စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > ထိုင်း-မြန်မာနယ်စပ် Moei မြစ်တလျှောက် လုံခြုံရေး တပ်လှန့်ထား

ထိုင်း-မြန်မာနယ်စပ် Moei မြစ်တလျှောက် လုံခြုံရေး တပ်လှန့်ထား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒီကေဘီအေ လက်နက်ကိုင်တပ်ဖွဲ့နှင့် ထိုင်းစစ်တပ်တို့ မိနစ်အနည်းအငယ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် ထိုင်းလုံခြုံရေးအရာရှိများက နှစ်နိုင်ငံ နယ်စပ်ရှိ Moei မြစ်တလျှောက် တပ်လှန့်ထားလိုက်သည်။

ထိုင်းနယ်မြေကို ဖြတ်ကျော်ရန် ကြိုးစားနေသော ဒီကေဘီအေ ခေါ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်နှင့် ထိုင်းစစ်တပ်အကြား အပြန်အလှန် ပစ်ခတ်ကြရာမှ မြန်မာ-ထိုင်းနယ်စပ်တလျှောက် Moei မြစ်ကြောင်းတလျှောက် ယခုလို တပ်လှန့်လိုက်ခြင်းဖြစ်သည်။

ယခုလ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ မယ်ခူလွန်းကျေးရွာကို ဖြတ်ကျော်ရန် ကြိုးစားနေသော ဒီကေဘီအေနှင့် တပ်ခ်ဒေသ မဲဆောက်ခရိုင်မှ ထိုင်းစစ်တပ်အကြား ၁ဝ မိနစ်ခန့်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

တိုက်ပွဲဖြစ်ပြီးနောက် အခင်းဖြစ်ပွားရာသို့ ထိုင်းစစ်တပ်က သွားရောက်စစ်ဆေးခဲ့ရာ ဒီကေဘီအေ အဖွဲ့ဝင် အမျိုးသားတဦးနှင့် အမျိုးသမီးတဦး သေနတ်ဒဏ်ရာဖြင့် လဲနေသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အခြား နှစ်ဦးမှာမူ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။ ထိုင်းစစ်တပ်အရာရှိများက တိုက်ပွဲဖြစ်သည့်နေရာ၌ လက်နက်ခဲယမ်းများ တွေ့ရှိခဲ့ပြီး၊ ထွက်ပြေးသွားသော ဒီကေဘီအေ တပ်ဖွဲ့ဝင် နှစ်ဦးနောက်သို့  လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်ပွားပြီးနောက် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒီကေဘီအေ တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော လှေတစီးအား အပြင်းအထန် တိုက်ခိုက်ခဲ့ရာ ဒီကေဘီအေ ထိပ်တန်းအရာရှိဖြစ်သူ တပ်ရင်း အမှတ် ၇ ၏ တပ်ရင်းမှူး ဗိုလ်မှူးကြီးဆန်ပြုံး အပါအဝင် တပ်သား ၁၆ ဦး သေဆုံးခဲ့သည်။

ထိုင်းနိုင်ငံ ဒု-ရဲချုပ်ဖြစ်ပြီး၊ အမှတ် ၆ ဘုရင့်ရဲရုံးချုပ် ဆူရာဆရီ ဆန်တောန်ဆာရ်တွန်းသည် မယ်ဆောင်ဒေသရှိ အခင်းဖြစ်ရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒီကေဘီအေ တပ်ဖွဲ့၏ လှေ အပစ်ခံရသည့် ကိစ္စကို ဆက်လက်၍ စစ်ဆေးနေသည်။

ဗိုလ်မှူးကြီးဆန်ပြုံးသည် ယမန်နှစ်က မယ်ဆောင်ခရိုင်၌ လုပ်ကြံခံရသော ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာ၏ အမှုနှင့်ပတ်သက်နေသည်ဟု စွပ်စွဲခံရသူ ဖြစ်သည်။ အကယ်၍ ဆန်ပြုံးသည် တိုက်ပွဲ၌ ကျဆုံးခဲ့သည်မှန်ပါက ထိုင်းရဲအနေဖြင့် ထိုင်းမှုခင်းတရားရုံးမှ ထုတ်ပြန်ထားသော ဖမ်းဆီးမိန့်ကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်သည်။

သို့သော်လည်း လက်နက်ကိုင်အချို့ ထိုင်းနယ်မြေအတွင်း ဖြတ်ကျော်၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက သတင်းပေးပို့သဖြင့် ထိုင်းစစ်တပ်က တပ်လှန့်ထားလိုက်ခြင်းလည်း ဖြစ်သည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ ကရင်ပြည်နယ်၌ ဖြစ်ပွားနေသော အခြေအနေများကြောင့် ဒေသခံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို စိုးရိမ်မကင်းဖြစ်စေခဲ့သည်။ ထောင်ပေါင်းများစွာသော ကရင်ရွာသားများသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းနှင့် အများစုမှာ ဖျားနာပြီး၊ အာဟာရဓာတ် ချို့တဲ့ခြင်းများ ကြုံတွေ့နေခဲ့ကြသည်။

ငှက်ဖျားနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ခံစားနေကြသော တပ်ခ်ဒေသ တာဆောင်းရန် ခရိုင်၌ ခိုလှုံနေကြသည့် အသစ် ရောက်ရှိလာသော ကရင်ဒုက္ခသည်များအား အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် ဆေးဝါးအကူအညီ ထောက်ပံ့မှုများ ရှိနေသည်။

တိုက်ပွဲကြောင့် ထွက်ပြေးလာသော ကရင်ဒုက္ခသည်ပေါင်း ၃၀၀၀ ခန့်ရှိမည်ဟု ထိုင်းအစိုးရက ခန့်မှန်းသော်လည်း ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းဝန်ထမ်းများကမူ ခန့်မှန်းထားသည့် အရေအတွက် ပိုများမည်ဟု ဆိုကြသည်။

Moei မြစ်၌ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ကရင်ရွာသား ဦးရေမှာ ပိုမိုများပြားလာမည်ဟု ပြောဆိုကြသည်။