သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ကုလ ကော်မရှင်ဖွဲ့ရေး ကနေဒါ ထောက်ခံ

ကုလ ကော်မရှင်ဖွဲ့ရေး ကနေဒါ ထောက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။      ။ စစ်အစိုးရ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂက ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးရန် တိုက်တွန်းသည့် အနောက်နိုင်ငံ အစိုးရများ စာရင်းတွင် မိမိတို့နိုင်ငံလည်း ပါဝင်လိမ့်မည်ဟု ကနေဒါ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

ယခုနှစ် သြဂုတ်လလယ်တွင် အမေရိကန် အစိုးရက ကော်မရှင်ဖွဲ့ စစ်ဆေးရေးကို ထောက်ခံကြောင်း ကြေညာခဲ့ပြီးနောက် ကနေဒါ ဝန်ကြီးချုပ် မစ္စတာ စတီဖင်ဟားပါး ဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီ အစိုးရသည်လည်း ယင်းအဆိုကို ထောက်ခံရန် ပြည်တွင်းပြည်ပမှ ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

Burma-demo--London“ကနေဒါဟာ ကုလလူ့အခွင့်အရေး သံတမန်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရရဲ့ လူအခွင့်အရေး ချိုးဖောက်နေမှုတွေအကြောင်း တင်ပြချက်နဲ့ စစ်အစိုးရကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းချက်တွေကို သဘောတူပါတယ်” ဟု ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Catherine Loubier က ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် မစ္စတာ သောမတ်(စ်) အိုဟေး ကွင်တားနားကို ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်(စ်)ကန်နွန်၏
 ထောက်ခံမှုကို ရည်းညွှန်းကိုးကား၍ ပြောကြားခဲ့သည်။

“ကျမတို့အနေနဲ့ ကုလလူ့အခွင့်အရေး သံတမန်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမယ့် အကြံပြုချက်တွေကို နိုင်ငံတကာက မဟာမိတ်တွေနဲ့အတူ ထောက်ခံသွားမှာပါ” ဟု သူက ဆိုသည်။

ယခုနှစ် မတ်လက ကုလလူ့အခွင့်အရေး သံတမန် ကွင်တားနားက ကုလလူ့အခွင့်အရေး ကောင်စီထံ အစီရင်ခံစာတစောင် တင်ပြခဲ့ရာ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုသည် စနစ်တကျ ကျူးလွန်သည့် ပုံစံဖြစ်နေပြီး အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးရာဌာနများကပါ ပါဝင်ကျူးလွန်နေသည့် ပုံစံမျိုးဖြစ်သည်ဟု ပါရှိသည်။ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ဖွင့်ဆိုသတ်မှတ်ချက်အရ လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အဖွဲ့အစည်းတခုလုံးကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

မစ္စတာကွင်တားနားက ထိုအစီရင်ခံစာထဲတွင် စစ်အစိုးရ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ကော်မရှင်ဖွဲ့၍ ကော်မရှင် လုပ်ပိုင်ခွင့်အာဏာဖြင့် ထပ်မံအသေးစိတ် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကို အကြံပြု တိုက်တွန်းထားသည်။

ကနေဒါ ဖက်ဒရယ် ပါလီမန်တွင် ကိုယ်စားပြုပါဝင်သည့် ကနေဒါ အတိုက်အခံပါတီ ၃ ခုကလည်း လွန်ခဲ့သည့် ၁ဝ ရက်ခန့်က စစ်အစိုးရကို စုံစမ်းစစ်ဆေးရေး ထောက်ခံရန် အစိုးရကို တိုက်တွန်းသည့် ထုတ်ပြန်ချက်များ ထုတ်ဝေခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ဘားမားကမ်ပိန်း (ယူကေ) မှ ဇိုရာဖန်း ဦးဆောင်သည့် မြန်မာအတိုက်အခံအဖွဲ့က လန်ဒန်ရှိ ကနေဒါ သံရုံးရှေ့၌ ကုလက စစ်ဆေးရေးကို ထောက်ခံတိုက်တွန်းရန် ကနေဒါမှာ နှေးကွေးနေသည်ဟု ဆန္ဒပြကာ ပြောဆိုခဲ့သည်။

ကနေဒါ အစိုးရ၏ ထုတ်ပြန်ကြေညာချက်အပြီး Ottawa မြို့ အခြေစိုက် ကနေဒါနိုင်ငံ မြန်မာ့မိတ်ဆွေများအဖွဲ့ CFOB မှ အလုပ်အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက အဖွဲ့၏ ကြေညာချက်ထဲတွင် မစ္စတာဟားပါး၏ ကနေဒါ အစိုးရအဖွဲ့ကို ကုလ၏ ကော်မရှင်ဖွဲ့စစ်ဆေးရေးကို ထောက်ခံသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်လာစေရန် ဖိအားပေးခဲ့ကြသူ အားလုံးအပေါ် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

“ကျနော့်အနေနဲ့ ကနေဒါ အစိုးရကို အခုလို ဆုံးဖြတ်ချက်မျိုး ချမှတ်လာစေဖို့ ဖိအားပေးခဲ့ကြတဲ့ ကနေဒါနိုင်ငံအတွင်းနဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု ကိုတင်မောင်ထူးက ပြောသည်။

ကော်မရှင်ဖွဲ့ရေးကို ထောက်ခံကြောင်း ကြေညာခဲ့သည့် အခြားနိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ ဆလိုဗက်ကီးယား၊ သြစတြေးလျနှင့် ချက်သမ္မတနိုင်ငံတို့ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI ကလည်း ထောက်ခံ

နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ AI ကလည်း မြန်မာစစ်အစိုးရကို စစ်ဆေးရေးအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တောင်းဆိုလိုက်သည်။

စစ်အစိုးရကို စုံစမ်းစစ်ဆေးရာတွင် “စစ်အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များက အရပ်သားများအပေါ် စနစ်တကျနှင့် ကျယ်ပြန့်စွာ ကျူးလွန်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှုများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လူနည်းစု ရိုဟင်ဂျာများ၊ ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးများနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကရင်လူမျိုးများကို နှိပ်စက်ခဲ့မှုများ” အတွက် အထူးစုံစမ်းစစ်ဆေးရန် AI က တိုက်တွန်းထားသည်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ မြန်မာစစ်တပ်က နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ချိုးဖောက်ပြီးတော့ ရှမ်းပြည်နယ်နဲ့ မြန်မာပြည် အရှေ့ပိုင်းဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့စွာ ကျူးလွန်နေကြတဲ့ ရာဇဝတ်မှုတွေကိုလည်း စုံစမ်းစစ်ဆေးသင့်ပါတယ်” ဟု AI က ပြောဆိုလိုက်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1440 guests online