သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မီဇိုရဲက မြန်မာများကို ဖမ်းဆီးပြန်ပို့

မီဇိုရဲက မြန်မာများကို ဖမ်းဆီးပြန်ပို့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို မကြာခဏ ဖမ်းဆီးကာ ပြန်ပို့လေ့ရှိသည့် အိန္ဒိယ အရှေ့မြောက်ဘက်ရှိ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇော၌ ယနေ့လည်း မြန်မာ ၆ဝ ကျော်ကို ရဲက ပြန်ပို့လိုက်သည်။

ယခုလ ၂၈ ရက်နေ့တွင် အိုက်ဇောမြို့ Ramhlun (South)၊ Ramthar ရပ်ကွက် အပါအဝင် ရပ်ကွက်အများအပြားရှိ တရားမဝင် မြန်မာယက္ကန်းသမားများကို ရဲက နိုင်ငံခြားသားအမှုဖြင့် ဖမ်းဆီးကာ အိုက်ဇောမြို့ တရားရုံးက ယမန်နေ့တွင် နေရပ်ပြန်ပို့ရန် အမိန့်ချသဖြင့် ယနေ့နံနက်တွင် နှစ်နိုင်ငံနယ်စပ်ရှိ တီအိုချောင်းသို့ ပြန်ပို့ခြင်း ဖြစ်သည်။
mezorem
“တချို့ရပ်ကွက်တွေမှာ အမျိုးသမီးတွေလည်း အဖမ်းခံရတယ်လို့ သိရတယ်။ ကျနော်တို့ရပ်ကွက်တော့ အမျိုးသမီးနဲ့ ကလေးငယ်ရှိတဲ့ သူတွေ မဖမ်းဘူး။ ရိုးရိုးယက်ကန်းသမား ယောက်ျားလေးတွေ ဖမ်းတယ်။ တချို့က ရောက်ခါစတွေ၊ တချို့က ရဲဖမ်းတာကို အတွေ့အကြုံ ရှိပြီးသားတွေလည်း ပါတယ်။ ဖမ်းတာက နိုင်ငံခြားမှုနဲ့ ဖမ်းတာပါ။ အထက်က အမိန့်ကျလို့ ဖမ်းရတာ၊ သူတို့ ဖမ်းချင်လို့ ဖမ်းတာ မဟုတ်ဘူးလို့ ပြောတယ်” ဟု အိုက်ဇောမြို့တွင် ယက္ကန်းခတ်နေသည့် ဦးခင်မောင်ဦးက ပြောသည်။

ယခုလ ၂၈ ရက်နေ့ အဖမ်းအဆီးတွင် အိုက်ဇော၌ လူထုအခြေပြု လူ့အဖွဲ့အစည်း Civil Society သင်တန်းပေးနေသည့် ချင်းအမျိုးသားကောင်စီ CNC မှ ခေါင်းဆောင် ၂ ဦး အပါအဝင် ချင်းပြည်နယ် မြို့နယ်အချို့မှ သင်တန်းလာတက်သူ မြန်မာနိုင်ငံသား ၂၈ ဦးနှင့် မြန်မာနယ်စပ်တလျှောက် လူသားချင်း စာနာသည့် အထောက်အကူပြု လုပ်ငန်းများ လုပ်ကိုင်နေသည့် Free Burma Rangers အဖွဲ့ဝင်များလည်း ပါဝင်သည်။

သို့သော် မဇ္ဈိမအနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် Free Burma Rangers ထံမှ အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

“၂၈ ယောက်ကို နိုင်ငံခြားသားအမှုနဲ့ ဖမ်းတယ်။ အဲဒီအထဲမှာ အမျိုးသမီး ၂ ယောက်လည်း ပါတယ်” ဟု အိုက်ဇောရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးသဲအာက ပြောသည်။

ယမန်နေ့ တရားရုံးထုတ်ရာသို့ သွားရောက်လေ့လာခဲ့သူ မြန်မာနိုင်ငံသား တဦးကလည်း “နေထိုင်ခွင့် စာရွတ်စာတမ်း တခုမှ မရှိသူတွေကို နိုင်ငံခြားသားအမှုနဲ့ ဖမ်းတာ။ ယက္ကန်းသမား ၊ Free Burma Rangers အဖွဲ့နဲ့ CNC အဖွဲ့က သင်တန်းတက်သူတွေလည်း ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အိုက်ဇော ရဲစခန်းကို အဖမ်းအဆီးကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းကြည့်ရာ ရဲအရာရှိတဦးက ရပ်ကွက် ရဲစခန်းများကို မေးမြန်းရန်သာ ပြောဆိုခဲ့သည်။ ထို့ကြောင့် Bawngkawn ရဲစန်းကို မေးကြည့်ရာ အမျိုးသမီး ရဲဝန်ထမ်းတဦးက နိုင်ငံခြားသားအမှုဖြင့် ဖမ်းဆီးခဲ့ကြောင်းသာ အတည်ပြု ပြောဆိုသော်လည်း အသေးစိတ်ကို ဖြေကြားရန် ငြင်းဆန်သည်။
yetkin
ယခင်က နိုင်ငံခြားသားအမှုဖြင့် ဖမ်းဆီးမှုများတွင် ထောင်ဒဏ် ၆ လအထိ ပေးခြင်း၊ သက်ဆိုင်သူ အလုပ်ရှင်နှင့်  ဆွေမျိုးသားချင်းများက ငွေကြေးဖြင့် အာမခံကာ ရွေးထုတ်နိုင်ခဲ့သော်လည်း ယခုတကြိမ်တွင် ပိုမိုတင်းကြပ်သောကြောင့် အာမခံ မရရှိကြောင်း သိရသည်။

မီဇိုပြည်နယ်သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများသည် အစိုးရကိုယ်တိုင်က အသိအမှတ်ပြုသည့် တရားဝင် နေထိုင်ခွင့် အလုပ်သမားကဒ်မျိုး မရှိပါ။

ထို့အပြင် ရဲကားများမှာ မြို့ပေါ်တွင် လှည့်ပတ်သွားလာနေသဖြင့် ဆက်လက်ဖမ်းဆီးဖွယ်ရှိကြောင်း မြန်မာများက ထင်ကြေးပေးကြသည်။

အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ထမင်းထုပ်များယူကာ တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာလုပ်သားများ ရှိနေသည်။

“မူးယစ်ဆေးဝါးမှု၊ ရာဇဝတ်မှုတွေက မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တာများနေတာ့ အခုလို တင်းကြပ်တာဖြစ်မယ်။ အရင်တုန်းကလည်း အမှုအခင်းတွေများရင် ဖမ်းဆီးတာတွေ ရှိတယ်” ဟု မြန်မာနိုင်ငံသား တဦးက မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း အိုက်ဇောတွင် မြန်မာနိုင်ငံသားများနှင့် ဆက်စပ်ပတ်သက်သော မူးယစ်ဆေးဝါးမှုပေါင်း ၆ဝ ခန့်ရှိကြောင်း ပြီးခဲ့သည့်လ အိုက်ဇော မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန စာရင်းများက ဆိုသည်။

မီဇိုတပြည်နယ်လုံးတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၅ သောင်းထက်မနည်း ရှိနေကာ ၎င်းတို့သည် ပန်းတိမ်၊ ကားဝပ်ရှော့ပ်၊ စားသောက်ဆိုင်၊ ယက္ကန်းလုပ်ငန်း လမ်းပြင်လမ်းဖောက်နှင့်  ဈေးသည်လုပ်ငန်း အပါအဝင် လုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။