ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတွင် A (H1N1) တုပ်ကွေးရောဂါ ကူးစက်ခံထားရသူပေါင်း ၅၁၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၎င်းတို့ထဲမှာ ဦးရေ ထက်ဝက်ကျော်သည် ဘန်ကောက်အုပ်ချုပ်ရေး နယ်အတွင်း နေထိုင်ကြသူများဖြစ်ပြီး ၃၁၈ ဦး ဖြစ်ပြီး၊ နွန်သာဘူရီတွင် ၆၆ ဦး၊ ပထွန်ဌာနီ ၅၈ ဦး၊ ချွန်ဘူရီ ၂၉ ဦးနှင့် စမွတ်ပရာကန်တွင် ၂၁ ဦး ရှိကြောင်း ကပ်ရောဂါဘေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။
ရောဂါပိုး ကူးစက်ခံရသူများတွင် ကျောင်းသူ-သား ၇၉ ဦး ပါဝင်ပြီး ခရိုင် ၁၈ ခုရှိ ကျောင်းပေါင်း ၆၀ အား အကန့်အသတ်မရှိ ပိတ်ထားပြီးဖြစ်သည်။
ဖူးခက်၊ စမွတ်စခွန်၊ နခွန်ပထွန်၊ ချင်းမိုင်၊ ထရန်၊ ရွိုင်အိ၊ ရာချာဘူရီ၊ စဖန်ဘူရီ၊ နခွန်စဝန်၊ ဖီးစနလုတ်၊ လောပ်ဘူရီ၊ ဆွန်ခလာ၊ ဆာရာဘူရီ တို့တွင်လည်း ကူးစက်မှုများ ရှိနေသည်ဟု ဆိုသည်။
ထို့အပြင် တုပ်ကွေးလက္ခဏာများ တွေ့မြင်ရသူ လူနာ ၁၀၉၈ ဦးကိုလည်း ကျန်းမာရေးဝန်ထမ်းများက အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံထုတ် သတင်းများတွင် ဖော်ပြသည်။
သို့သော် ဒု-ကျန်းမာရေးဝန်ကြီး မနစ် နိုပ် အမွန်ဘိုဒီကမူ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် A (H1N1) တုပ်ကွေးကူးစက်နေမှုသည် လူအများ ယူဆနေသကဲ့သို့ ဆိုးရွားမှုမရှိသေးကြောင်း ပြောသည်။
တုပ်ကွေးပိုး မကူးစက်ရေး ကာကွယ်သည့်အနေဖြင့် မျက်နှာဖုံးများ တပ်ဆင်ရေး လှုံ့ဆော်ပညာပေးမှုတခုကို ကျန်းမာရေး ဝန်ကြီးဌာနက ယခုလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဒု-ကျန်းမာရေးဝန်ကြီးက ပြောသည်။
ဝန်ကြီးဌာနက မျက်နှာဖုံး အရေအတွက် ၁ သန်းကို နိုင်ငံတဝန်းရှိ ဆေးရုံများတွင် ဖြန့်ဝေသွားမည်ဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာ ပညာပေး စာအုပ်ငယ်များကိုလည်း ဘန်ကောက်ရှိ MBK ကုန်တိုက်များ၊ ဆယမ်စကွဲနှင့် လွတ်လပ်ရေး ကျောက်တိုင် နေရာများတွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
A (H1N1) တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကုသနိုင်ရန် မည်သည့်နိုင်ငံတွင်မျှ ဆေးမရှိသေးကြောင်းနှင့် ထိုင်းနိုင်ငံရှိ တုပ်ကွေးဆေးမှာလည်း ဖြစ်လေ့ဖြစ်ထရှိသော သာမန်တုပ်ကွေးပိုးကိုသာ ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ယခုအချိန်တွင် နိုင်ငံပေါင်း ၇၆ နိုင်ငံ၌ လူပေါင်း ၃၅၉၂၈ ဦး ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီ ဖြစ်သည်။






