တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > စစ်ခေါင်းဆောင်များ တရားစွဲရေး WLB ဆက်လုပ်မည်

စစ်ခေါင်းဆောင်များ တရားစွဲရေး WLB ဆက်လုပ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ယနေ့ ထုတ်ဖော်ပြောဆိုသည်။

အဖွဲ့၏ ၆ ကြိမ်မြောက် ညီလာခံကို ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ယခုလ ၂၄ ရက်နေ့မှစ၍ သုံးရက်ကြာ ကျင်းပအပြီး ဒီမိုကရေစီလိုလားသော အတိုက်အခံ အမျိုးသမီးအဖွဲ့ကြီးက ကြေညာချက်ထုတ်ကာ ပြောဆိုခြင်း ဖြစ်သည်။

အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု wlbအပါအဝင် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခွင့်ပြုသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court – ICC) တင်ရေးနှင့် ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂ ကော်မရှင် ပေါ်ပေါက်ရေး ဆက်လက်၍ စည်းရုံးလှုံ့ဆော်မည်ဟု ညီလာခံက ဆုံးဖြတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသည် ICC နှင့် ပတ်သက်၍ လက်မှတ်ထိုးမထားသဖြင့် တိုက်ရိုက်အရေးယူ၍ မရသောကြောင့် ကုလလုံခြုံရေးကောင်စီသို့ တင်ပြနိုင်ရန် WLB က ကြိုးပမ်းနေခြင်း ဖြစ်သည်။ လုံခြုံရေးကောင်စီက ၎င်းကိစ္စကို ICC သို့ လွှဲအပ်မှသာလျှင် အရေးယူနိုင်မည်ဖြစ်သည်။ အရေးယူရာတွင်လည်း ICC က တိုက်ရိုက် အရေးယူခြင်း၊ အမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည့် တရားရုံးကိုလည်း ဖွဲ့စည်းထူတောင်နိုင်ခြင်းတို့ ပါဝင်သည်။

WLB က စစ်အစိုးရ စိတ်တိုင်းကျ ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ဟန်ပြအရပ်သား အစိုးရသစ်သည် တိုင်းပြည်အတွက် စစ်မှန်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ပေးမည် မဟုတ်ဟု သုံးသပ်ထားသည်။

ပြည်တွင်း စည်းရုံးရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ရာတွင် မီဒီယာကို နည်းဗျူဟာတခုအဖြစ် သုံး၍ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး စသည့် လုပ်ငန်းစဉ် သုံးခုကို အကောင်အထည်ဖော်မည်ဟုပါ WLB ကြေညာချက်က ဆိုသည်။

ယခု ညီလာခံတွင် ကယန်းအမျိုးသမီးများ အစည်းအရုံးသည် WLB အဖွဲ့ဝင်သစ်အဖြစ် ပါဝင်လာသည်။

ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် WLB ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1138 guests online