တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာကြောင့် ဘိန်းစိုက်ပျိုးမှုတိုး

မြန်မာကြောင့် ဘိန်းစိုက်ပျိုးမှုတိုး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကမ္ဘာတဝှန်း ဘိန်းစိုက်ပျိုးမှုမှာ ၂ဝဝ၉ ခုနှစ်ထက်စာလျှင် ၂ဝ၁ဝ ခုနှစ်ထဲတွင် ၅ ရာခိုင်နှုန်း တိုးပွားလာခြင်းမှာ မြန်မာနိုင်ငံကြောင့်ဟု  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ၏ ၂ဝ၁၁ အစီရင်ခံစာက ဆိုသည်။
 
မြန်မာနိုင်ငံ၌ ၂ဝဝ၉ ခုတွင် ၃၁၇ဝဝ ဟက်တာ (၇၈၂၉၉ ဧက) ရှိပြီး၊ ၂ဝ၁ဝ ခု၌ ၂ဝ ရာခိုင်နှုန်း တိုးလာကာ ၃၈၁ဝဝ ဟက်တာ (၉၄၁ဝ၈ ဧက) အထိ ဖြစ်လာခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည်နယ် အရှေ့၊ မြောက်နှင့် တောင်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးပြီး ၂ဝဝ၉ တွင် ဟက်တာ ၃ဝဝဝဝ ရှိရာမှ ၂ဝ၁ဝ တွင် ၃၅ဝဝဝ အထိ ၁၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာက ဆိုသည်။
 
ဘိန်းစိုက်ပျိုးမှု အများဆုံး နိုင်ငံအဖြစ် ယခင်က တွင်ခဲ့သော အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ခင်းတိုးမှု ရပ်တန့်နေခဲ့သည်မှာ သုံးနှစ်ရှိပြီ ဖြစ်သည်။

“နိုင်ငံတကာက အရှေ့တောင်အာရှမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး ပြဿနာကို အဓိကအာရုံစိုက်ဖို့ လိုအပ်နေပါပြီ” ဟု UNODC အကြီးအကဲ Yury Fedotov က ကြာသပတေးနေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ အစီရင်ခံစာ ထုတ်ပြန်ပွဲ၌ ပြောဆိုခဲ့သည်။

ထို့အပြင် UNODC က မြန်မာနိုင်ငံသည် အရှေ့အာရှဒေသ၌ မက်သာဖက်တမင်းခေါ် စိတ်ကြွဆေးပြား အဓိကဖြန့်ဖြူးရာ နိုင်ငံအဖြစ်လည်း သတိပေးထားပြန်သည်။
 
“အက်ဖာတမင်း ဆေးပြားတွေဟာ ဒုတိယ အသုံးများလာတဲ့ မူးယစ်ဆေးဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း ဝယ်ယူသုံးစွဲအား အရှိန်နဲ့ မြင့်တက်လာပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေက
 ဖြစ်ပါတယ်” ဟုလည်း သူက ဆိုသည်။
 
မူးယစ်ဆေး ပညာပေး လုပ်ငန်းများကို ဆောင်ရွက်နေသော ရန်ကုန်အခြေစိုက် Youth Empowerment မှ တာဝန်ရှိသူ တဦးက လူငယ်များအကြား မူးယစ်ဆေးကို တမျိုးထက်ပို၍ ရောသုံးလာနေကြသည်ဟု ဆိုသည်။
 
စိတ်ကြွဆေးသုံးစွဲမှု တိုးပွားလာသည်ကို သတိထားမိသည့် သူက “ စိတ်ကြွဆေးကို အရက်၊ ဆေးခြောက်၊ ဒါမှမဟုတ် ဘိန်းနဲ့ ရောမယ်။ တမျိုးထဲ သီးသန့်သုံးတယ်ဆိုတာ အခုဟာက လူငယ်ကြားမှာ နည်းနည်းရှားလာတယ်” ဟု သူက ပြောသည်။

ရန်ကုန်မြို့၌ စိတ်ကြွဆေး တပြားလျှင် ၄၅ဝဝ မှ ၇၅ဝဝ ကျပ် ဈေးပေါက်သည်ဟု ဆိုသည်။
 
“နံပါတ်ဖိုးဆိုရင် လူငယ်လူလတ်ပိုင်းလောက်ပဲ များတယ်ပေါ့။ စိတ်ကြွဆေးကျတော့ လုပ်ငန်းရှင်တွေကအစ” ဟု သူက ဆက်ပြောသည်။
 
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၉၉၉ မှစ၍ ၁၅ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ၊ ဘိန်းစိုက်ရာသီ ၂ဝ၁ဝ စက်တင်ဘာမှ ၂ဝ၁၁ ဖေဖော်ဝါရီလကုန်အထိ တိုင်းနှင့် ပြည်နယ်များမှ ဘိန်းခင်းပေါင်း ၁၅ဝ၂၁.၇၅ ဧက ဖျက်ဆီးခဲ့ကြောင်း ယခုနှစ်မတ်လအတွင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်နှင့် မိုးမိတ်မြို့နယ်များလည်း ပါဝင်သည်။

ကုလမူးယစ်အဖွဲ့ကြီးကမူ ၂ဝ၁ဝ ခု၌ ဘိန်းစိုက် ဧက ၉၄၁ဝ၈ ရှိသည်ဟု ဆိုထားသဖြင့် ဧက ၃ သောင်းခန့် ကွာဟနေသည်။
 
မူးယစ်ဆေးပပျောက်ရေး မူဝါဒရှိသည့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ SNDP မှ ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ပြည်နယ်အမတ် ဦးစိုင်းမွန်းကမူ တိုင်းပြည်ငြိမ်းချမ်းမှသာ မူးယစ်ဆေး ပပျောက်နိုင်မည်ဟု ယူဆသည်။
 
“ဘိန်းအစားထိုး လုပ်နိုင်ရင် ပပျောက်နိုင်မှာပေါ့။ နောက်ပြီးတော့ ရှမ်းပြည်နယ်ကလည်း လက်နက်ကိုင်တွေက
 ပေါမှပေါလေ။ မူးယစ်ဆေးဝါးဆိုတာက လက်နက်ကိုင်နဲ့ ပတ်သက်တာများများ၊ ကျနော့်အမြင်ပါ။ ပြည်နယ်မှာ
 ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ငြိမ်းချမ်းမှပဲ လုပ်နိုင်မယ်ထင်တယ်” ဟု သူက ပြောသည်။
 
ယခင် နအဖ စစ်အစိုးရက ၂ဝဝ၉ ခုတွင် ရှမ်းပြည်အရှေ့ပိုင်း နယ်မြေတွင် ဖမ်းမိသည့် စိတ်ကြွဆေးပြား ၇ သန်းခန့်၊ ဘိန်းဖြူ ၈၁၉ ကီလို ဂရမ်ကျော်အပါအဝင် ဘိန်းစိမ်း၊ အိုက်စ်၊ ကဖင်း၊ ဘိန်းဆီ၊ ဘိန်းချေးများကို ကျိုင်းတုံမြို့တွင် မီးရှို့ဖျက်ဆီးပြခဲ့သည်။ ကာလတန်ဖိုး ကျပ် ၉၃ ဘီလီယံ ကျော်ရှိပြီး အမေရိကန် ဒေါ်လာ ၉၃ သန်းကျော် ဖြစ်သည်။
 
မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုမှာ ဟက်တာ ၃ဝဝဝ (ဧက ၇၄ဝဝ) သာရှိကြောင်း ၂ဝ၁၁ ခု ကုလ မူးယစ်အစီရင်ခံစာက ဖော်ပြထားသည်။
 
တကမ္ဘာလုံးတွင် ဘိန်းဖြူထုတ်လုပ်မှုမှာမူ ၂ဝဝ၇-၂ဝ၁ဝ ခုကြားတွင် ၄၅ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဆက်လက် ကျဆင်းဖွယ် မရှိကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1148 guests online