ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် မဟာဘွဲ့လွန် တနှစ်သင်တန်းများအတွက် ဒီဂျီအီးဟောလ် ပညာသင်ဆု မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ပြီဟု လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ကျောင်း(SOAS) ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။
မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ထားသူများသာ လျှောက်ထားနိုင်မည့် အဆိုပါ ဒီဂျီအီးဟေလ် ပညာသင်ဆုတွင် မြန်မာပြည်မှ အသွားအပြန် လေယာဉ်ခ၊ ကျောင်းစရိတ်၊ နိုင်ငံတကာ ကျောင်းသားဆောင်တွင် အခမဲ့နေခွင့်၊ စားခွင့်၊ သုတေသန ခရီးစရိတ်၊ ကျမ်းပြုစရိတ်မှ အပြန်ဝန်ပိုစရိတ်ထိ အထွေထွေစရိတ်များ ကျခံပေးမည်ဖြစ်ပြီး တလအသေးသုံး ပေါင် ၅ဝဝ ခန့်လည်း ရရှိမည် ဖြစ်သည်။
ဗြိတိန် တက္ကသိုလ်၊ ကျောင်းများ၏ အသိအမှတ်ပြု တက္ကသိုလ်တခုမှ ဂုဏ်ထူးဘွဲ့တခု ရရှိထားသူများ၊ နောက်ဆုံးနှစ် ဘွဲ့ကြိုကျောင်းသားများပါ လျှောက်ထားနိုင်သည် ဟု သိရသည်။
မြန်မာကျောင်းသားများကို ကူညီရန် စီစဉ်ထားသည့် ပညာသင်ဆု စပေးသည်မှာ ၂ နှစ်ရှိခဲ့ပြီး ယခုနှစ်အတွက် ၄ ယောက်ထိ တိုးမြှင့်ပေးသွားနိုင်မည် မျှော်လင့်ကြောင်း ဆုစီစဉ်သူ ပါမောက္ခ ဒေါက်တာအီယန်ဘရောင်းက SOAS ကျောင်းသားဟောင်း အသင်းသတင်းလွှာတွင် ဆိုသည်။
ဒေါက်တာဘရောင်းမှာ ထိုင်းနှင့်မြန်မာ ခေတ်သစ် သမိုင်းပညာရှင်တဦး ဖြစ်ပြီး ထိုင်းစီးပွားရေးသမိုင်း၊ မြန်မာပြည် အကျဉ်းထောင် သမိုင်း တို့ဖြင့် ကျော်ကြားသည်။
SOAS ကျောင်းသည် အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံများဆိုင်ရာ ဝိဇ္ဇာပညာ ဘာသာစကား ယဉ်ကျေးမှု ဥပဒေနှင့် လူမှုသိပ္ပံပညာများ သင်ကြားရာတွင် နာမည်ကြီးသည်။
မြန်မာနိုင်ငံမှ ထင်ရှားသည့် SOAS ကျောင်းသားဟောင်းများမှာ ဒေါက်တာသန်းထွန်း (သမိုင်း)၊ ဒေါ်အောင်ဆန်းစုကြည်၊ အာဏာသိမ်းရန်ကြံစည်မှုဖြင့် အကျဉ်းကျခံနေရသူ ဦးအေးနေဝင်းတို့ ဖြစ်သည်။
ဒီဂျီအီးဟောလ် ပညာသင်ဆုသည် ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဟောလ်(၁၈၉၁-၁၉၇၉) အမှတ်တရ ဂုဏ်ပြုဆုဖြစ်ပြီး ဒေါက်တာဟောလ်သည် SOAS နှင့် အမေရိကန် ကောနဲလ်တက္ကသိုလ်များတွင် အရှေ့တောင်အာရှ သမိုင်းပါမောက္ခ လုပ်သွားပြီး အင်္ဂလိပ်-မြန်မာ အစောပိုင်း ဆက်ဆံရေးသမိုင်း၊ အရှေ့တောင်အာရှ သမိုင်းစာအုပ်များဖြင့် ထင်ရှားသည်။
ပညာသင်ဆု လျှောက်ထားသူများအနေဖြင့် ဧပြီလ ၂၉ ရက်မတိုင်မီ ၂ ပတ်အလို လျှောက်ထားရန် လိုအပ်ပြီး လျှောက်ထားသူများကို ဇွန်လကုန်ခန့်တွင် အကြောင်းပြန်မည် ဖြစ်သည်။
ပညာသင်ဆု လျှောက်လွှာကို Alicia Sales, Scholarships Officer, School of Oriental and African Studies (University of London), Registry, Thornhaugh Street, Russell Square, London, WC1H 0XG, UK သို့ လိပ်မူပေးပို့ရမည် ဖြစ်သည်။







