စံခလပူရ (မဇ္ဈိမ) ။ ။ အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲတွင် တပြည်လုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေး ပြုလုပ်ရန်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တိုက်တွန်းမှုများကို တင်ပြခဲ့ကြောင်း မွန်ပြည်သစ် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်တို့ ပထမအကြိမ် ပဏာမတွေ့ဆုံမှုကို ကြာသပတေးနေ့က ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့ရှိ Pornpailin Reverside Resort ၌ ပြုလုပ်ကြပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။
ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ဟံသာ ဦးဆောင်သော ကိုးဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ နံနက် ၁၀:: ၃၀ မိနစ်မှ နှစ်နာရီကြာ ဆွေးနွေးရာတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် မှုကို ရပ်တန့်ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် အဓိက အချက်အဖြင့် တင်ပြခဲ့သလို မွန်စာပေ သင်ကြားခွင့်၊ မွန်ပြည်နယ်တွင် မွန်စာပေကို ရုံးသုံးစာပေတခု အနေဖြင့် ပြဌာန်းပေးရန် တို့လည်း
ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။
![]() |
“ဆွေးနွေးပွဲဟာ တင်းပြည့် ကျပ်ပြည့် အားရတယ်လို့ ပြောလို့ မရသေးဘူး၊ ဒါပေမဲ့ နားလည်မှု အတိုင်းအတာ တခု အထိ ရှိလာတယ်လို့တော့ ပြောလို့ရတယ်” ဟု နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ဝန်ကြီးဦးအောင်မင်းက မြန်မာအစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသား များကို လွှတ်ပေးရန် အစီအစဉ်ရှိကြောင်းနှင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့နှင့်
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့များတွင် စောင့်ကြည့်စေလိုကြောင်း ဆွေးနွေးပွဲ တွင် ပြောကြားသွားသည်ဟု နိုင်ဟံသာက ပြောသည်။
၎င်းပြင် တပြည်လုံး အတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးခြင်း မရှိဟု ဆိုသည်။
အစိုးရ ကိုယ်စားလှယ်ဘက်မှ ပထမအဆင့် အပစ်အခတ် ရပ်စဲရေး၊ ဒုတိယအဆင့် တိုင်းရင်းသားပေါင်းစုံ ပါဝင် သည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် တတိယအဆင့် တွေ့ဆုံဆွေးနွေးမှုမှ သဘောတူညီချက် ကို လွှတ်တော်အတွင်း တင်ပြပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဟူသည့် ထာဝရ ငြိမ်းချမ်းရေး အဆင့် သုံးဆင့်ကို တင်ပြခဲ့သည်။
အပစ်အခတ် ရပ်စဲရေးအဆင့်တွင် ဆက်ဆံရေးရုံး ထားရှိရန်၊ သတ်မှတ် နယ်မြေ ပြင်ပသို့ လက်နက်ကိုင်ဆောင် သွားလိုပါက ကြိုတင်သဘောတူညီမှု ရယူရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပါဝင်သည်။
ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီး ဦးအောင်မင်းက “ကျနော်တို့က တိုင်းရင်းသားတွေကို ယုံကြည်သလို တိုင်းရင်းသား
တွေကလည်း ကျနော်တို့အပေါ် ယုံကြည်တဲ့အတွက် ဆွေးနွေးပွဲကို ရာနှုန်းပြည့် အားရကျေနပ်မိတယ်” ဟု ပြော သည်။
ဇန်နဝါရီလတွင် ထပ်မံ ဆွေးနွေးနိုင်ရန် အစိုးရဘက်မှ ကိုယ်စားလှယ်များက ကမ်းလှမ်းထားသော်လည်း မွန်ပြည်သစ်ဘက်မှ မိမိတို့မှာ ဗဟိုဌာနချုပ်မှ စေလွှတ်လာသည့် ကိုယ်စားလှယ်များသာ ဖြစ်သည့်အတွက် ဌာနချုပ်တွင် ကျင်းပလျက် ရှိသည့် ညီလာခံသို့ တင်ပြပြီးမှသာ အကြောင်းပြန်မည် ဖြစ်ကြောင်း ပြောသည်။
ဗုဒ္ဓဟူးနေ့မှစတင်၍ မွန်ပြည်နယ် ရေးချောင်းဖျားဒေသတွင် ကျင်းပလျှက်ရှိသော မွန်ပြည်သစ်၏ အဋ္ဌမ အကြိမ် ညီလာခံမှာ သီတင်းပတ် သုံးပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။
မွန်ပြည်သစ်က ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် အောက်တိုဘာလ ၆ ရက်နေ့တွင် မွန်ပြည်နယ် လုံခြုံရေး
နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရေးမြို့ အခြေစိုက် ခလရ (၆၁) စစ်တပ်ဝင်းတွင် တကြိမ်၊ နိုဝင်ဘာလ ၁၃ နှင့် ၁၄ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်
ကော့ပလိုင်ကျေးရွာ ဆရာတော် ဘဒ္ဒန္တ ကေတုမာလာ ဦးဆောင်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် ဗဟိုဌာနချုပ်တွင် တကြိမ် တွေ့ဆုံခဲ့ဖူးသည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့
| စဉ် | အမည် | ရာထူး |
| ၁ | ဦးအောင်မင်း | ရထားပို့ဆောင်ရေး ဝန်ကြီး |
| ၂ | ဗိုလ်ချုပ်ချစ်သန်း | အငြိမ်းစား တြိဂံတိုင်းမှူး |
| ၃ | ဒေါက်တာ နေဝင်းမောင် | ငြိမ်းချမ်းရေး အကျိုးဆောင် |
| ၄ | ဦးတင်မောင်သန်း | ငြိမ်းချမ်းရေး အကျိုးဆောင် |
| ၅ | ဦးလှမောင်ရွှေ | ငြိမ်းချမ်းရေး အကျိုးဆောင် |
| ၆ | ကိုမောင် | စီးပွားရေး လုပ်ငန်းရှင် |
| ၇ | ဦးမောင်မောင် | စီးပွားရေး လုပ်ငန်းရှင် |
| ၈ | ဦးငွေစိုး | စီးပွားရေးလုပ်ငန်းရှင် |
မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့
| စဉ် | အမည် | ရာထူး |
| ၁ | နိုင်ဟံသာ | အထွေထွေ အတွင်းရေးမှူး |
| ၂ | နိုင်ရွှေသိန်း | ဗဟို အလုပ်အမှုဆောင် |
| ၃ | နိုင်တလညီ | ဗဟို အလုပ်အမှုဆောင် |
| ၄ | နိုင်လယီဂကောင်း | ဒု - စစ်ဦးစီးချုပ် |
| ၅ | နိုင်ဗညားလယ် | ထားဝယ်ခရိုင် အတွင်းရေးမှူး |
| ၆ | ဘဒ္ဒန္တ ကေတုမာလာ | ငြိမ်းချမ်းရေး အကျိုးဆောင် |
| ၇ | ဘဒ္ဒန္တ သီလဝန္တ | ငြိမ်းချမ်းရေး အကျိုးဆောင် |
| ၈ | နိုင်တင်အောင် | ငြိမ်းချမ်းရေး အကျိုးဆောင် |
| ၉ | နိုင်စိုးမြင့် | ငြိမ်းချမ်းရေး အကျိုးဆောင် |
မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ တွေ့ဆုံမှု မှတ်တမ်း
| စဉ် | အစိုးရ ကိုယ်စားလှယ် | ဆွေးနွေးသည့်နေရာ | နေ့ရက် |
| ၁ | မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင် | ခလရ (၆၁) ရေးမြို့ | အောက်တိုဘာ ၆ ရက်နေ့ |
| ၂ | မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပလိုင်ဆရာတော် ဘဒ္ဒန္တကေတုမာလာ |
မွန်ပြည်သစ် ဗဟိုဌာနချုပ် | နိုင်ဝင်ဘာ ၁၃ နှင့် ၁၄ ရက်နေ့ |
| ၃ | ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း | ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့ | ဒီဇင်ဘာ ၂၂ ရက်နေ့ |










