သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာများ လုပ်ငန်းခွင် ပြန်ဝင်

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာများ လုပ်ငန်းခွင် ပြန်ဝင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ အလုပ်သမား အခွင့်အရေးအတွက် ၉ ရက်ကြာ တောင်းဆိုဆန္ဒပြခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ် စက်ရုံတရုံရှိ မြန်မာအလုပ်သမ ၆၀၀ နီးပါး ကိစ္စတွင် မြန်မာသံအမတ်က ကြားဝင် ဖြေရှင်းပေးမှုဖြင့် ယမန်နေ့က လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။

Ar Ramtha မြို့ရှိ Century Miracle Ltd. ကုမ္ပဏီသို့ အစ္စရေးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမြင့်ဆွေ ရောက်ရှိလာပြီး ကုမ္ပဏီနှင့် အလုပ်သမများအကြား ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အခွင့်အရေးတချို့ ရရှိသဖြင့် မြန်မာအလုပ်သမများ အလုပ်သို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က မဇ္ဈိမကို ပြောဆိုခြင်း ဖြစ်သည်။

“အလုပ်သမားတွေဘက်ကနေ အစ္စရေးလ်ဆိုင်ရာ သံအမတ် ရောက်လာတယ်။ သူက မြန်မာအလုပ်သမားတွေနဲ့ ကျနော်တို့အကြား ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးတယ်။ အခု အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဆင်းနေပါပြီ။ ပျက်ရက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ အရေးမယူဘဲ ပုံမှန်လစာပေးဖို့ ဆုံဖြတ်ထားတယ်” ဟု ကုမ္ပဏီ ပြောခွင့်ရ မစ္စတာ Obeidat က ပြောသည်။

သူက ဆက်ပြီး “နိုင်ငံ၂ နိုင်ငံက အလုပ်သမားအချင်းချင်း ပြဿနာဖြစ်တယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘာမှ လုပ်ပေးစရာ မလိုဘူး။ နောက်တခါ ဒီလိုပြဿနာ ဖြစ်လာရင် ဂျော်ဒန် အလုပ်သမား ဥပဒေအရ အရေးယူ ဆောက်ရွက်သွားမယ်။ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ လေဘာ အေဂျင်စီက အရိုက်ခံရသူတွေကို လျော်ကြေးပေးတယ်။ ဘယ်လောက်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

ယခုလ ၅ ရက်နေ့တွင် မြန်မာ အလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားတဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသက် အာမခံကြေး အပါအဝင် လုပ်ငန်းခွင် လုံခြုံရေးအတွက် မြန်မာများက ယခုလ ၁၃ ရက်နေ့အထိ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ၊ ၁၄ ရက်နေ့တွင် ပြေလည်မှု ရရှိသဖြင့် အလုပ်ပြန်ဆင်းခြင်း ဖြစ်သည်။

Century Miracle Ltd. စက်ရုံ တာဝန်ရှိသူက လုပ်ငန်းခွင် လုံခြုံရေးအတွက် သဘောတူခဲ့သလို၊ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားမှုအတွင်း မြန်မာအမျိုးသမီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အားလုံးကိုလည်း လျော်ကြေး ပေးခဲ့သည်။ ဂျော်ဒန်တွင် မြန်မာသံရုံးမရှိသဖြင့် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်က လာရောက်ဖြေရှင်းခြင်း ဖြစ်သည်။

“ကျမတို့ တောင်းဆိုချက်တွေရလို့ အလုပ်ပြန်ဆင်းတာ ဖြစ်တယ်။ စက်ရုံ Seal တံဆိပ်ပါတဲ့ စာရွက်ပေါ်မှာ စက်ရုံလူကြီးတွေနဲ့ ကျမတို့ဘက်က လူကြီးတွေက ကျမတို့ ရှေ့မှာ လက်မှတ်ထိုးတဲ့ စာရွက်တွေ ပေးတယ်။ နောက်နောင် ဒီလိုကိစ္စမျိုး ဖြစ်လာလို့ရှိရင် ဂျော်ဒန် ဥပဒေအရ အရေးယူပေးမယ်ဆိုတဲ့ ကတိဝန်ခံချက် စာချုပ်ကို ကျမတို့ကို ပေးတယ်” ဟု အမည်မဖော်လိုသူ မြန်မာအလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒီစာချုပ်က စက်ရုံတခုထဲပဲ သက်ဆိုင်တာ မဟုတ်ဘဲ ဂျော်ဒန်နိုင်ငံအတွင်း နေရာအကုန်လုံးနဲ့ သက်ဆိုင်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက အာမခံ ပြောဆိုတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေအတွက်လည်း လျော်ကြေးပေးတယ်။ အဲဒီလျော်ကြေးကိုတော့ စည်းစိမ်သစ် ကုမ္ပဏီ (အလုပ်ရှာဖွေရေး လုပ်ကိုင်ပေးသည့် မြန်မာကုမ္ပဏီ) က ပေးတာ ဖြစ်တယ်။ ဘယ်လောက် ပေးတယ်ဆိုတာကိုတော့ မသိရဘူး။ စာအိတ်နဲ့ပိတ်ပြီး ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမ မအေးမြစန္ဒာနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားကို ကုမ္ပဏီအနေဖြင့် အပြစ်ပေး အရေးယူခြင်း မရှိကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံသို့ အလုပ်လုပ်ရန်အတွက် Century Miracle Ltd. ကုမ္ပဏီကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်၍ လူတွေစစ်ဆေးခြင်း၊ လက်တွေ့အားဖြင့် အထည်ချုပ်ခိုင်းခြင်းများ ပြုလုပ်ပြီး ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်ကာ၊ မြန်မာအလုပ်သမ တဦးလျှင် တလအတွက် လုပ်ခ ၁၁၅  ဒေါ်လာဖြင့် ၃ နှစ် သက်တမ်း စာချုပ်ချုပ်ဆိုရကြောင်း သိရသည်။

ဂျော်ဒန်တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာအမျိုးသမီးပေါင်း ၆၀၀ ကျော် ရှိနေကြောင်း မြန်မာအလုပ်သမများက ခန့်မှန်းပြောဆိုကြသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1518 guests online