နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ အပါအဝင် အရှေ့တောင်အာရှ အာဆီယံ ၅ နိုင်ငံမှ ခရီးသွားများကို အိန္ဒိယက လာမည့် နှစ်သစ်ကူးမှစ၍ လေဆိပ်အရောက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်ဟု ယမန်နေ့ထုတ် Hindustan Time သတင်းစာတွင် ပါရှိသည်။
ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ဒေလီ၊ မွန်ဘိုင်း၊ ကိုလ်ကာတာ၊ ချန်နိုင်း စသည့် မြို့ကြီး ၄ မြို့ရှိ နိုင်ငံတကာ လေဆိပ်များ၌ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအို နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ
ထုတ်ပေးမည်ဟု အိန္ဒိယ ခရီးသွားဝန်ကြီးဌာနမှ အရာရှိတဦး၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။
“ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ တရားဝင် ကြေညာချက် မကြာခင် ထွက်ပါလိမ့်မယ်။ ၅ နိုင်ငံ ဘုရားဖူးတွေကို ပိုမိုစွဲဆောင်ဖို့အတွက်
ဆိုက်ရောက်ဗီဇာက အထောက်အပံ့ ဖြစ်စေမှာပါ” ဟု ခရီးသွားဝန်ကြီးဌာန အရာရှိက ပြောထားသည်။
မည်သည့်ရည်ရွယ်ချက်ဖြင့် အိန္ဒိယသို့ လာသည်ဖြစ်စေ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းလည်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် နှစ်သစ်လက်ဆောင်အဖြစ် ယခုအစီအစဉ်ကို အိန္ဒိယက ဆုံးဖြတ်ခဲ့ကြောင်း သတင်းစာက ဆိုသည်။
ဆိုက်ရောက်ဗီဇာ ကိစ္စကို ရန်ကုန်ရှိ အိန္ဒိယသံရုံး အရာထမ်း တဦးကလည်း မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
တကြိမ်ဝင်ရောက်နိုင်သော ဗီဇာ အမျိုးအစားကိုသာ ဆိုက်ရောက်ဗီဇာ သက်တမ်း ၂၈ ရက် နေထိုင်ခွင့် ပြုမည်ဖြစ်ပြီး၊ သာမန်ခရီးသွား ဗီဇာအတွက် အမေရိကန်ဒေါ်လာ ၄ဝ သတ်မှတ်သော်လည်း ဆိုက်ရောက် ဗီဇာအတွက် မည်မျှ သတ်မှတ်မည်ကို မသိရသေးဟု သူက ဆိုသည်။
အိန္ဒိယရှိ ဗုဒ္ဓသံဝေဇနိယ ၄ ဌာနဖြစ်သည့် ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ၊ တရားဦးဟောရာ ဗာရာဏသီ (သရန)၊ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံနှင့် နီပေါနိုင်ငံရှိ ဖွားတော်မူရာ လုံမ္ဗနီဒေသအပြင် သင်္ကဿနဂိုရ်၊
တာ့ခ်ျမဟာနှင့် မြို့တော် နယူးဒေလီသို့ပါ မြန်မာဗုဒ္ဓဘာသာဝင်များ သွားရောက် ဖူးမျှော်လေ့ရှိသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ကလည်း ရန်ကုန်-အိန္ဒိယ၊ မန္တလေး-အိန္ဒိယ လေယာဉ် ခရီးစဉ်များ ပြေးဆွဲလျက်ရှိပြီး ဗုဒ္ဓဂါယာသို့ တိုက်ရိုက်ပျံသန်းနေသည်။
အိန္ဒိယသည် ပြီးခဲ့သည့် နှစ်ကတည်းက ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ်၊ နယူးဇီလန်၊ စင်္ကာပူ နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ဗီဇာကြေးမှာ အမေရိကန်ဒေါ်လာ ၆ဝ ဖြစ်သည်။










