နယူးဒေလီ (မဇ္ဈိမ) ။ ။ ရေသန့်မရသည့်အပြင် ရာသီဥတု စွတ်စိုထိုင်းမှိုင်းသဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာတိုင်းရင်းသား ဒုက္ခသည်များ လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်မှ စတင်ကာ အရေပြားရောဂါများ ဖြစ်ပွားနေသည်။
ရာသီဥတု ပူပြင်းခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်းနှင့် လေထုအတွင်း ရောဂါပိုးမွှားများ ပါရှိသဖြင့် အရေပြားယားယံကာ အနာများ ခံစားနေရကြောင်း ဒုက္ခသည်များကို အခမဲ့ ဆေးကုပေးသည့် မြန်မာဆေးခန်းများ အဆိုအရ သိရခြင်း ဖြစ်သည်။ လသားအရွယ် ကလေးမှ အဘိုးအဘွား အရွယ်အထိ ယောက်ျား၊ မိန်းမ မရွေး ဖြစ်ပွားနေပြီး ယားနာဖုများမှာ ခေါင်း၊ လက်နှင့် ခြေထောက်များတွင် ဖြစ်ပေါ်သည်။
“အရေပြားမှာ အဖုတွေပေါက်၊ အဲဒီကနေ အနာဖြစ်၊ အနာရင်းပြီး ပြည်တည်တဲ့ ရောဂါမျိုးက တော်တော်များများမှာကို ဖြစ်နေတယ်။ အဓိကက ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာပါ။ ရာသီဥတုက စွတ်စိုထိုင်းမှိုင်းမှု များတယ်။ နောက်တခုက လေထဲမှာ လူတွေနဲ့မသင့်တဲ့ ပိုးမွှားတွေပါတယ်” ဟု ယမုန်နာ အခမဲ့ဆေးခန်းမှ ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောသည်။ယမုန်နာဆေးခန်း၏ ယခုလ ၂၁ ရက်နေ့ လူနာမှတ်တမ်းအရ လူနာ ၈၇ ဦးတွင် အရေပြားနှင့် ပက်သက်သည့် ဝေဒနာရှင် ၂ဝ ဦးခန့် ပါဝင်နေသည်။
ပြီးခဲ့သည့် ၂ ပတ်အတွင်း အရေပြားနှင့် ပတ်သက်သည့် လူနာ အနည်းဆုံး ၃ဝ ခန့် ခွဲစိတ် ကုသပေးခဲ့ကြောင်း ဒေါက်တာတင့်ဆွေက ပြောသည်။
“အရေပြားယားယံပြီးတော့ တချို့ဆို အဖုလေးတွေ၊ တချို့က အဖုကြီးတွေ ပေါက်တဲ့ ဝေဒနာရှင်တွေ လာကြတယ်။ မိုးရွာပြီးနောက်ပိုင်း ဒီလအတွင်းမှာ ပိုများလာတယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ (WRWAB) အခမဲ့ ဆေးခန်းမှ သူနာပြု မကျော့ကျော့က ပြောသည်။
မြန်မာဒုက္ခသည်များသည် နယူးဒေလီမြို့ အနောက်ဘက်ရှိ ဆင်ခြေဖုံး ရပ်ကွက်များ ဖြစ်သည့် Vikas Puri ၊ Uttam Nagar ၊ Asalatpur နှင့် Janak Puri တို့တွင် နေထိုင်ကြသည်။
ပတ်ဝန်းကျင် ညစ်ညမ်းမှုသည် မြန်မာဒုက္ခသည်များအတွက် ရှောင်လွှဲ၍ မရနိုင်သော ဒုက္ခများစွာထဲမှ တခုဖြစ်နေသည်။ ဒုက္ခသည်များသည် အစိုးရက ပေးဝေသည့် ရေများကို သုံးရေနှင့် ချိုးရေအတွက်သာ သုံးစွဲနိုင်ပြီး ထမင်းဟင်း ချက်ပြုတ်ရန်အတွက် ရေသန့်ဘူးများ ဝယ်ယူခြင်း၊ ရေချိုရှိသည့် ဘုံဘိုင်များတွင် သွားရောက်ကာ တန်းစီသယ်ယူခြင်းဖြင့် သုံးစွဲကြရသည်။
“ပိုက်ကလာတဲ့ ရေတွေက ထမင်းချက်လို့ မရဘူးလေ။ ...တခါတလေ သံချေးတက်တဲ့ ရေတွေလာတယ်။ သုံးလို့ ချိုးလို့တောင် မရဘူး” ဟု Vikas Puri ရပ်ကွက်နေ မြန်မာဒုက္ခသည် မအားခူက ပြောသည်။ယခုလို အရေပြားနှင့် ပတ်သက်သည့် ရောဂါအပြင် ပြီးခဲ့သည့်တပတ်မှ စတင်ကာ မျက်စိနာရောဂါ ဖြစ်ပွားလာခဲ့ပြီး ယခုအခါ မျက်စိနာသူ တိုးပွားလာနေပြန်သည်။
နယူးဒေလီအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တွင် ဒုက္ခသည်အဖြစ် လျှောက်ထားသည့် မြန်မာနိုင်ငံသား ချင်း၊ ရခိုင်၊ ကချင်၊ ဗမာ၊ မွန်နှင့် ရှမ်း တိုင်းရင်းသား ဦးရေ ၈၄ဝဝ ခန့်ရှိပြီး၊ ၎င်းတို့အနက် ၃၇ဝဝ မှာ အသိအမှတ်ပြုကဒ်ပြား ရရှိပြီး ကျန် ၄၅ဝဝ မှာ လျှောက်ထားဆဲ ဖြစ်ကြောင်း ပြီးခဲ့သည့်လထဲတွင် ထုတ်ပြန်ခဲ့သည့် UNHCR စာရင်းများအရ သိရသည်။







