နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယအစိုးရ အစီအမံဖြင့် မြန်မာသတင်းသမား ၂၆ ဦးသည် ပထမဆုံးအကြိမ်အဖြစ် ရက်သတ္တ ၂ ပတ်ကြာ သတင်းစာပညာ လေ့လာသင်ယူရန် ယခုလအတွင်း နယူးဒေလီသို့ လာရောက်မည် ဖြစ်သည်။
ယခုလ ၁၇ ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့ထိ သတင်းစာပညာ လေ့လာရေး သင်တန်းအတွက် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အပတ်စဉ်ထုတ် ဂျာနယ်များမှ လူငယ်သတင်းထောက် ၂၆ ဦးကို အိန္ဒိယသံရုံးက ရွေးချယ်ထားကြောင်း သင်တန်းတက်မည့် သူများထံမှ စုံစမ်းသိရှိရခြင်း ဖြစ်သည်။
“ဒီလ ၁၇ ရက်ကနေ နောက်လ ၂ ရက်နေ့ထိ အိန္ဒိယကို သင်တန်းသွားတက်ဖို့ ရှိတယ်။ သင်တန်း အသေးစိတ်ကိုတော့ ကျနော်တို့ မသိသေးပါဘူး” ဟု ရန်ကုန်ရှိ နာမည်ကြီး ဂျာနယ်တိုက်တခုမှ သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။ရန်ကုန်ရှိ အိန္ဒိယသံရုံးကလည်း သတင်းထောက် ၂၆ ဦးကို ယခုလလယ်တွင် နယူးဒေလီသို့ သွားရောက်မည်ဟု မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ သတင်းထောက်တွေအတွက် လုံလောက်တဲ့ သင်တန်းတွေ မရှိလို့ ဒီလို သတင်းစာပညာ လေ့လာသင်ယူရေး ခရီးစဉ်ကို စီစဉ်တာပါ” ဟု အိန္ဒိယသံရုံးမှ ဒုတိယအတွင်းဝန် ဒေါက်တာ Madan Mohan Sethi က ပြောသည်။ ယခု ခရီးစဉ် အသေးစိတ်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးဘဲ ယာယီသတ်မှတ်ထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ယခုအစီအစဉ်သည် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုနှင့် အဖွဲ့သည် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က အိန္ဒိယသို့ အာဆီယံသတင်းစာဆရာများ လေ့လာလည်ပတ်ရေး အစီအစဉ်ဖြင့် လာရောက်စဉ် ပြည်တွင်း သတင်းထောက်များ နိုင်ငံတကာ မီဒီယာ အတွေ့အကြုံ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယ နိုင်ငံခြားရေး အရာရှိကြီး တဦးထံ တင်ပြတောင်းဆိုခဲ့ရာမှ ပေါ်ထွက်လာကြောင်း ရန်ကုန် မီဒီယာဂရုပ်မှ အမှုဆောင် အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။
“ဆရာတို့ အိန္ဒိယ သွားတုန်းက ညှိနှိုင်းခဲ့တာပါ။ ဒီဘက်မှာတော့ စာပေစာနယ်ဇင်းက မကိုင်ပါဘူး။ သံရုံးနဲ့ အစိုးရဌာနက ကိုင်ပါတယ်။ အခုတော့ လူတွေ ရွေးပြီးသွားပြီ။ ဒီလလယ်လောက် သွားမယ်” ဟု ဦးကိုကိုက မဇ္ဈိမကို ပြောသည်။
သွားရောက်မည့် သတင်းသမားများထဲတွင် စာပေစာနယ်ဇင်းမှ ပို့ချသော သတင်းထောက်သင်တန်း တက်ရောက်ဖူးသူ ၄ ဦး ပါဝင်ကာ ဂျာနယ်တိုက်တခုစီမှ တဦးမှ ၂ ဦးအထိ ရွေးချယ်ထားကြောင်း သိရသည်။
“ဆရာတို့ စာပေစာနယ်ဇင်းက သတင်းထောက် သင်တန်း အပတ်စဉ် ၄ အထိ ပြီးသွားပြီ။ အပတ်စဉ် တခုစီက ထူးချွန်တဲ့သူ တယောက်စီကို ရွေးထားတယ်။ ကျန်တာကတော့ ဂျာနယ်တိုက်တွေကပါ” ဟု ဦးကိုကို ရှင်းပြသည်။
သင်တန်းနှင့်အတူ လေ့လာရေး အစီအစဉ်များ ပါဝင်ကာ ပထမဆုံးအကြိမ် ခေါ်ယူခြင်းဖြစ်ပြီး နောက်နှစ်များတွင်လည်း ဆက်တိုက်ခေါ်ယူသွားမည်ဟု သိရသည်။







