စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ဆိုမာလီ ဓားပြလက်မှ မြန်မာ အင်ဂျင်နီယာ ပြန်လွတ်

ဆိုမာလီ ဓားပြလက်မှ မြန်မာ အင်ဂျင်နီယာ ပြန်လွတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)  ။     ။ ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသော မြန်မာနိုင်ငံသား အင်ဂျင်နီယာ တဦး ပါဝင်သည့် စင်္ကာပူ ကုမ္ပဏီ PIL (Pacific International Line) ပိုင် ကုန်တင် သင်္ဘော ပြန်လွတ်လာပြီ ဖြစ်သည်။

သီတင်းပတ် ၁၀ ပတ်ခန့် ပြန်ပေးဆွဲ ခံထားရပြီးနောက် PIL ပိုင် Kota Wajar အမည်ရှိ သင်္ဘောပြန် လွတ်လာပြီဟု ယင်းကုမ္ပဏီက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
_47003332_-2
PIL ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူ တဦးကမူ အဆိုပါ သင်္ဘော လွတ်လာပြီဖြစ်ကြောင်း အင်တာနက် စာမျက်နှာ များတွင်သာ ဖတ်ရသော်လည်း စင်္ကာပူ ရုံးချုပ်မှ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောသည်။

သင်္ဘောသား စုစုပေါင်း ၂၁ ဦးပါဝင်သည့် MV Kota Wajar အမည်ရှိ ကွန်တိန်နာ သင်္ဘောသည် စင်္ကာပူမှ ထွက်ခွာပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့၌ ဆိုမာလီ နိုင်ငံအနီးရှိ Aden ပင်လယ်ကွေ့ အရောက်တွင် ပြန်ပေးဆွဲ ခံခဲ့ရသည်။ သင်္ဘောသားများထဲတွင် မြန်မာ အင်ဂျင်နီယာ တဦးလည်း ပါဝင်ကြောင်း မဇ္ဈိမ က သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။

စင်္ကာပူ အစိုးရနှင့် PIL (Pacific International Line) ကုမ္ပဏီတို့ ပူးပေါင်း၍ ဆိုမာလီ ပြန်ပေးသမားများနှင့် ညှိနိုင်းကာ ယမန်နေ့က ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။ 

ပြန်ပေးသမားများက အမေရိကန် ဒေါ်လာ ၈ သန်း တောင်းဆိုထားကြောင်း အစောပိုင်းက သိရှိခဲ့ရသည်။

သို့သော် ဒေါ်လာ ၄ သန်းဖြင့် သဘောတူညီမှုရခဲ့ပြီး ယမန်နေ့ နှောင်းပိုင်းတွင် လွှတ်ပေးခဲ့ကြောင်း ယနေ့ထုတ် ရိုက်တာ သတင်းတပုဒ်က ဆိုမာလီ ဓားပြတဦးအား ကိုးကား၍ ဖော်ပြထားသည်။

ဖမ်းဆီးခြင်း ခံခဲ့ရသည့် နိုင်ငံခြားသား သင်္ဘောသားများအနက် မြန်မာနိုင်ငံသား အင်ဂျင်နီယာမှာ အသက် ၄၀ နှစ်အရွယ် ဦးလှချစ်ဖြစ်ကြောင်းနှင့် ဇာတိမှာ ဧရာဝတီတိုင်း မအူပင် ဖြစ်ကြောင်း PIL ရန်ကုန်ရုံးခွဲ တာဝန်ရှိသူက ပြောသည်။ 

“ဦးလှချစ်ကိစ္စနဲ့ ပါတ်သက်ပြီးတော့ ဟိုကရုံးချုပ်က အကုန်လုံး တာဝန်ယူထားပါတယ်။ လိုအပ်ရင်လည်း မိသားစုကို တိုက်ရိုက် ဆက်သွယ်ပေးတယ်။ သူ့မိသားစုကလည်း ရုံးချုပ်ကို တိုက်ရိုက်ဆက်သွယ်တယ်။ ဖုန်းနံပါတ်ကိုတော့ သူမိသားစုက မပေးနဲ့လို့ ပြောထားလို့ပါ” ဟု သူက မဇ္ဈိမကို ပြောသည်။ 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင်လည်း တောင်ကိုရီးယား ကုမ္ပဏီပိုင် MV. Bright Ruby သင်္ဘောကို ပြန်ပေးဆွဲရာတွင် မြန်မာသင်္ဘောသား ၁၄ ဦး ပါဝင်ခဲ့ပြီး နောက်ပိုင်း၌ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဆိုမားလီးယား သင်္ဘောလုပ်ငန်းကို စောင့်ကြည့် စစ်ဆေးသောအဖွဲ့ Ecoterra International ၏ ဖော်ပြချက်အရ အနည်းဆုံး နိုင်ငံခြား သင်္ဘော ၁၀ စင်းနှင့် သင်္ဘောသား ၂၂၈ ယောက်တို့အား ပင်လယ်ဓါးမြများက ပြန်ပေးဆွဲခံထားဆဲပင် ဖြစ်ကြောင်း သိရသည်။

Aden ပင်လယ်ကွေ့သည် အရှေ့အာဖရိကတိုက် ဆိုမာလီနိုင်ငံနှင့် ယီမင်နိုင်ငံအကြား တည်ရှိသည်။ ယင်းပင်လယ်ကွေ့မှတဆင့် အီဂျစ်နိုင်ငံ စူးအက်တူးမြောင်းကို ဖြတ်သန်း၍ ကမ္ဘာ့အနောက်နှင့် အရှေ့ ရေကြောင်း ကူးသန်းရောင်းဝယ်ရာ အဓိက လမ်းကြောင်းလည်း ဖြစ်သည်။

နှစ်စဉ် ပင်လယ်ကူး သင်္ဘော ၂ သောင်းကျော် ဖြတ်သန်းနေပြီး သင်္ဘောများကို ပြန်ပေးဆွဲရာမှ ဓားပြများ အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော်ရရှိကြောင်း အကဲခတ်များက ခန့်မှန်းကြသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1178 guests online