နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ-မြန်မာနယ်စပ်နေ ပြည်သူများအနေဖြင့် နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ယခင်က ၄ဝ ကီလိုမီတာအထိ သတ်မှတ်ခဲ့သော်လည်း ယခုအခါ အိန္ဒိယအစိုးရက ၁၆ ကီလိုမီတာအထိ လျှော့ချသတ်မှတ်လိုက်သည်။
ပြီးခဲ့သည့်လ နှောင်းပိုင်းတွင် အိန္ဒိယဗဟိုအစိုးရက ယခုလို ညွှန်ကြားခဲ့ကြောင်း Mizoram ပြည်နယ် အစိုးရက ပြောဆိုခြင်း ဖြစ်သည်။
’’အရင်က ကီလိုမီတာ ၄ဝ အထိ သွားရတာပါ။ ဒါပေမဲ့ အခုတော့ ကီလိုမီတာ ၁၆ အထိပဲ သွားခွင့်ပြုတော့တယ်” ဟု ပြည်ထဲရေးဝန်ကြီး မစ္စတာ R. Lalzirliana က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် Mizoram အစိုးရက နယ်စပ်ဖြတ်ကျော်ခွင့် ပြဋ္ဌာန်းချက်သစ်ကို ထုတ်ပြန်ခဲ့ကြောင်း မြို့တော်အိုက်ဇောထုတ် The Zozam Times ဝဘ်ဆိုဒ်က ၃ဝ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ထိုနေ့၌ပင် ပြည်နယ်အခြေစိုက် Vanglaini သတင်းဌာန ဝဘ်ဆိုဒ်တွင်လည်း နှစ်နိုင်ငံ ပြည်သူများ နယ်စပ်ဖြတ်ကျော်ခွင့်ကို ၄ဝ မှ ၁၆ ကီလိုမီတာအထိ ပြည်ထဲရေးဝန်ကြီးဌာနက လျှော့ချခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။
Mizoram သည် ချင်းပြည်နယ်နှင့် ကပ်လျက်တည်ရှိသော ပြည်နယ်တခုဖြစ်သည်။ အလားတူပင် Manipur ပြည်နယ်တွင်လည်း ၁၆ ကီလိုမီတာအထိ လျှော့ချလိုက်ပြီဖြစ်ကြောင်း မြို့တော်အင်ဖားရှိ ထောက်လှမ်းရေး ရဲအရာရှိချုပ်ရုံး (IGP Intelligence) မှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
“လွန်ခဲ့တဲ့ ၄ ရက်လောက်က သိရတယ်။ နယ်စပ်ကို ၁၆ ကီလိုမီတာအထိပဲ သွားခွင့်ရှိတော့တယ်။ မဏိပူအစိုးရကတဆင့် သိတာပါ။ ဘာကြောင့် လျှော့ချလဲတော့ မသိကြပါဘူး။ ဒါက နှစ်နိုင်ငံ နယ်စပ်နေသူတွေအတွက်ပဲ ဖြစ်တယ်။ ပတ်စ်ပို့ ရှိရင် ဗီဇာလုပ်ပြီးတော့ သွားလို့ရတယ်” ဟု သူက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံ ဆွေးနွေးပွဲတရပ်တွင် မြန်မာအာဏာပိုင်များဘက်က ၁၆ ကီလိုမီတာ အထိသာ သွားလာခွင့် တောင်းဆိုချက်အရ လျှော့ချရကြောင်းနှင့် မြန်မာဘက်က မည်သည့် ရည်ရွယ်ချက်ဖြင့် တောင်းဆိုခဲ့သည်ကို မသိရှိကြောင်း Mizoram ဝန်ကြီးက ပြောသည်။
Mizoram တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅ သောင်းခန့်သည် အိမ်အကူလုပ်ငန်း၊ ယက္ကန်း၊ ပန်းတိမ်၊ ဈေးသည်၊ ကားဝပ်ရှော့ပ်၊ စားသောက်ဆိုင်နှင့် လမ်းပြင်လမ်းဖောက် လုပ်ငန်းများ အပါအဝင် လုပ်ငန်းပေါင်းစုံတွင် လုပ်ကိုင်နေကြပြီး တရားဝင် နေထိုင်ခွင့် မရှိသဖြင့် မကြာခဏဆိုသလို ရဲအဖမ်းအဆီးများ ကြုံတွေ့ကြရသည်။
သို့သော် စစ်အစိုးရ တောင်းဆိုသည့်အတိုင်း နယ်စပ်ဖြတ်ကျော်ရာ၌ ၁၆ ကီလိုမီတာအထိသာ ခွင့်ပြုလိုက်သော်လည်း မြန်မာများအနေဖြင့် ပြည်နယ်အတွင်းသို့ ဖြတ်သန်းသွားလာနေဆဲဖြစ်ကြောင်း ပြည်နယ်တွင်း နေထိုင်သူ မြန်မာအချို့က ပြောဆိုသည်။
အိန္ဒိယနိုင်ငံ Arunachal Pradesh ၊ Nagaland ၊ Manipur နှင့် Mizoram ပြည်နယ်များသည် မြန်မာနိုင်ငံနှင့် နယ်စပ်အရှည် ၁၆၄၃ ကီလိုမီတာ ထိစပ်နေကြသည်။ မြန်မာဘက်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့ ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက စတင်ခဲ့သည့် နှစ်နိုင်ငံ သဘောတူညီချက်အရ နယ်စပ်ကီလိုမီတာ ၄ဝ အထိ ဝင်ထွက်သွားလာခြင်းကို အိန္ဒိယ-မြန်မာ အစိုးရများက ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။







