ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ITUC က လှိုင်သာယာ ဆန္ဒပြပွဲကို ထောက်ခံ

ITUC က လှိုင်သာယာ ဆန္ဒပြပွဲကို ထောက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ နိုင်ငံတကာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ITUC က မကြာသေးခင်က ရန်ကုန်တိုင်း လှိုင်သာယာတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမားများ၏ ဆန္ဒပြပွဲကို တခဲနက် ထောက်ခံလိုက်သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယခုလ ၁၁-၁၂ ရက်နေ့တွင် ကျင်းပခဲ့သော ITUC ၏ ၅ ကြိမ်မြောက် အစည်းအဝေးက လှိုင်သာယာ စက်မှုဇုန်များအတွင်း ယခုလ ၈-၉ ရက်နေ့များတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမား ရပိုင်ခွင့် တောင်းဆိုဆန္ဒပြပွဲများကို ထောက်ခံခဲ့ခြင်း ဖြစ်သည်။

“အလုပ်သမားတွေက သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုခွင့် ရှိပါတယ်။ သူတို့ရဲ့ စားဝတ်နေရေး ကျပ်တည်းလို့ သူတို့ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုတာကို အပြည့်အဝ ထောက်ခံလိုက်တာပါ။ ILO (ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်) ရဲ့ ပြဋ္ဌာန်းချက်တွေမှာ အလုပ်သမားတွေအနေနဲ့ အသင်းအဖွဲ့ ဖွဲစည်းခွင့်ရှိသလို၊ အခွင့်အရေးတွေကိုလည်း တောင်းဆိုခွင့် ရှိတယ်လို့ ပါပါတယ်” ဟု ITUC အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် FTUB မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က မဇ္ဈိမကို ပြောသည်။

ITUC က အစည်းအဝေးကို ဦးဆောင်ပြီး ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် JTUC-RENGO က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးသည်။ ITUC သည် နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှ အလုပ်သမား ၁၇၅ သန်းကို ကိုယ်စားပြုထားသည့် အလုပ်သမားအဖွဲ့ကြီး ဖြစ်သည်။

အစည်းအဝေးသို့ နိုင်ငံတကာ အလုပ်သမား သမဂ္ဂများမှ ကိုယ်စားလှယ် ဦးရေ ၆ဝ ခန့်အနက် FTUB မှ ဒုဥက္ကဋ္ဌ ဦသန်းလွင်၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်၊ စည်းရုံးရေးမှူး ကိုဇာနည်သွေး၊ ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ မင်းညိုတို့လည်း ပါဝင်သည်။ ထို့ပြင် ILO ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနှင့် အလုပ်သမား အခွင့်အရေးအတွက် ဆွေးနွေးကြရာ လက်တလော ဖြစ်ပေါ်နေသော လှိုင်သာယာ အလုပ်သမားများ အရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးကာ ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယခုလ ၈-၉-၁ဝ ရက်နေ့များတွင် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံအချို့မှ ထောင်ချီရှိသော အလုပ်သမားများက ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြခဲ့သည်။ အလုပ်သမားများက အလုပ်ချိန် လျှော့ချရေး၊ လုပ်ငန်းခွင် သန့်ရှင်းရေး၊ လုပ်ခလစာ တိုးမြှင့်ပေးရေး အပါအဝင် အလုပ်သမားများ အခွင့်အရေးအတွက် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့သည်။

''မြန်မာနိုင်ငံထဲမှာ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေး၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ရရေးကို တိုးချဲ့ဆောင်ရွက်သွားမယ်။ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် အလုပ်သမားအခွင့်အရေးတွေကို ကိုယ်စားပြု တောင်းပေးမယ့် အဖွဲ့အစည်းမရှိရင် အလုပ်သမားတွေကို ကိုယ်စားပြုမှု မရှိနိုင်ပါဘူး။ အလုပ်သမား အခွင့်အရေးတွေ တန်းတူရဖို့ ILO က တဆင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ဒေါက်တာ ဇော်ဝင်းအောင်က ပြောသည်။

ITUC အစည်းအဝေးက စစ်အစိုးရ ရေးဆွဲထားသော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အလုပ်သမား အခွင့်အရေးကို အပြည့်အဝ မကာကွယ်နိုင်သည့်အပြင် ဥပဒေပါ အချက်အချို့မှာ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းကို လမ်းဖွင့်ပေးရာရောက်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

ထို့ကြောင့်  အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှု မရှိလျှင် လက်မခံကြောင်းနှင့် ထိုဥပဒေအပေါ် အခြေခံပြီး ပြုလုပ်မည့် ရွေးကောက်ပွဲကိုလည်း တရားဝင်မဟုတ်ဟု သတ်မှတ်ကြောင်း ဆုံးဖြတ်ခဲ့သေးသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1770 guests online