သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မီဒီယာသမားများ အရေးတော်ပုံတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

မီဒီယာသမားများ အရေးတော်ပုံတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာသမားများအနေဖြင့် ဒီမိုကရေစီ အရေးတော်ပုံအတွက် ပူးပေါင်းလုပ် ဆောင်သွားကြရန် ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် ရုပ်ရှင် ဒါရိုက်တာကြီး ဦးဝင်းဖေတို့က ယနေ့ တိုက်တွန်းလိုက်သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတနေရာတွင် ယနေ့ စတင်ကျင်းပသည့် မြန်မာသတင်းသမဂ္ဂ ညီလာခံအတွက် ဗီဒီယိုမှတဆင့် အမှာစကားပြောကြားခဲ့သည်။

“မီဒီယာတွေ လုပ်ကိုင်နေကြတဲ့ ရည်ရွယ်ချက်ကလည်းပဲ ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် တိုင်းပြည်လွတ်လပ်ရေးအတွက် ဖြစ်တယ်။ အဲဒါကြောင့် တဦးနဲ့တဦး အပြန်အလှန် ကူညီရိုင်းပင်းပြီး တော့ တခုတည်းသော ရည်မှန်းချက် ပန်းတိုင်ကို ရောက်တဲ့အထိ ကြိုးပမ်းအားထုတ်ကြပါဆိုတဲ့ စကားလေးပဲ ကျနော် ပါးချင်ပါတယ်” ဟု လူထုစိန်ဝင်းက ပြောသည်။

သတင်းသမားများသည် လူထုနှင့် တိုင်းပြည်အကျိုးအတွက် အမှန်တရားဘက်မှ ရပ်တည်ကာ လုပ် ဆောင်နေကြသူများဖြစ်ပြီး အမှန်တရား နောက်ကွယ်မှ လူများ၏ ရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်ခံ ရလေ့ရှိသည့် အန္တရာယ်ဆိုးများမှ ကင်းလွတ်ပါစေရန် လူထုစိန်ဝင်းက ဆုမွန်ကောင်း တောင်းပေးလိုက်သည်။ 

နိုင်ငံကျော်စာရေးဆရာနှင့် ဒါရိုတ်တာကြီး ဦးဝင်းဖေကလည်း မြန်မာနိုင်ငံတွင်ရှိသည့် အဓိက မဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် စီမံခန့်ခွဲအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးသာမက စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကဏ္ဍကိုလည်း စစ်အစိုးရက အာဏာဖြင့် သိမ်းယူခဲ့ကြောင်းပြောသည်။

“အရေးအကြီးဆုံးကတော့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာပဲ။ ရှုပ်တာ၊ ဝင်စွက်ဖက်တာတွေ၊ ဘာတွေ မဟုတ်တော့ဘူး။ ရှိကိုမရှိတော့တာ။ မြန်မာပြည်မှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ သတင်းမီဒီယာက ရှိကိုမရှိတော့ဘူး” ဟု သူက ပြောကြားသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးအတွက် ပြည်ပရောက် သတင်းမီဒီယာသမား များအနေဖြင့် တတ်နိုင်သမျှ လှမ်းထောက်ပြနေကြရခြင်းသည် နိုင်ငံတည်ငြိမ်မှုမရှိခြင်းဆိုသည်ကို ပြသနေသည်ဟု သူကဆိုသည်။

“ခင်ဗျားတို့ ဒီကနေ့ လုံးပန်းနေတဲ့ စတုတ္ထမဏ္ဍိုင် တာဝန်ကြီးဟာ ဒီအချိန် ဒီအခါ သမယမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာတိုးတက်ကြောင်း လုံခြုံရာ လုံခြုံကြောင်း  လွတ်လပ်ရာ လွတ်လပ်ကြောင်းအတွက် တက်နိုင်သမျှ ကြိုးပမ်းနိုင်ကြပါစေလို့ ကျနော်တိုက်တွန်းရင်း ဆုတောင်းပေးလိုက်ပါတယ်” ဟု ဦးဝင်းဖေက ပြောသည်။

မြန်မာသတင်းသမဂ္ဂ ညီလာခံသို့ ပြည်တွင်းပြည်ပမှ သတင်းဌာနများ၊ နိုင်ငံရေးသမား၊ ဘလော့ကာနှင့် အန်ဂျီအို စုစုပေါင်း ၁ဝဝ ကျော်တက်ရောက်နေပြီး ယနေ့မှစ၍ ၃ ရက်ကြာ ကျင်းပကြမည်ဖြစ်သည်။

ထိုညီလာခံတွင် ဒုတိယအကြိမ်မြောက် ကန်ဂျိနာဂအိဆုကို ထောင်ဒဏ်များကျခံနေသည့် ဒီဗီဘီ သတင်းထောက် ၂ ဦး ဖြစ်သည့် မလှလှဝင်းနှင့် ကိုဝင်းမော်တို့အား ချီးမြှင့်ပေးအပ်ခဲ့သည်။

၎င်းဆုအား ကာယကံရှင်များကိုယ်စား ဒီဗီဘီ သတင်းဌာနမှ ကိုပြည့်စုံနှင့် မမိုးမြင့်ဇင်တို့က တက်ရောက် လက်ခံခဲ့ကြသည်။

ပထမအကြိမ်ချီးမြင့်သည့် ကင်ဂျိနာဂအိဆုကို မကြာသေးမီကမှထောင်က  လွတ်မြောက်လာခဲ့သည့် အီကိုဗွီးရှင်း သတင်းထောက် မအိမ့်ခိုင်ဦးက ရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မလှလှဝင်းသည် မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး အပြန်လမ်းတွင် သူတည်းခိုသည့် အိမ်ရှင် ကိုမြင့်နိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရကာ ထိုမြို့နယ် တရားရုံးမှပင် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခဲ့သည်။ 

ဗီဒီယိုသတင်းထောက် ကိုဝင်းမော်သည် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလတွင် နော်ဝေး အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံကို ဆက်သွယ် သတင်းပေးပို့မှုကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသည်။

(ကိုဝိုင်းတည်းဖြတ်သည်)


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1536 guests online