တနင်္လာ, ၂၁ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ဒေသန္တရသတင်း > မြန်မာတပ်သားတဦး လက်နက်နှင့်အတူ မီဇိုရမ်မှာ ဖမ်းမိ

မြန်မာတပ်သားတဦး လက်နက်နှင့်အတူ မီဇိုရမ်မှာ ဖမ်းမိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ။ ။ လက်နက်နှင့် ဝင်ရောက်လာသည့် မြန်မာတပ်သားတဦးကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လုံးလေမြို့နယ် အတွင်းရှိ ကျေးရွာတရွာ၌ ဒေသ အာဏာပိုင်များက ယခုလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်။

စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် ခလရ ၂၆၈ ၊ တပ်ခွဲ ၄ မှ အသက် ၁၉ နှစ်အရွယ် တပ်သား ကိုစောစော (ကိုယ်ပိုင်နံပါတ် - တ၊၃၂၁ဝ၄၃၊ အဘ - ဦးစောထူးကဲ) သည် မြန်မာပြည်ထုတ် MA 1 သေနတ်၊ ကျည်ဆံ ၁၂ဝ နှင့်အတူ မီဇိုရမ်ပြည်နယ် လုံးလေမြို့နယ် အတွင်းရှိ Bualpui ကျေးရွာ၌ ယခုလ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် လိုင်မီးလူငယ်များ အစည်းအရုံး (YLA) နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“မြန်မာစစ်အစိုးရရဲ့ လက်အောက်မှာ မနေချင်လို့၊ စစ်တပ်အတွင်းမှာလည်း မလုပ်ချင်ဘူး၊ စစ်တပ်ထဲကို မဝင်ချင်ဘဲနဲ့ အတင်းဖမ်းသွင်းလို့ ဝင်ခဲ့ရပေမယ့်၊ အချိန်အခါပေးလို့ ဒီဘက်ကို ထွက်ပြေးလာခဲ့တာ” ဟု ဒေသ အာဏာပိုင်များထံ လေ့လာ စုံစမ်းကြည့်သူ မြန်မာပြည်သား တဦးက မဇ္ဈိမကို ပြောသည်။ 

ကိုစောစောသည် ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ် နယ်စပ်ကျေးရွာ ဆိုးခွားတွင် တာဝန်ကျနေရာမှ မီဇိုရမ် ပိုင်နက်အတွင်းရှိ လုံးလေမြို့နယ် Bualpui ကျေးရွာသို့ ထွက်ပြေးလာရာ နောက်တရက် နံနက်ပိုင်းတွင် အဖမ်းခံရခြင်း ဖြစ်သည်။ 

လုံးလေ ရဲအရာရှိ S. Dawkumanga က “သူ့အမှုနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး စုံစမ်းနေတုန်းပါပဲ” ဟု ပြောသည်။

သူသည် ရန်ကုန်တိုင်း စမ်းချောင်း မြို့နယ်တွင် နေထိုင်သူဖြစ်ကာ နိုင်ငံခြားသား အက်ဥပဒေ၊ လက်နက် ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု ရဲသတင်းရပ်ကွက် တခုက ဆိုသည်။ 

ယခုအခါ သူ့ကို လုံးလေ အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး လာမည့် ၂၇ ရက်နေ့တွင် ရုံးထုတ်ရန် ရက်ချိန်း ပေးထားသည်။
 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1385 guests online