စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ကမ္ဘာ့အစားအစာပွဲတော်မှာ မြန်မာစာ ရောင်းမလောက်

ကမ္ဘာ့အစားအစာပွဲတော်မှာ မြန်မာစာ ရောင်းမလောက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ World Food Festival Association က ကြီးမှူးကျင်းပသော ကမ္ဘာ့ အစားအစာ ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအစာကို ပထမဆုံးအကြိမ် ပြသခဲ့ပြီး နိုင်ငံခြားသားများ စိတ်ဝင်တစား အားပေးကြကြောင်း သွားရောက်ပြသခဲ့သူများထံမှ သိရသည်။

ယခုနှစ် ပွဲတော်ကို ဗီယက်နမ်နိုင်ငံ Vung tau မြို့မှာ ကျင်းပပြီး အာရှနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၈ဝ တို့က ဝင်ရောက်ပြသကြကာ မြန်မာ့ အစားအစာကို နိုင်ငံခြားသားများ အထူးအဆန်း ကြိုက်နှစ်သက်ကြသဖြင့် ရောင်းကောင်း ခဲ့သည်ဟု ဆိုသည်။
foodfe
“နန်းကြီးသုတ်၊ ဆီထမင်းနဲ့ ငနီတူခြောက်ကြော်ကို ဗီယက်နမ်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တယ်။  ပထမရက်က လူ ၅ဝဝ စာပဲ လုပ်ထားတာ။ တနာရီအတွင်း ကုန်သွားတယ်။ နောက်တနေ့ ၁,ဝဝဝ စာလုပ်တယ်။ မလောက်တော့ ကျန်ရက်တွေမှာ လူ ၂,ဝဝဝ စာလုပ်တယ်။ အဲဒါလဲ မလောက်ဘူး” ဟု Monsoon စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဖြူဖြူတင်က မဇ္ဈိမကိုပြော သည်။

အဆိုပါပွဲတော်ကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ရန်ကုန်မှ Monsoon စားသောက်ဆိုင်နှင့် Royal Thazin စားသောက်ဆိုင်တို့က နန်းကြီးသုတ်၊ ဆီထမင်း၊ မုန့်ဟင်းခါး၊ ခရမ်းချဉ်သီးချက်၊ ငနီတူကြော်၊ ထမင်းဆီဆမ်းနှင့် အမဲသားကြော်တို့ သွားရောက် ပြသခဲ့သည်။

ပွဲတော် ပြပွဲအချိန်ကို ညနေ ၅ နာရီမှ  ၁ဝ နာရီအထိ သက်မှတ်ပေးသော်လည်း ၇ နာရီမထိုးခင်ပင် အစားအသောက်များ ကုန်သွားခဲ့ပြီး ရောင်းကောင်းမည်ထင်သော မြန်မာ မုန့်ဟင်းခါးမှာ လူကြိုက် နည်းခဲ့သည်။

“ကျမတို့ဆိုင်ကို နိုင်ငံခြားသားတွေက စိတ်ဝင်စားကြတာပေါ့။ အထူးအဆန်းလည်း ဖြစ်တယ်။ မြန်မာကိုလည်း သိပ်မသိကြဘူးလေ။ ဘာတိုင်းပြည်ကလဲ၊ ဘာရောင်းတာလဲဆိုပြီးတော့ ပိုစိတ်ဝင်စားတာပေါ့။ ကျမတို့ ဘေးမှာရှိတဲ့ အန္ဒိယတို့၊ ယိုးဒယားတို့နဲ့စာရင် လူတွေက ပိုစိတ်ဝင်စားကြတာပေါ့။ သူတို့အစားအစာတွေက နေရာတိုင်းမှာ ဝယ်စားလို့ရတယ်လေ” ဟု ဒေါ်ဖြူဖြူတင်ပြောသည်။

ယခုကဲ့သို့ ပွဲတော် ခရီးစဉ်ကို သွားနိုင်ရန် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေးမှ ဒုဝန်ကြီး ဗိုလ်ချုပ်အေးမြင့်ကြူက လမ်းညွှန်ခဲ့သော်လည်း နောက်ခံပံ့ပိုးပေးမှု မရှိဟု သိရပြီး စားသောက်ဆိုင်များ အနေဖြင့် ကိုယ်တိုင် စရိတ်ထုတ်သုံး၍ လူ ၄ ဦးစီသာ သွားရောက် ပြသခဲ့ရသည်။

ထိုပွဲတော်တွင် လာရောက်ပြသကြသည့် နိုင်ငံအသီးသီးက မိမိတို့နိုင်ငံများသို့ နိုင်ငံခြားသား ခရီးသည်များ ဆွဲဆောင်နိုင်ရန် ရိုးရာ အတီးအမှုတ် အကအခုန်များ၊ အဝတ်အစားများနှင့် ဌာနေနိုင်ငံများက ငွေကုန်ကြေးကျခံ အားပေးခဲ့ကြသဖြင့် စည်ကားသည်ဟု ဆိုသည်။

တခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ရိုးရာ ယဉ်ကျေးမှု အတီးအမှုတ် အဆင် အယင်များ ပြုလုပ်နိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။

“လာပြိုင်တဲ့ တိုင်းပြည်တွေက သူတို့အစိုးရတွေက ကူညီတော့ အစားအသောက်တွေကအစ အလှတွေပြင်တယ်။ အဖွဲ့တွေလည်း ကြီးကြတယ်။ ကျမတို့ကြတော့ Private အနေနဲ့သွားတာဆိုတော့ ကိုယ့်ရှိတာလေး ကိုယ့်ဘာသာ စီစဉ်ပြီးသွားရတာပေါ့” ဟု ဒေါ်ဖြူဖြူတင် က ပြောသည်။