင် ထိုင်းအလုပ်ရှင်များက အနိမ့်ဆုံး ၇၀ ဘတ်မှ အမြင့်ဆုံး ၁၁၅ ဘတ်သာ ရရှိသည့် အလုပ်သမားများကို ၈၅ ဘတ်မှ ၁၃ဝ ဘတ်ထိ တိုးပေးခဲ့ပြီး၊ အလုပ်ချိန်ကိုလည်း ၈ နာရီသို့ သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း မြန်မာ နှင့် ထိုင်း အလုပ်သမားများ၏ လုပ်အားခမှာ ကွာဟမှု ရှိနေသေးကြောင်း ကိုဝေဖြိုးက ပြောသည်။

စေတီစမ်အွန်းတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅၀၀၀ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်း ၄၀ ကျော် ရှိသည်။

မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေ အာဏာတည်သည့် မတ်လ ၉ ရက်နေ့မှ စ၍ အဖွဲ့ဝင် ၃၀ ရှိပါက အလုပ်သမား သမဂ္ဂတခုကို တရားဝင် ဖွဲ့စည်းခွင့် ရရှိမည် ဖြစ်ပြီး၊ လက်ရှိတွင် မှတ်ပုံတင်ရန် လျှောက်ထားသည့် အလုပ်သမား အဖွဲ့အစည်း ၁၂ ခု ရှိပြီ ဖြစ်ကြောင်း သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 130 guests online