နယူးဒေလီ (မဇ္ဈိမ)။ ။ အပြစ်အနာအဆာများသော ရွေးကောက်ပွဲကို လျစ်လျူရှုကာ ဗိုလ်ချုပ်ကြီးများကို ရဲဆေးတင်မပေးသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တရုတ်နိုင်ငံကို ပြောဆိုတိုက်တွန်းလိုက်သည်။
မြန်မာစစ်ခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေ ၏ ယနေ့မှ စတင်မည့် ၅ ရက်ကြာ တရုတ်ပြည် ခရီးစဉ် ပေါ်ထွက်လာစဉ် အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် HRW (Human Riights Watch) အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
’’အပြစ်အနာအဆာတွေ ရှိနေတဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲနဲ့ တာဝန်ခံမှု လိုအပ်နေတာတွေကို လျစ်လျူရှုပြီး ဗိုလ်ချုပ်ကြီးတွေကို ရဲဆေးတင်ပေးလိုက်သလို မဖြစ်စေသင့်ဘူး’’ ဟု HRW ၏ အာရှတိုက်ဆိုင်ရာ ခေတ္တဒါရိုက်တာ ဆိုဖီရစ်ချတ်ဆန် Sophie Richardson က ပြောသည်။
သူက ဆက်ပြီး ’’တရုတ်အစိုးရအနေနဲ့
အခြေအနေအားလုံး ပုံမှန်ပဲဆိုတဲ့ အယူအဆကို ငြင်းပယ်ပြီး၊ တိုင်းပြည်တွင်း ရေရှည်ခံပြီး တကယ့်အပြောင်းအလဲတွေ ဖြစ်ပေါ်လာရေးအတွက် မြန်မာအစိုးရကို ဖိအားပေးရာမှာ တခြားအစိုးရတွေနဲ့ လက်တွဲပါဝင်သင့်ပါတယ်’’ ဟု ပြောသည်။မြန်မာစစ်ခေါင်းဆောင်၏ ခရီးစဉ်ကို ပွင့်လင်းသော ရွေးကောက်ပွဲများ ကျင်းပရေး၊ ပြစ်မှုကြီးများအပေါ် တာဝန်ခံမှု ရှိရေးအတွက် အသုံးချ ဖိအားပေးသွားသင့်ကြောင်း HRW က တိုက်တွန်းလိုက်သေးသည်။
ယခုခရီးစဉ်နှင့် တိုက်ဆိုင်စွာပင် တရုတ်-မြန်မာနယ်စပ်ရှိ အပစ်ရပ် ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က နယ်ခြားစောင့်တပ်ဖွဲ့ရေး ငြင်းပယ်ထားသဖြင့် စစ်အစိုးရနှင့် တင်းမာမှုများ တိုးပွားနေချိန်ဖြစ်သည်။
ထို့ပြင် ၂ဝဝ၉ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ကိုးကန့် တပ်ဖွဲ့နှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့အကြား တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း ဒုက္ခသည် ၃၇ဝဝဝ ခန့် ပြေးဝင်ခိုလှုံလာခဲ့ကြသေးသည်။
’’ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေနဲ့ မပြေမလည် ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ သဘောထားတခုရအောင် လုပ်ခဲ့မယ်လို့ ထင်တယ်ဗျ။ သူတို့က ပြောပြီးသား ထာဝရ ငြိမ်းချမ်းရေး လိုချင်ရင် ၂ နည်း ရှိတယ်။ တနည်းက နယ်ခြားစောင့်တပ် လုပ်ဖို့၊ တနည်းက လက်နက်ချဖို့။ ဘေးနားက ငြိမ်းချမ်းရေး နိုင်ငံကြီးကလည်း ပြဿနာကို ပြေပြေလည်လည် ဖြေရှင်းဖို့ပဲ ပြောနေတယ်။ ဗိုလ်သန်းရွှေ မသွားခင်မှာ နယ်စပ် လက်နက်ကိုင်တွေ ရှိတဲ့နေရာမှာ စစ်တပ်ရဲ့ လှုပ်ရှားမှုက ငြိမ်နေတယ်။ ဒါကိုလည်း တင်ပြဦးမယ် ထင်တယ်’’ ဟု တရုတ်-မြန်မာနယ်စပ်နေ မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
သူက ဆက်ပြီး ’’တပ်အပြောင်းအလဲ ဖြစ်တာကိုလည်း ပြောပြစေချင်လို့နဲ့ တူတယ်။ သူရွေးချယ်ထားတဲ့ သူ့နေရာကို ဆက်ခံမယ့် ဗိုလ်မြင့်အောင်ကိုလည်း ပွဲထုတ်ပြချင်တာလည်း ပါမယ်။ နောက် ဟောင်ကောင် မီဒီယာတွေက ဗိုလ်သန်းရွှေ အိန္ဒိယသွားတဲ့ ကိစ္စနဲ့ တော်တော်လေး ထင်မြင်ချက် ရှိကြတယ်။ ဟိုလက်ဝါး ဖြန့်တောင်း၊ ဒီလက်ဝါး ဖြန့်တောင်းတို့၊ အိန္ဒိယ သွားပြီးပြီ တရုတ်ပြည် လာတောင်းဦးမယ်တို့ ရေးကြတယ်။ ဒါကိုလည်း ပြေလည်အောင် ရှင်းပြဦးမယ်လို့ ထင်တယ်’’ ဟု ပြောသည်။
ရစ်ချတ်ဆန်ကလည်း ’’တရုတ်က မြန်မာပြည်ကနေ အကျိုးအမြတ် လိုချင်တယ်။ မတည်ငြိမ်တဲ့ စစ်အုပ်ချုပ်ရေးနဲ့လည်း ကင်းကင်းနေချင်တယ်။ တရုတ်အစိုးရကသာ မြန်မာအစိုးရအပေါ် ချဉ်းကပ်ပုံကို အခြေခံအားဖြင့် မပြောင်းလဲဘူးဆိုရင် ရိုင်းစိုင်းကြမ်းတမ်းတဲ့ စစ်အစိုးရတွေကို အကာအကွယ်ပေးတဲ့ သူဆိုတဲ့ သူ့ဂုဏ်သတင်းကို အရောင်တင်ပေးသလို ဖြစ်နေတဲ့ အန္တရာယ်ရှိတယ်’’ ဟု ဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ရေတပ်သင်္ဘောများ၊ တိုက်လေယာဉ်များ၊ အမြောက်ကြီးများ၊ ထရပ်ကားများ အပါအဝင် စစ်လက်နက်ပစ္စည်းများ ပေးပို့ခဲ့သဖြင့် မြန်မာစစ်ခေါင်းဆောင်များအတွက် အဓိက လက်နက်ထောက်ပံ့သည့် နိုင်ငံ ဖြစ်လာခဲ့သည်။
နှစ်နိုင်ငံအကြား ကြီးထွားလာနေသော နယ်စပ်ကုန်သွယ်ရေး၊ ရေအားလျှပ်စစ်လုပ်ငန်းကြီးများတွင် ရင်းနှီးမြှုပ်နှံထားခြင်း၊ ရေနံဓာတ်ငွေ့စီမံကိန်းများကဲ့သို့ စီးပွားရေးအဆက်အဆံ ကြီးမားစွာ ရှိနေသည်။ ကုန်သွယ်ရေးမှာ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၃ ဘီလျံနီးပါးရှိပြီး နယ်စပ်ကုန်သွယ်ရေးမှာလည်း လျင်မြန်စွာ ကြီးထွားလာနေသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သည့် အဓိက စွမ်းအင် စာချုပ်များကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးမှာ အကြီးအကျယ် တိုးတက်လာမည့် အလားအလာလည်း ရှိနေပြန်သည်။
နိုင်ငံတော်က အများစုပိုင်ဆိုင်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC ၏ အများပိုင် ကုမ္ပဏီခွဲဖြစ်သော PetroChina က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရွှေဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့များ ဝယ်ယူရန် မြန်မာနှင့် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလတွင် စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းသဘာဝဓာတ်ငွေ့များ သယ်ယူရန် သွယ်တန်းဖောက်လုပ်မည့် ပိုက်လိုင်း ၂ လိုင်းမှာ မြန်မာနိုင်ငံတွင် ဆောက်လုပ်ဖူးသမျှ အခြေခံအဆောက်အဦများအနက် အကြီးဆုံး ဖြစ်လိမ့်မည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးတို့သည် စစ်ဘက်ရာထူးများမှ အနားယူခဲ့ကြောင်း မဇ္ဈိမက ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
သို့သော် အဆိုပါ စစ်ဘက်ဆိုင်ရာ ရာထူးမှ အနားယူခြင်း ကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရက ယနေ့ထိတိုင် အတည်ပြုချက် ထုတ်ပြန်ခြင်း မရှိသေးပါ။
ထို့နောက် စစ်အစိုးရသတင်းစာများတွင် အခြားနိုင်ငံများသို့ သဝဏ်လွှာများ ပေးပို့ရာ၌ နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟု ဖော်ပြပါရှိခဲ့သည်။
ယခု တရုတ်ပြည် ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်နေ့တွင် ဖော်ပြပါရှိသည်။
မြန်မာစစ်ခေါင်းဆောင်သည် ၁၉၉၆ နှင့် ၂ဝဝ၃ ခုနှစ်များအတွင်း တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။
တရုတ်နိုင်ငံဘက်ကလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဒုသမ္မတ ရှီကျင့်ဖျင်နှင့် ယခုနှစ် ဇွန်လတွင် ဝန်ကြီးချုပ် ဝမ်ကြားပေါင်တို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သေးသည်။







