ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာဘာသာ အသံလွှင့်ရုံများတွင် သက်တမ်း အရှည်ဆုံးဖြစ်သည့် ဘီဘီစီ မြန်မာဌာန ယနေ့တွင် အနှစ် ၇ဝ ပြည့်သည်။ နှစ် ၇ဝ ပြည့် အထိမ်းအမှတ် လစဉ်ထုတ် ဟဲလို သတင်းလွှာကို ထိုင်းနယ်စပ် မဲဆောက်တွင် အခမဲ့ စတင်ဖြန့်ချိသည်။
ဘီဘီစီ ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်းက စတင်ထုတ်လွှင့်သော အာရှ ဘာသာစကား ၃ ခုတွင် ဟင်ဒီ၊ မြန်မာတို့ ပါဝင်သည်။ပထမဆုံး မြန်မာဘာသာ အသံလွှင့်ရုံအဖြစ် မြန်မာနိုင်ငံတော်အစိုးရ အသံလွှင့်ဌာန (Burma State Broadcasting Service) ကို ၁၉၃၉ တွင် ရန်ကုန်မြို့  ပန်းဆိုးတန်း ဗဟိုကြေးနန်းရုံးကြီး၌ ဖွင့်လှစ်ခဲ့သော်လည်း စစ်ပြေးရင်း မေမြို့ တွင် အသံလွှင့်ရပ်နားခဲ့ရသည်။
ဘီဘီစီ မြန်မာဌာန စတင် ထူထောင်စဉ်က လန်ဒန်တက္ကသိုလ် မြန်မာစာ ပါရဂူ ကျောင်းသား ကိုလှဖေ၊ ဦးတက်ထွဋ်၊ ဦးတင်မောင်၊ ကမ္ဘာ့သာသနာပြုဦးသေဋ္ဌိလနှင့် စစ်ပီးခေတ် ဗမာ့အသံကို ထူထောင်မည့် စာကြည့်တိုက်နှင့် ဂီတပညာရှင် ဦးခင်ဇော် (K)တို့ ပါဝင်သည်။ ဘီဘီစီ မြန်မာပိုင်းနှင့် မရှေးမနှောင်း စတင်သည့် မြန်မာ အသံလွှင့် ဌာနများမှာ တိုကျိုမှ ဒေါ်သီ၊ သခင်ထွန်းအုပ်တို့၏ ဖက်ဆစ်ဝါဒဖြန့် အသံလွှင့်ဌာနနှင့် ဘိလပ်ပြန်သန်း၊ ဒေါ်မြစိန်တို့၏ စစ်တွင်း အောလ်အင်းဒီးယား အသံလွှင့်ဌာနတို့ ဖြစ်သည်။
မြန်မာအစိုးရများနှင့် အထူးဆက်ဆံရေးရှိသည့် ဗြိတိသျှအစိုးရအာဘော်အဖြစ် ဆယ်စုနှစ်ချီရပ်တည်ခဲ့သော၊ မြန်မာ့အသံမှ ရွေးချယ်စေလွှတ်သော ဝန်ထမ်းများဖြင့် လည်ပတ်ခဲ့သည့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်၏ ၁၉၈၈ အရေးအခင်းတွင်း တက်ကြွသော သတင်းပို့ချက်များကြောင့် လူထုထောက်ခံမှု ကြီးစွာရရှိခဲ့သည်။ အသံလွှင့်ဝန်ထမ်းအများစုကို ပြန်ခွင့်မပေးသည်အထိ မြန်မာစစ်အစိုးရက ဖိနှိပ်ထားခဲ့သည်။
ဘီဘီစီ၏ ထင်ရှားသော မြန်မာအသံလွှင့်ဝန်ထမ်းများမှာ စာရေးဆရာတင့်တယ်၊ ဦးခင် M.J (Syracuse)၊ ဦးနေဝင်း၊ ဦးဖေသန်း၊ ဒေါ်ကြည်ကြည်မေ၊ ဒေါ်ရင်ရင်မေ၊ ဦးကျော်ဇံသာ၊ ဦးနေမျိုးသူရိန်၊ ကိုမင်းထက်၊ ကိုသူရိန်ကျော်ဇော၊ ဦးကိုကိုအောင် စသူတို့ဖြစ်ပီး လက်ရှိ မြန်မာပိုင်းဌာနမှူးမှာ ဒေါ်တင်ထားဆွေ ဖြစ်သည်။
ဗီအိုအေ အမေရိကန်အသံလွှင့်ရုံအပြင် မြန်မာအသံလွှင့်ရုံကြီး ၂ ခု အသစ်ပေါ်လာခဲ့သော်လည်း ဘီဘီစီမြန်မာပိုင်း၏ သြဇာမှာ ကြီးဆဲဖြစ်သည်။
လက်ရှိ ဘီဘီစီ ကမ္ဘာ့သတင်းဌာနမှ ဘာသာစကားအစီအစဉ် ၃၂ မျိုး ထုတ်လွှင့်နေသည်။







