ချင်းမိုင် (မဇ္ဈိမ) ။ ။ လူကုန်ကူးခံရသူများ အမှုရင်ဆိုင်နေရချိန်အတွင်း နိုင်ငံအတွင်း ယာယီ နေထိုင်ခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့် ထိုင်းနိုင်ငံက ခွင့်ပြုတော့မှာဖြစ်သည်။
ဝန်ကြီးချုပ် အဘီဆစ် ဝေ့ခ်ျချချီဝ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့ တက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ယခုလ ၄ ရက်နေ့ အစည်းအဝေးမှ အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လူကုန်ကူးခံရသူ နိုင်ငံခြားသားများအနေဖြင့် အမှုရင်ဆိုင်နေရချိန်အတွင်း “ဆေးကုသနိုင်ရန်၊ ပြန်လည်ထူထောင်ရေးလုပ်နိုင်ရန်၊ အခွင့်အရေးများ တောင်းဆိုနိုင်ရန်” အတွက် သူတို့အား ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်အတွက် ဆောင်ရွက်သွားရန် ပြည်ထဲရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ အလုပ်သမားရေး စသည့် ဝန်ကြီးဌာနများအား ပူးတွဲ တာဝန် ပေးလိုက်သည်။
ယင်းဆုံးဖြတ်ချက်ကို အာဆီယံအဖွဲ့ကြီး၏ ၁၉၉၆ ခုနှစ်တွင် အာဆီယံလူမှုဖူလုံရေးနှင့် လုံခြုံရေးအစည်း အဝေး၌ ချမှတ်ခဲ့ပြီး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့ နောက် ထိုင်းနိုင်ငံသည် စတုတ္ထမြောက် လိုက်နာလာခြင်းဖြစ်သည်။
လူကုန်ကူးခံရသူများအား စူရပ်ဌာနီ၊ နွန်ထဘူရီ၊ ချင်းရိုင်၊ မဲဟောင်ဆောင်မြို့ များအပါအဝင် အနည်း ဆုံး ၅ မြို့နယ်များ၌ ထိုင်းအန်ဂျီများက ဖွင့်လှစ်ထား သော ယာယီပြုပြင်ထိန်းသိမ်းရေးစခန်း shelters များတွင် နေရာချထားပေး ထားကြောင်း အလုပ်သမားအဖွဲ့များက ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) HREIB ၏ Burma Anti Child Trafficking လုပ်ငန်းခွဲမှ စစ်တမ်းများအရ မဲဆောက်-မြဝတီ နယ်စပ်ဒေသသို့ တရားမဝင် ရောက်လာပြီး ရောင်းစားခံရသူ လစဉ် ပျှမ်းမျှ လူ ၁ဝဝဝ ကျော်ရှိပြီး အမျိုးသမီးနှင့် ကလေးအများစု ဖြစ် ကြောင်း သိရသည်။
ရောင်းစားခံရသူများမှာ အိမ်ဖော် လုပ်ငန်း၊ ပင်လယ်ရေထွက်ကုန်၊ စိုက်ပျိုးရေး တို့သာမက ပြည်တန်ဆာ၊ တောင်းရမ်းစားသောက်ခြင်းတို့ပင် လုပ်ကိုင်ကြရ လေ့ရှိသည်ဟု ဆိုသည်။
နာဂစ်မုန်တိုင်းတိုက်ပြီး မြစ်ဝကျွန်းပေါ်ဒေသမှ အမျိုးသမီးနှင့် ကလေးငယ်များ လူကုန်ကူးခံရမှုတွင် ပိုမိုပါဝင်လာသည်ဟု စုံစမ်းသိရှိရသည်။
“အလုပ်အကိုင်က အဆင်မပြေတော့ ဒီဘက် ထွက်လာကြတယ်။ နယ်စပ် လူဝင်မှုကြီးကြပ်ရေးက တင်းကျပ်တော့ လူပွဲစားတွေ အကူအညီနဲ့သွားရတော့ ရောင်းစားခံထိတာ များတာပေါ့” ဟု Burma Anti Child Trafficking တာဝန်ခံ မနန်းမှု က ပြောသည်။
(ကိုဝိုင်းတည်းဖြတ်သည်)







