ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဂျာမန်အလုပ်ရုံ ဆွေးနွေးပွဲ `စစ်အစိုးရ သြဇာခံများ´ တက်၍ အပြင်းအထန် ဝေဖန်ခံရ

ဂျာမန်အလုပ်ရုံ ဆွေးနွေးပွဲ `စစ်အစိုးရ သြဇာခံများ´ တက်၍ အပြင်းအထန် ဝေဖန်ခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ ယခုနှစ်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲ မတိုင်ခင် ဘာလင်မြို့၌ ဂျာမန် ပညာရေးရံပုံငွေ အဖွဲ့တခုက စက်တင်ဘာလ ၁၇ ရက်နေ့တွင် စီစဉ်ကျင်းပမည့် မြန်မာ့အရေး အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ဝေဖန်လိုက်ကြသည်။

ဒေါက်တာ ခင်ဇော်ဝင်းနှင့်  ဒေါက်တာ နေဝင်းမောင်တို့ကို ဖိတ်ကြားခဲ့ပြီး သူတို့ ထိုအစည်းအဝေးတွင် ဆွေးနွေး ပြောကြားကြမည့် အကြောင်းအရာများမှာလည်း စစ်အစိုးရ၏ ဝါဒဖြန့် စကားများသာ ဖြစ်လိမ့်မည်ဟုဆိုကာ ဦးဆန်နီ အောင်သန်းဦး ခေါင်းဆောင်သည့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ဘာလင်မြို့ရှိ ဖရက်ဒရစ်အီးဘတ် ဖောင်ဒေးရှင်း (Friedrich Ebert Foundation) က စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပမည့် ယခုနှစ် မြန်မာ့ရွေးကောက်ပွဲအကြောင်း အလုပ်ရုံ ဆွေးနွေးပွဲကို ကန့်ကွက် ရှုတ်ချလိုက်ကြသည်။
Sonny-Aung-Than-Oo
ဖရက်ဒရစ်အီးဘတ် ဖောင်ဒေးရှင်းက `ပါလီမန် ရွေးကောက်ပွဲများ မကျင်းပမီ မြန်မာနိုင်ငံ - ပြည်တွင်းမှ အမြင်များ´ ခေါင်းစဉ်ဖြင့် ဘာလင်မြို့၌ စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအကြောင်း၊ စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံမှ ရွေးကောက်ပွဲ ဥပဒေများအကြောင်း၊ ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်စေနိုင်သည့် အခွင့်အလမ်းများ ရှိမရှိ´ ဆိုသည့် အကြောင်းအရာများအပေါ် ဆွေးနွေး သုံးသပ်ကြမည် ဖြစ်သည်။

ဤအလုပ်ရုံ ဆွေးနွေးပွဲ၏ အဓိက ဦးတည်ချက်သည် `ဝါဒဖြန့်ရန်´ နှင့် `အတုအယောင် ရွေးကောက်ပွဲ´ကို တရားဝင်အောင် လုပ်ပေးခြင်းမျှသာ ဖြစ်သည့်အတွက် ဆန့်ကျင် ကန့်ကွက်ကြရန် စီစဉ်ထားကြောင်း ဂျာမဏီရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများက ရှုတ်ချ ပြောဆိုလိုက်ကြသည်။

ဤဖောင်ဒေးရှင်း ရုံးချုပ်တွင် ကျင်းပမည့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ဖောင်ဒေးရှင်းမှ ကျွမ်းကျင်သူများ၊ ဂျာမဏီနိုင်ငံမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုဆိုင်ရာ အကြံပေး ဒေါက်တာခင်ဇော်ဝင်း၊ မြန်မာအီးဂရက်စ် အရပ်ဘက် အဖွဲ့အစည်းကို ထူထောင်သူတဦးနှင့် အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ နေဝင်းမောင်တို့ တက်ရောက်ကြမည် ဖြစ်သည်။

မြန်မာကိုယ်စားလှယ်များက ဂျာမန်ကိုယ်စားလှယ်များနှင့် အစည်းအဝေး တက်ရောက်လာ သူများကို ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် အခြေအနေများကို `အမြင်ရှင်းအောင်´ ရှင်းလင်းပြော ဆိုကြမည်ဖြစ်သည်ဟု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ဥပဒေပြုမှုဖြစ်စဉ်၌ မည်သို့မည်ပုံ ဖြစ်ပျက်နေသည်တို့ကို တင်ပြဆွေးနွေး ကြမည်ဖြစ်ပြီး၊ ကျွမ်းကျင်သူများက မြန်မာ့ရွေးကောက်ပွဲ ဥပဒေများ အပေါ်လည်း ဝေဖန်ဆွေးနွေး သုံးသပ်ကြမည် ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲရလဒ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အပြောင်းအလဲတရပ် ဖြစ်ပေါ်လာနိုင်မည့် အလားအလာ ရှိ၊ မရှိတို့ကိုလည်း ဝေဖန်ဆွေးနွေး သုံးသပ်ကြမည်ဖြစ်သည် ဟု သူက ဆက်လက် ပြောဆိုလိုက်သည်။

ဒေါက်တာခင်ဇော်ဝင်းက `ရွေးကောက်ပွဲများအကြို မြန်မာနိုင်ငံအခြေအနေ - ပြင်ဆင်ရေးကာလအဆင့်၌ အတိုက်အခံ အုပ်စုများနှင့် စစ်တပ်၏ အခန်းကဏ္ဍနှင့် ပါတီနိုင်ငံရေး´ ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်ကာ  ဒေါက်တာနေဝင်းမောင်ကမူ `သပိတ်မှောက်ခြင်းနှင့် ထိတွေ့ဆက်ဆံခြင်း - ဒီမိုကရေစီ အပြောင်းအလဲတွက် အခွင့်အလမ်း တရပ်ဖြစ်သော ရွေးကောက်ပွဲများ´ ခေါင်းစဉ်ဖြင့် ဟောပြောမည် ဖြစ်သည်။

`ယခုအစီအစဉ်သည် ဆယ်စုနှစ် ၂ ခုအကြာတွင် ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲများအကြောင်း အဓိကထား ဆွေးနွေးမည့်´ အစီအစဉ် ဖြစ်သည်ဟု မစ္စတာ ကွန်စတန်တင်က ပြောသည်။

`ဂျာမဏီကလူတွေက မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး အသားမကျသေးပါဘူး။ ဒါကြောင့် တက်ရောက်လာသူတွေကို ဒီလိုအကြောင်းအရာတွေနဲ့ အကျွမ်းတဝင်ဖြစ်အောင် လုပ်ပေးမှာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို နှစ်နာရီကြာ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်´ ဟု ၎င်းက ပြောဆိုသွားသည်။

နိုင်ငံရေး ပါတီပေါင်း ၄၂ ပါတီသည် စစ်အစိုးရ၏ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့ဖြစ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ၏ အတည်ပြုချက် ရရှိထားပြီးဖြစ်ကာ ယခုကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းသည် ၁၉၉ဝ က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် နိုင်ပြီးကတည်းက ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်သည်။ သို့သော် အဆိုပါ ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက ဆယ်စုနှစ် ၂ ခုကြာ လျစ်လျူရှုထားခဲ့ပြီး ယခုနှစ်တွင် ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရကို ဝေဖန်နေသူများကမူ ယခုကျင်းပမည့် ရွေးကောက်ပွဲများကို အတုအယောင်သာ ဖြစ်သည်ဟု စစ်တပ်နှင့် သူတို့၏ လက်ရင်းပါတီများကိုသာ မျက်နှာသာပေးထားသည့် ရွေးကောက်ပွဲ ဥပဒေများကို ထောက်ပြကာ ဝေဖန်ပြောဆိုနေကြသည်။ ဤဥပဒေများအရ ဒီချုပ်နှင့် အခြားအတိုက်အခံ ပါတီပေါင်းများစွာကို ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုနိုင်အောင် ပြုလုပ်ထားသည်။

မြန်မာဗျူရို ဂျာမဏီကို ဤအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်းက အကြီးအကျယ် အမျက်ဒေါသ ထွက်စေခဲ့ပြီး ကျင်းပမည်ကိုလည်း ဝေဖန် ရှုတ်ချလိုက်သည်။ ဤအဖွဲ့သည် ဂျာမန်လူမျိုး ထောက်ခံသူများ၊ ပြည်ပရောက် အခြားမြန်မာများနှင့် ပူးတွဲကာ ယခုအစည်းအဝေးကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသွားကြမည်ဖြစ်ပြီး လာရောက်မည့် ကိုယ်စားလှယ်နှစ်ဦးမှာလည်း စစ်အစိုးရ၏ လက်ကိုင်တုတ်နှင့် သြဇာခံများသာ ဖြစ်သည်ဟု ပြောဆိုလိုက်ကြသည်။

`ရွေးကောက်ပွဲကနေ ဘယ်လို အပြောင်းအလဲမျိုးမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ဘဲ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီအစည်းအဝေးမှာ ဟောပြောမယ့်သူနှစ်ဦးဟာ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ ဖြစ်ကြပါမယ်။ သူတို့ဟာ ဘယ်တော့မှ ပြည်သူလူထုရဲ့ဆန္ဒကို ထုတ်ဖော် ပြောကြားကြမှာ မဟုတ်ပါဘူး´ ဟု မြန်မာဗျူရိုဂျာမဏီ ခေါင်းဆောင်ဖြစ်သူ ဦးဆန်နီ အောင်သန်းဦးက ပြောသည်။

`ဒီရွေးကောက်ပွဲဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံထားတာ မှန်ပေမဲ့ လူထုအတွက် တကယ်လိုအပ်ပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲလဲ ဖြစ်ပါတယ်လို့ သူတို့က ဝါဒဖြန့်မှာပဲ။ တကယ်တော့ ဒီဖွဲ့စည်းပုံဟာ စစ်တပ်အုပ်စိုးမှုကို ခိုင်မာအောင် ပြုလုပ်ပေးထားတာသာ ဖြစ်တာကြောင့် ကျနော်တို့ကတော့ မထောက်ခံပါဘူး´ ဟု သူက ပြောသည်။

မဇ္ဈိမက ဒေါက်တာနေဝင်းမောင်နှင့် ဒေါက်တာခင်ဇော်ဝင်းတို့ကို သူတို့၏သဘောထားမှတ်ချက်ကို မေးမြန်းရန်အတွက် ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရခဲ့ပါ။



 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1661 guests online