တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > စစ်ရှောင် အမျိုးသမီးများနှင့် ကလေးများကို လက်ခံရန် WLB ပြော

စစ်ရှောင် အမျိုးသမီးများနှင့် ကလေးများကို လက်ခံရန် WLB ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင် အမျိုးသမီးများနှင့် ကလေးများ  လုံခြုံရေးအတွက်  ထိုင်းအစိုးရက ကူညီရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က တောင်းဆိုလိုက်သည်။

အမျိုးသမီးများနှင့် ကလေးများကို ငဲ့ညှာသောအားဖြင့် ထွက်ပြေးလာသည့် စစ်ပုန်းရှောင် ဒုက္ခသည်များကို အတင်းအကျပ် နေရပ်ပြန်မပို့ဘဲ လုံခြုံစိတ်ချရသည့် အခြေအနေအထိ ထိုင်းတွင် ယာယီခိုလှုံခွင့်ပြုရန် WLB က ထိုင်းအစိုးရထံ ယမန်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခြင်း ဖြစ်သည်။

“အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် လုံခြုံမှု wlbလိုနေတယ်။ ဘာလို့လဲဆိုတော့ သူတို့က ထိုင်းဘက်ကို ပြေးလာပေမယ့် ပုန်းနေရတဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒါကြောင့် ကောင်းမွန်တဲ့၊ ထိရောက်တဲ့ ဆေးကုသမှုတွေ မရဘူး” ဟု WLB တွင် ပါဝင်သည့် ကရင်အမျိုးသမီးအဖွဲ့ အတွင်းရေးမှူး နော်ဒါးအဲ့ကလယ်က မဇ္ဈိမကို ပြောသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီခရိုင် ဒေသများတွင် နအဖ တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA အကြား တိုက်ပွဲဖြစ်ခဲ့သည်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ဖြစ်သည်။

ထိုဒေသအတွင်း နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်နေခဲ့ပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ရှိသောကြောင့် ဒေသခံရွာသားများမှာ တိုက်ပွဲဖြစ်ပွားသည်နှင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ကာ နီးစပ်ရာတွင် ပုန်းအောင်းခိုလှုံမှုများ ရှိနေသည်။

နေရာအတည်တကျမရှိ ပုန်းခိုရခြင်း၊ ထိုင်းအာဏာပိုင်များက အတင်းအကျပ် နေရပ်ပြန်ပို့ခြင်းတို့ကြောင့် ထိရောက်သည့် အကူအညီများ မရသဖြင့် အမျိုးသမီးနှင့် ကလေးများ၏ လုံခြုံရေးအပေါ် WLB က စိုးရိမ်နေခြင်း ဖြစ်သည်။

ထိုင်းအစိုးရက စစ်ဘေးရှောင်များကို ဒေသတွင်း တည်ငြိမ်မှုရသည်အထိ နေရာအတည်တကျထားကာ လက်ခံမှသာ လိုအပ်သည့် အကူအညီများ ထိရောက်စွာ ပေးနိုင်မည်ဖြစ်ပြီး၊ အကာအကွယ်ပေးနိုင်မည်ဟု နော်ဒါးအဲ့ကလယ်က ပြောသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်သဖြင့် ထိုင်းဘက်သို့ ထွက်ပြေးလာသူ ၃၃ နှစ်အရွယ် ကလေးမိခင် တဦး၊ အသက် ၇ နှင့် ၈ နှစ်အရွယ် ကလေးနှစ်ဦးမှာ မော်တာ လက်နက်ကြီး ပေါက်ကွဲထိမှန်သဖြင့် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း WLB ကြေညာချက်တွင် ဆိုထားသည်။

ထိုင်းဘက်ခြမ်း သောင်းရင်းမြစ်ဘေးရှိ ဒုက္ခသည် ၁၅ဝဝ နီးပါး ပုန်းအောင်းနေသည့် နေရာအနီးတွင်လည်း ယမန်နေ့မနက် ၁ဝ နာရီခန့်တွင်  မော်တာလက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သေးသည်ဟုလည်း ဆိုသည်။

စစ်အစိုးရနှင့် DKBA တပ်အကြား တိုက်ပွဲစတင်ခဲ့စဉ်က ထိုင်းဘက်သို့ ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် တသောင်းကျော်ကို ထိုင်းအာဏာပိုင်များက ယာယီနေရာ စီစဉ်ပေးပြီး အကူအညီများပါ ပေးခဲ့သေးသည်။

သို့သော် စစ်ရှောင်များ၏ နေရပ်ရင်းတွင် လုံခြုံစိတ်ချရသည့် အခြေအနေ မရှိသေးခင် ဒုက္ခသည်များ ပြန်ပို့ခဲ့သည့်အပေါ် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ကြသည်။

ထိုဒေသများ၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ဖြစ်ရာဒေသမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံသူများမှာ အမိုးအကာ၊ အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကာ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် WLB က တောင်းဆိုသည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1144 guests online