ဒါကာ (မဇ္ဈိမ) ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထောင်ဒဏ်ကျခံပြီး လွတ်ရက်စေ့သူ မြန်မာ ၄၈ ဦးကို ဘင်္ဂလားဒေ့ခ်ျ အာဏာပိုင်များက မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတခုကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (နစက) အရာရှိများနှင့် ဘင်္ဂလားဒေ့ခ်ျ တက္ကနာအခြေစိုက် အမှတ် ၄၂ ရိုင်ဖယ်တပ်မှ အာဏာပိုင်များ တက်ရောက်သည့် ဆွေးနွေးပွဲ၌ ကော့စ်ဘာဇာ အကျဉ်းထောင်ရှိ လွတ်ရက်စေ့နေသူများကို လွှဲပေးခဲ့ခြင်းဖြစ်သည်။
“ပထမတော့ နယ်စပ်ကိစ္စတွေ ဆွေးနွေးကြတယ်။ နောက်တော့ အကျဉ်းသားတွေ လွှဲပေးတယ်။ ပြီးတော့ နှစ်နိုင်ငံ နယ်စပ်တပ်ဖွဲ့တွေ ဘောလီဘော ကစားကြတယ်။ မနက် ၁ဝ နာရီလောက်က ရောက်လာတယ်။ ညနေ ၃ နာရီလောက်မှာ ပြန်သွားကြတယ်” ဟု တက္ကနာအခြေစိုက် အမှတ် ၄၂ ရိုင်ဖယ်တပ်ရင်းမှ တပ်သား ရီပွန် အဟာမက် (Repon Aharmet) က မဇ္ဈိမကို ပြောသည်။
ကော့စ်ဘာဇာထောင်တွင် မြန်မာအကျဉ်းသား ၆၃၆ ဦး ရှိသည့်အနက် ၅၄၇ ဦးသည် အမှုရင်ဆိုင်နေပြီး ၈၉ ဦးမှာ လွတ်ရက်စေ့ အကျဉ်းသားများဖြစ်ကြောင်းနှင့် ၎င်းတို့ထဲမှ ၄၈ ဦးကို ပြန်လည်အပ်နှံခဲ့ကြောင်း ထောင်မှူး အန္နဝါ ဟိုဆင် (Jailer Anwar Hossain) ပြောဆိုချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ခ်ျ ဒါကာမြို့ထုတ် The Daily Star သတင်းစာတွင် ဖော်ပြခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့ ကျီးကန်းပြင်အခြေစိုက် နစက ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးနှင့် တက္ကနာရှိ အမှတ် ၄၂ ရိုင်ဖယ်တပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မိုဇာမန် ဟိုဆင်း (Lt Col Mozammel Hossain) တို့ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ တဖက်စီမှ ကိုယ်စားလှယ် ဦးရေ ၂ဝ ခန့် တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ခ်ျ အာဏာပိုင်များသည် မြန်မာဘက်က ကာရံနေသော ခြံစည်းရိုးအတွင်း ဘင်္ဂလားပိုင်နယ်မြေအချို့ ပါဝင်နေကြောင်း ပြောဆိုခဲ့ကြသည်။
“နတ်ကျောက်စရီနယ်စပ်က ဘင်္ဂလားဒေ့ခ်ျ နိုင်ငံပိုင် နက်မြေ ပေ ၁၆ဝဝ လောက် မြန်မာဘက်ကို ပါနေတဲ့ ကိစ္စ ဆွေးနွေးတော့ မြန်မာဘက်က တစုံတရာ အဖြေမပေးနိုင်ကြောင်း ပြောတယ်” ဟု တပ်သား ရီပွန်က ပြောသည်။
နှစ်နိုင်ငံနယ်စပ်တွင် ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည်ကို ပူးပေါင်းဖြေရှင်းရန် နှစ်ဖက် အာဏာပိုင်များ သဘောတူခဲ့ကြသည်။
မြန်မာနယ်စပ်မြို့ မောင်တောတွင် ဓားပြတိုက်ကာ ဘင်္ဂလားဒေ့ခ်ျ နယ်မြေထဲသို့ ထွက်ပြေးကြသဖြင့် မောင်တော ရဲတပ်ဖွဲ့မှာ ဓားပြများ ဖမ်းဆီးရန် အခက်အခဲဖြစ်နေကြောင်း မောင်တောမှ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။







