အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သားများ အနေဖြင့် မြန်မာ့ ဒီမိုကရေစီရေးကို ပိုမိုသိရှိလာကာ အိန္ဒိယ အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားရန် မြန်မာ့အရေး ကြိုးပမ်းနေသည့် ကော်မတီ ၂ ခုက ပြည်နယ်သားများကို ယနေ့တွင် တိုက်တွန်းလိုက်သည်။
ယနေ့ နေ့လည်ပိုင်းက မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် Committee for Democracy Movement in Burma (CDMB) နှင့် မြန်မာပြည်သူများကို စာနာ ထောက်ထားသည့် မီဇိုလူမျိုး တသီးပုဂ္ဂလိကများ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များ၊ ပါမောက္ခများ အစရှိသည့် တတ်သိပညာရှင် ၂ဝ ခန့်ဖြင့် ဖွဲ့စည်းထားသည့် Mizoram Committee for Democracy in Burma (MCDB) တို့က ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
“မီဇိုးရမ် ဒေသကနေပြီးတော့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ပံ့ပိုးရမယ်ဆိုတာ သိတာ မကြာသေးဘူး။ ဆိုတော့ ကျနော်တို့ နှစ်ဖွဲ့ ပူးပေါင်းပြီး နောက်ပိုင်းဆို ဒေသတွင်း၊ နိုင်ငံတွင်းရော၊ နိုင်ငံတကာအထိ မြန်မာ့အရေးကို ဆက်လက် လုပ်ဆောင်သွားရအောင် ဆိုပြီး အသိပေး စည်းရုံးတဲ့ သဘောပါ” ဟု ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ အက်စ်တီ ဦးပါသဲ က မဇ္ဈိမကို ပြောသည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာပြည်တွင်းရှိ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများ၊ အကြမ်းဖက် နှိပ်ကွပ်မှုများနှင့် မြန်မာ အမျိုးသမီးထု လုံခြုံမှု ကင်းမဲ့သည့် အခြေအနေများကို အဓိကထား တင်ပြခဲ့ကြသည်ဟု သိရသည်။
“မြန်မာပြည်မှာ အမျိုးသမီးတွေ အဖမ်းခံနေရတယ်၊ မုဒိမ်း ကျင့်ခံနေရတယ်။ အဲဒီ မုဒိမ်းကျင့်နေတဲ့ စစ်တပ်ကို အိန္ဒိယ စစ်တပ်က စစ်လက်နက်တွေ ထောက်ပံ့နေတယ်၊ စစ်သင်တန်းတွေ ပေးနေတဲ့အတွက်ကြောင့် ကျမတို့တွေ အရမ်း ဝမ်းနည်းတယ်လို့ ပြောလိုက်တော့ သတင်းထောက်တွေက တော်တော်လေး အလေးထားကြတယ်။ အသိပေး လှုပ်ရှားမှု အပိုင်းက တော်တော်လေး ထိရောက်မယ်လို့ ထင်တယ်” ဟု အမျိုးသမီးများသမဂ္ဂ (ချင်းလဲန်း) မှ ချယ်ရီဇာဟောင်းက ပြောသည်။
အိန္ဒိယအစိုးရသည် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် ပတ်သက်ပါက အလေးအနက်ထား ဆွေးနွေးနေသယောင် ပြောဆိုနေသော်လည်း တဘက်တွင် စစ်လက်နက်များ ရောင်းချခြင်း၊ စစ်သင်တန်းပေးခြင်းများ ပြုလုပ်နေသဖြင့် CDMB က ဒေသအဖွဲ့အစည်းများ၊ နိုင်ငံတကာရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အိန္ဒိယ အစိုးရမှ မြန်မာ စစ်အစိုးရ အပေါ် ထားရှိသည့် မူဝါဒကို ပြောင်းလဲစေရေးအတွက် တိုက်းတွန်း နှိုးဆော်သွားမည်ဟု ပြောသည်။
“ရှေ့လုပ်ငန်းစဉ်တွေမှာတော့ UK campaign for Burma/ US campaign for Burma တို့၊ မီဒီယာ သမားတွေနဲ့ ဆက်သွယ်ပြီးတော့ အိန္ဒိယ အစိုးရကို နယ်စပ်မှာရှိတဲ့ မီဇိုရမ်မှာ မြန်မာပြည် ဒီမိုကရေစီ မရလို့ ဘာတွေ ခံစားရလဲဆိုတာ အလေးထား လုပ်ရင်းနဲ့ အိန္ဒိယ အစိုးရရဲ့ နှစ်ခွဖြစ်နေတဲ့ မူဝါဒကို သမာသမတ် ကျစေဖို့အတွက် ဆက်လက် ဖိအားပေးသွားဖို့ပေါ့နော်။ မီဇိုရမ် အစိုးရကရော၊ အစိုးရ မဟုတ်တဲ့ အန်ဂျီအိုတွေကရော၊ မီဒီယာ သမားတွေမှတဆင့် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားမှု အားလုံးမှာ ပံ့ပိုးပြီးတော့ နယ်စပ်ကနေပြီးတော့ အသံကျယ်ကျယ်နဲ့ ဆက်လက် အော်သွားမှာပါ” ဟု ဦးပါသဲက ပြောသည်။







