မြန်မာ ဘိန်းဖြူနှင့် အရက် ဘင်္ဂလားတွင် ဖမ်းဆီး
ငြိမ်းချမ်း
|
တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၇ မိနစ်
ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောမှ ဝင်ရောက်လာသော ဘိန်းဖြူ၊ အရက်နှင့် ဘီယာများကို ဘင်္ဂလားဒေ့ခ်ျ မြို့နယ် ၃ မြို့နယ်အတွင်း ဘင်္ဂလား နယ်ခြားစောင့်တပ် BDR က ယခုလ ၂၁ ရက်နေ့တွင် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကာလတန်ဖိုး ကျပ် ၁၃၈ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဘင်္ဂလား-မြန်မာနယ်စပ်မြို့ တက္ကနာမှ မြို့တော်ဒါကာသို့ ခရီးသည်ပို့ဆောင်သော ရှက်မော်လီ ပို့ဆောင်ရေး ကုမ္ပဏီမှ ကားနံပါတ် (Dhaka. Meto,18/1693) ပေါ်မှ ဘိန်းဖြူ ၁.၁၅၀ ကီလိုဂရမ်ကိုမူ အမှတ် ၄၂ BDR က စစ်တကောင်းမြို့ အေကေခန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။
ဘိန်းဖြူများ ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ ကားမောင်းသမား မူဟာမက် အစ်စမိုင်း ဟိုဆင် (MD, Ismiel Hossion)၊ စပယ်ယာ အိုစမန် (Osman) နှင့် ဘူးလ်ဘူးလ် အဟာမက် (Bul Bul Ahrmet) ဆိုသူကို ဖမ်းဆီးထားကြောင်း ကော့စ်ဘာဇာနေ့စဉ်ထုတ် သတင်းစာ The Daily Himchari သတင်းတွင် ဆိုထားသည်။
ထို့ပြင် မောင်တောမှ နတ်မြစ်ကို ဖြတ်ကူးပြီး တက္ကနာသို့ ဆိုက်ကပ်လာသော လှေတစီးပေါ်မှ ရမ်အရက်ပုလင်း ၁၅၂ လုံး၊ ဘီယာ ၈၀ ဗူးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် ဦးကီယာမြို့နယ် ဘာလူခါလီကျေးရွာမှ မြန်မာရမ်ပုလင်း ၆၀ သိမ်းဆည်းရမိကြောင်း အမှတ် ၄၂ BDR မှ တပ်သား မူဟာမက် ရှာဖစ်းဒူ ဟောက် (MD, Shafidu Hquae) က မဇ္ဈိမကို ပြောသည်။
မောင်တောတွင် ရမ်တပုလင်းလျှင် ၁၉၀၀ ကျပ်၊ ဘီယာတဗူး ၁၃၀၀ ကျပ်၊ ဘိန်းဖြူ တစ်ကီလို ဂရမ်ကို ကျပ်ငွေ ၂၅ သိန်း ပေါက်ဈေး ရှိသည်။ ဘင်္ဂလားဒေ့ခ်ျတွင်မူ ရမ်တပုလင်း တာကာ ၃၀၀ မှ ၅၀၀ အကြား၊ ဘီယာတဗူး ၄၀၀ တာကာ၊ ဘိန်းဖြူ တစ်ကီလိုဂရမ် တာကာ ၇ သိန်းကျော် ပေါက်ဈေး ရှိနေသည်။
ထိုကြောင့် ယခု အဖမ်းအဆီးများမှာ ယခုလ ၂၁ ရက်နေ့ တရက်ထဲတွင်ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် တာကာငွေ ၉ သိန်း ၂ သောင်းကျော် (မြန်မာကျပ်ငွေ ၁၃၈ သိန်းကျော်) ခန့် တန်ဖိုးရှိသည်။
နှစ်နိုင်ငံနယ်စပ် ငွေကြေးလဲလှယ်နှုန်းမှာ ဘင်္ဂလား တစ်တာကာကို မြန်မာငွေ ၁၅ ကျပ် ဖြစ်သည်။