သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဘီဘီစီ မြန်မာပိုင်း အသုံးစရိတ်လျော့

ဘီဘီစီ မြန်မာပိုင်း အသုံးစရိတ်လျော့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။       ။ ဘီဘီစီ ကမ္ဘာတလွှား ထုတ်လွှင့်မှု အစီအစဉ်အချို့ကို ၃ နှစ်စာ ရပ်နားမည် ဖြစ်သော်လည်း မြန်မာပိုင်း အစီအစဉ်ကို အသုံးစရိတ် အနည်းငယ်သာ လျှော့ချမည်ဖြစ်သည်။

ဘီဘီစီ မြန်မာဌာနသည် မြန်မာလူထုအတွက် အရေးပါလျက်ရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကြောင့် ဦးစားပေးဌာနများတွင် ထည့်သွင်းခဲ့ကြောင်း ဘီဘီစီ ကမ္ဘာ့သတင်း ညွှန်ကြားရေးမှူး ပီတာ ဟောရောခ့်က BBC world Today တွင် ပြောဆိုသွားသည်။

မြန်မာပိုင်းအစီအစဉ်ကို ၁ဝ ရာခိုင်နှုန်း  အသုံးစရိတ် bbcလျှော့ချကြောင်း ဘီဘီစီ မြန်မာဘာသာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဘီဘီစီကမ္ဘာတလွှား အစီအစဉ်မှ ဌာန ၅ ခု၊ ဘာသာစကား ၇ ခုဖြင့် ထုတ်လွှင့်နေသည့် ရေဒီယို အစီအစဉ်များကို ယခုနှစ် ဧပြီလမှစ၍ ၂ဝ၁၄ ခုနှစ် ဧပြီလအထိ ရပ်နားတော့မှာ ဖြစ်သည်။

မြန်မာဌာနကို အာရှပစိဖိတ်ဌာနမှ တောင်အာရှဌာနသို့ ပြောင်းရွှေ့မည်ဟု ဘီဘီစီ မြန်မာပိုင်း ဝန်ထမ်းတဦးက  မဇ္ဈိမကို ပြောသည်။ သို့သော် အဆိုပါ အပြောင်းအလဲနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို၊ အသုံးစရိတ်လျှော့ချရေးအတွက် ထုတ်လွှင့်မှု အစီအစဉ် ပြောင်းလဲမှု ရှိမရှိကိုလည်း မသိရပါ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများ သတင်းအချက်အလက် ရရှိရန် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို အားကိုးနေရသဖြင့် ၎င်းအစီအစဉ် ရပ်ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း နေအိမ်တွင် အထိန်းသိမ်းခံနေရစဉ်က ပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးမှ ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာနသို့ ထောက်ပံ့နေသော ငွေကြေး ၁၆ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းဖြစ်ပြီး၊ အစိုးရ အသုံးစရိတ် ချွေတာရေး တစိတ်တပိုင်း ဖြစ်သည်။ ငွေဖြတ်ရန်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက သုံးသပ်လာခဲ့ရာ ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရပ်နားလိုက်သည့် ဌာနများမှာ အာဖရိကအတွက် ထုတ်လွှင့်နေသော ပေါ်တူဂီဌာန၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် ကာရေဘီယံ၊ ဆားဗီးယား၊ အယ်လ်ဘေးနီးယားနှင့် မက်ဆီဒိုးနီးယား ဘာသာ အစီအစဉ်တို့ ဖြစ်သည်။ ၎င်းတို့မှာ အစီအစဉ်ပြည့် ဝန်ဆောင်မှုများဖြစ်သည့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု၊ ရေဒီယိုနှင့် အင်တာနက် သတင်းများ ဖြစ်သည်။

ထို့ပြင် ရပ်နားရသည့် ရေဒီယိုအစီအစဉ်များမှာ ဗီယက်နမ်၊ တရုတ် (မန်ဒရင်း)၊ တူရကီ၊ အဇီရီနှင့် ကျူဘား နိုင်ငံအတွက် စပိန်ဘာသာဖြင့် ထုတ်လွှင့်နေမှုများ ဖြစ်သည်။

ဘီဘီစီသည် မြန်မာအပါအဝင် ဘာသာစကား ၃၂ မျိုးဖြင့် ရေဒီယို အစီအစဉ်များကို ကမ္ဘာ့တလွှား ထုတ်လွှင့်ပေးနေသည့် ကမ္ဘာ့အကြီးဆုံး သတင်းဌာန ဖြစ်သည်။

ဝန်ထမ်းပေါင်း ၂၄ဝဝ ရှိခဲ့ရာ အစီအစဉ်များ ရပ်နားလိုက်ရသဖြင့် လာမည့် ၃ နှစ်အတွင်း ဝန်ထမ်း ၆၅ဝ ကျော် အလုပ်ရပ်နားရမည်ဖြစ်ပြီး၊ ရက်သတ္တတပတ်လျှင် ဘီဘီစီ ပရိသတ် ၁၈ဝ သန်းကျော် ရှိခဲ့ရာမှ သန်း ၃ဝ ကျော် လျော့ကျသွားမည်ဖြစ်ကြောင်း ဘီဘီစီ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဘတ်ဂျတ်လျှော့ချမှု၊ ဘာသာစကား အစီအစဉ် ရပ်ဆိုင်းမှုတို့ကြောင့် အမျိုးသား သတင်းစာဆရာသမဂ္ဂ (NUJ) နှင့် ဝန်ထမ်းများက ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ ရုံးရှေ့တွင် ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုများအတွက် အရေးကြီးလှသည့် သတင်းရင်းမြစ်တခု ဆက်လက် တည်ရှိနေဦးမည် ဖြစ်သဖြင့် ဝမ်းမြောက်မိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။



“ဗမာအတိုက်အခံတွေ၊ ဒီမိုကရေစီ အင်အားစုတွေအတွက် အလွန်အရေးကြီးတဲ့ main source ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ တခြား source ထက်ကို အရေကြီးသလို ဖြစ်တယ်လို့တောင် ကျနော် ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

စစ်အစိုးရ၏ ဝါဒဖြန့်သတင်းများသာ ကြည့်ရှုခွင့်ရသည့် မြန်မာပြည်သူများအတွက် မှန်ကန်သော သတင်းများ ထုတ်လွှင့်ပေးသည့် ဘီဘီစီ မြန်မာပိုင်း ရေဒီယိုထုတ်လွှင့်မှု ဆက်လက်ရှိစေလိုကြောင်း သောတရှင်များက မဇ္စျိမကို ပြောသည်။

ပဲခူးမြို့ခံ လူငယ်တဦးက “ဘီဘီစီဆိုတာ ကျနော်တို့ မမွေးခင်ကတည်းကပေါ့။ ဒီလိုမျိုး မှန်မှန်ကန်ကန် သတင်းတွေ လွှင့်ပေးနိုင်တဲ့ သတင်းဌာနတခု မရှိတော့ဘူးဆိုရင် မြန်မာပြည်သူတွေ နားမျက်စိတွေ မှုန်ဝါး ထိုင်းမှိုင်းကုန်သလို ဖြစ်သွားမှာပါ။ ဒီလိုသတင်းဌာနတွေ ကျနော်တို့ဆီမှာ ရှားတယ်လေ” ဟု သူက ပြောသည်။



အိန္ဒိယ-မြန်မာနယ်စပ်မှ သောတရှင် အမျိုးသမီးတဦးကလည်း “ကျမတို့လို အင်တာနက်မရှိတဲ့ နေရာတွေမှာ မြန်မာပြည်က သတင်းဆိုရင် ဒါပဲ နားထောင်ရတာ” ဟု ဆိုသည်။

ဘီဘီစီကို ၁၉၃၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာပိုင်းအစီအစဉ်မှာ ၁၉၄ဝ ခုနှစ်တွင် စတင်ခဲ့ရာ နှစ်ပေါင်း ၇ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 121 guests online