သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဆိုမာလီဓါးပြဘေးမှ လွတ်မြောက်လာသူ အနားယူ

ဆိုမာလီဓါးပြဘေးမှ လွတ်မြောက်လာသူ အနားယူ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။      ။ ဆိုမာလီ ဓါးပြများ၏ ၂ လခွဲကျော်ကြာ ဖမ်းဆီးခံရမှုမှ လွတ်မြောက်လာသူ မြန်မာ အင်ဂျင်နီယာသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် အနားယူနေရကြောင်း သိရသည်။

ယခင်နှစ် အောက်တိုဘာ ၁၅ ရက်နေ့က ၎င်းအလုပ်လုပ်နေသော PIL (Pacific International Line) စင်္ကာပူ ကုမ္ပဏီပိုင် ကုန်တင်သင်္ဘောနှင့်အတူ ဆိုမာလီ နိုင်ငံအနီးရှိ Aden ပင်လယ်ကွေ့ထဲတွင် ပြန်ပေးဆွဲ ခံရခြင်းဖြစ်ပြီး ယခင်လ ၂၈ ရက်နေ့က ပြန်လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

လွတ်မြောက်လာသည့် အင်ဂျင်နီယာ ဦးလှချစ်သည် ယခုလဆန်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာခဲ့ပြီး ၎င်း၏သင်္ဘောကုမ္ပဏီက အနားယူခွင့် ပေးထားခြင်းဖြစ်ကြောင်း သင်္ဘောသား အသိုင်းအဝိုင်းမှ သိရသည်။
_47003332_-2
PIL ကုမ္ပဏီကပိုင် MV Kota Wajar အမည်ရှိ ကုန်ပစ္စည်းတင် သင်္ဘောမှ ပြန်ပေးဆွဲခံခဲ့ရသည့် သင်္ဘော သား ၂၁ ဦးလုံးအား စိတ်ပိုင်းဆိုင်ရာ ပုံမှန် အနေအထားပြန်ရောက်မှ အလုပ်ပြန်ခန့်မည်ဟု သိရသည်။ 

“ဦးလှချစ်ကတော့ အခု ဒလက သူ့အိမ်မှာ အနားယူနေပါတယ်။ သူတို့ ၂၁ ယောက်လုံးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ လျော့ကျသွားအောင် သူတို့ကို အနားပေးထားတဲ့သဘောပါ။ ကိုယ့်ကို ဘယ်ချိန်များ ပစ်မလဲဆိုပြီး လူတိုင်းက ကြောက်ကြတာပဲ” ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင် Leader Marine Co. Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဌေးအောင်က မဇ္ဈိမကို ပြောသည်။  

အသက် ၄၀ နှစ်အရွယ် ဦးလှချစ်မှာ ဧရာဝတီတိုင်း မအူပင်ဇာတိဖြစ်ပြီး လက်ရှိမှာ ဒလမြို့တွင် နေထိုင်သူ ဖြစ်သည်။  

စင်္ကာပူ အစိုးရနှင့် PIL (Pacific International Line) ကုမ္ပဏီတို့ ပူးပေါင်း၍ ဆိုမာလီ ပြန်ပေးသမားများအား ညှိနှိုင်း အပေးအယူလုပ်ပြီး သင်္ဘောနှင့် သင်္ဘောသားများကို ယခုကဲ့သို့ ပြန်လည် လွတ်မြောက် လာစေခဲ့ခြင်း ဖြစ်သည်။

ပြန်ပေးသမားများက အမေရိကန် ဒေါ်လာ ၈ သန်း တောင်းဆိုထားကြောင်း အစောပိုင်းက သိရှိခဲ့ရသည်။ သို့သော် ဒေါ်လာ ၄ သန်းဖြင့် သဘောတူညီမှုရခဲ့ပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ယခင်လ ၂၉ ရက်နေ့ထုတ် ရိုက်တာ သတင်းတပုဒ်က ဆိုမာလီ ဓားပြတဦးအား ကိုးကား၍ ဖော်ပြခဲ့သည်။

ဦးလှချစ် အပါအဝင် ယင်းသင်္ဘောနှင့်အတူ ပြန်ပေးဆွဲခံခဲ့ရသည့် သင်္ဘောသားများအား ပြန်ပေးကာလအတွင်း ဆုံးရှုံးသွားသည့် ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းများအတွက် လျော်ကြေး၊ လစာနှင့်တကွ နစ်နာကြေးများကို PIL စင်္ကာပူရုံးချုပ်က အပြည့်ဝပေးခဲ့သည်ဟု ဆိုသော်လည်း ပမာဏအား ထုတ်ဖေါ် ပြောဆိုခွင့် မရှိကြောင်း ဦးဌေးအောင်က ပြောသည်။ 

ရန်ကုန်မြို့ရှိ PIL ရုံးခွဲကမူ ဦးလှချစ် ရန်ကုန်သို့ ပြန်ရောက်လာကြောင်း အတည်ပြု ပြောသော်လည်း ကာယကံရှင်နှင့် ပတ်သက်သည့် အခြားအကြောင်းအရာများကို ပြောပိုင်ခွင့် မရှိကြောင်းသာ ဖြေသည်။

၂၀၀၈ ခု စက်တင်ဘာလတွင်လည်း တောင်ကိုရီးယား ကုမ္ပဏီပိုင် MV. Bright Ruby သင်္ဘောကို ပြန်ပေးဆွဲရာတွင် မြန်မာသင်္ဘောသား ၁၄ ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း၌ ပြန်လည် လွတ်မြောက်လာခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1526 guests online